
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO) ပြဋ္ဌာန်းချက်နှင့် အကြံပြုချက်များကို လိုက်နာရန် ပျက်ကွက်ပြီး အဓမ္မလုပ်အားခိုင်းစေမှု၊ အဓမ္မစစ်သားစုဆောင်းမှု၊ ပေါ်တာဆွဲမှုနှင့် အလုပ်သမား အခွင့် အရေးချိုးဖောက်သည်ဆိုကာ စစ်ကောင်စီကို ILO ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၃၃ အရ ပိတ်ဆို့အရေးယူရန် နိုင်ငံတစ်ဝန်းဆန္ဒပြတောင်းဆိုမှုများအရှိန်မြင့်လာသည်။
အဆိုပါအရေးအတွက် ယခုနှစ်မတ်လဆန်းမှစတင်၍ ရန်ကုန်မြို့၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ကချင်ပြည်နယ် ဖားကန့်အပါဝင် နေရာအများအပြားတွင် ဆန္ဒပြတောင်းဆိုသည့်လှုပ်ရှားမှုများ လုပ်လာ ကြသည်။
စစ်ကောင်စီကို ILO ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၃၃ အရ မည်သို့မည်ပုံအရေးယူမည်ကို ယခုနှစ် မတ် ၁၀ မှ ၂၀ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ၊ ဂျနီဗာမြို့၌ပြုလုပ်သည့် ILO အုပ်ချုပ်ရေးအဖွဲ့အစည်းဝေး တွင် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုဆွေးနွေးအတည်ပြုခဲ့သည်။
ထိုမူကြမ်းကို လာမည့် ဇွန်လဆန်းတွင် ပြုလုပ်မည့် ILO အဖွဲ့ညီလာခံတွင် အဖွဲ့ဝင်ပေါင်း ၁၈၇ နိုင်ငံ၏ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေက မဲခွဲဆုံးဖြတ်အတည်ပြုမည်ဖြစ်သည်။
၂၀၀၀ ပြည့်နှစ်က မြန်မာစစ်အာဏာရှင်များကို ILO က အလားတူအရေးယူမှုပြုလုပ်ခဲ့ဖူးသည်။
ယခုလက်ရှိ စစ်ကောင်စီကို ILO ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၃၃ အရ အရေးယူမည့်အခြေအနေ၊ သက်ရောက်မှု များနှင့် ပတ်သက်၍ ILO အုပ်ချုပ်ရေးအဖွဲ့၏ အလုပ်သမားအုပ်စု (Workers’ Group) ၏ အဖွဲ့ဝင်တစ်ဦး အနေဖြင့် အစည်းအဝေး တက်ရောက်ဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မတ် ၁၀ ကနေ ၂၀ ရက်နေ့အထိ ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ ILO အုပ်ချုပ်ရေးအဖွဲ့အစည်းဝေးမှာ အလုပ်သမားအခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီကို ဘယ်လိုဘယ်ပုံ အရေးယူမယ်ဆိုတာကို ဆွေးနွေးဆုံးဖြတ်ကြတယ်လို့ သိရပါတယ်။ ဒီအခြေအနေကို သိချင်ပါတယ်။
ဖြေ ။ ။ ILO အမှုဆောင်ရဲ့ တာဝန်ဝတ္တရားက အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံမှာ ဆုံးဖြတ်မဲ့အရာတွေကို မူကြမ်းပြုစုပေးရတယ်။ စစ်တပ်ကို ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ဘယ်လို အရေးယူမယ်ဆိုတာကို မူကြမ်းပြင်ဆင်ပေးလိုက်တာဖြစ်တယ်။ အဲ့ဒီမူကြမ်းပြင်ဆင်ပေးဖို့သည်ပင်လျှင် အမှုဆောင်ထဲမှာပါဝင်တဲ့ ILO Governing Body ပေါ့နော်။ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ဖွဲ့ ကနေပြီးတော့ ညှိနှိုင်းဆွေးနွေးပြီးတော့ ဒီမူကြမ်းကို အတည်ပြုတာဖြစ်တယ်။
အဲ့ဒီမူကြမ်းမှာ ဘယ်လို ဆုံးဖြတ်ချက်တွေပါသလဲဆိုရင် ၂၀၀၀ ခုနှစ်က ရခဲ့သလိုမျိုး ပိတ်ဆို့အရေးယူမှု တွေပါတယ်။ သူတို့နဲ့ ဆက်ဆံထားတဲ့ ဆက်ဆံရေးတွေကို ပြန်လည်သုံးသပ်ပြီးတော့ သင့်တော်သလို အရေးယူဆောင်ရွက်မှုတွေ လုပ်ပါဆိုတဲ့ဟာမျိုးတွေ ပါတယ်။ ၂၀၀၀ ခုနှစ်ကထက် ပိုပြီးကောင်းတဲ့ အချက်အချို့ပါလာတာရှိတယ်။
အဲ့ဒါကဘာလဲဆိုရင် အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကို ILO ရဲ့အဖွဲ့ဝင်နိုင်ငံတွေက အကာကွယ်ပေးရေးကိစ္စတွေပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂရဲ့ IIMM လွတ်လပ်တဲ့ တိုင်ကြားရေး ယန္တရားတွေနဲ့အတူ တရားမျှတမှုအတွက် တာဝန်ခံမှုအတွက် ပူးပေါင်းဆောင်ရွက်သွားရမယ့် ကိစ္စရပ်တွေ ပါတယ်။ ဇွန်လ ၂ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကြီးကနေ မဲခွဲဆုံးဖြတ်ပြီး ဆုံးဖြတ်ကြမှာဖြစ်တယ်။
မေး။ ။ ILO ပုဒ်မ ၃၃ အရ အရေးယူတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ အနှစ်သာရက ဘာလဲ။
ဖြေ ။ ။ ILO Article ၃၃ အရ အရေးယူတာက ပိတ်ဆို့အရေးယူတာပါ။ သူ့ကို ဘဏ္ဍာငွေအရလည်း ပိတ်ဆို့တာ၊ စီးပွားရေးအရလည်းပိတ်ဆို့တာ၊ သံတမန်အရေးအရ Disengage သူတို့နဲ့ သံတမန် ဆက်ဆံရေးဖြတ်တောက်ဖို့ဖြစ်ပါတယ်။ အဲ့ဒါပဲ အဓိက ဖြစ်ပါတယ်။ ဆိုတော့ ဒီဆုံးဖြတ်ချက်ထဲမှာ လည်း အဖွဲ့ဝင်နိုင်ငံတွေအားလုံးက သူနဲ့ရှိထားတဲ့ဆက်ဆံရေးကို Review (သုံးသပ်) Appropriate Measure အရေးယူဆောင်ရွက်မှုလုပ်ပါလို့ ပြောထားတာဖြစ်တယ်။
ILO Article ၃၃ ကို အနှစ်ချုပ် ပြန်ပြောရင် ဆက်ဆံရေးကိုဖြတ်တောက်ဖို့၊ စီပွားရေးလမ်းကြောင်း ပိတ်ဆို့ဖို့၊ ဝင်ငွေရပေါက်ရလမ်းကို ပိတ်ဆို့ဖို့ဖြစ်ပါတယ်။
မေး ။ ။ ၂၀၀၀ ပြည့်နှစ်ကလည်း ဒီလိုမျိုးအရေးယူမှုကိစ္စတွေရှိခဲ့တယ်ဆိုတော့ အဲ့ဒီတုန်းက အခြေအနေကို တဆိတ်ပြန်ပြောပေးလို့ရမလား။
ဖြေ ။ ။ ၂၀၀၀ ခုနှစ်တုန်းကလည်း ဒီလိုပဲ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုလုပ်ခဲ့တယ်ပေါ့နော်။ ILO က လုပ်ခဲ့တဲ့အချိန်မှာ ၂၀၀၃ ခုနှစ်မှာတော့ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုမ္ပဏီတွေ ထွက်သွားကြတယ်ပေါ့။ ကျွန်မကိုယ်တိုင်က အဲ့ဒီတုန်းက အထည်ချုပ်အလုပ်သမားတစ်ဦးဖြစ်ခဲ့တယ်။ အလုပ်သမားအခွင့်အရေးတွေကို ချိုးဖောက်တဲ့အထည်ချုပ်စက်ရုံတွေ၊ ပိတ်သိမ်းခဲ့ရတဲ့ဟာမျိုးကို ကျွန်မကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရတယ်။ အဓိကကတော့ စစ်တပ်ရဲ့ ဝင်ငွေရပေါက်ရလမ်းကို ပိတ်ဆို့တာ ဖြစ်တယ်။ ထိုနည်းတူပဲ ဆုံးဖြတ်ချက်က အတူတူပါပဲ။ အရပ်သားအစိုးရ ပြန်လည်ရရှိရေး၊ ဒီမိုကရေစီဖော်ဆောင်ဖို့၊ အလုပ်သမားအခွင့်အရေးတွေပေးဖို့ပေါ့။
စစ်တပ်က ဘာလုပ်လဲဆိုရင် ILO ပြောတဲ့အချက်တွေကို သူလိုက်နာပါမယ်လို့ ပြောတယ်။ အမျိုးသားညီလာခံ ဆိုတာကို သူခေါ်တယ်။ ခေါ်ပြီးတော့ ၂၀၀၆ ခုနှစ်မှာ ဖွဲ့စည်းပုံစည်းမျဉ်း အခြေခံမူကြမ်းကို ရေးဆွဲတယ်။ ရေးဆွဲပြီးတော့ ဖွဲ့စည်းပုံနဲ့လုပ်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို လုပ်တယ်ပေါ့နော်။ လုပ်ပြီးတဲ့အခါမှာ Sanction လို့ ခေါ်တဲ့ ပိတ်ဆို့အရေးယူမှုကို ပြန်လည်လျှော့ချရေး အတွက် ပြန်လည်လွှတ်ပေးရေးအတွက် ကျွန်မတို့ အလုပ်သမားသမဂ္ဂတွေနဲ့ ဆွေးနွေးပါတယ်။ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ကို သူတို့ ဥပဒေနဲ့သတ်မှတ်ပြီးတော့ လုပ်ခွင့်ပေးပါမယ်။ အဓမ္မလုပ်အားခိုင်းစေမှုကို ပပျောက်အောင် ဆောင်ရွက်ပါမယ်။ ဒါကြောင့်မို့လို့ Sanction (ပိတ်ဆို့မှု)ကို မလုပ်ပါနဲ့ Sanction လွတ်အောင်လို့ လုပ်ပေးပါဆိုပြီးတော့ ILO ရဲ့ရှေ့မှောက်မှာ ကျွန်မတို့နဲ့ လာရောက် ဆွေးနွေးပြီးတော့ ကတိကဝတ်ယူတယ်။ ဒါမျိုးတွေကို သူတို့လုပ်ခဲ့ရပါတယ်။
၂၀၀၀ ခုနှစ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုတွေကို တစ်ဆင့်ချင်းစီ လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တခြားသော Factor တွေပေါ့။ ပြည်တွင်းမှာရှိတဲ့ အင်အားစုအသီးသီး အခြားသော ဖိအားမျိုးစုံရှိပါလိမ့်မယ်။ ဒါပေမယ့် ILO ယန္တရားအတွင်းမှာ သုံးခဲ့တဲ့ လက်နက်တစ်ခုပေါ့နော်။

မေး ။ ။ ၁၉ ရက်နေ့မှာ ဆွေးနွေးဆုံးဖြတ်ခဲ့တဲ့အချက်တွေကို ဇွန်လအတွင်းမှာ အတည်ပြုနိုင်မယ်ဆိုရင် ဘာဖြစ်မှာလဲ။
ဖြေ ။ ။ ပိတ်ဆို့အရေးယူခံရမှာပါ။ သူတို့က လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ပြီးတော့ စစ်သားစုဆောင်းတဲ့ ကိစ္စတွေ၊ အဓမ္မလုပ်အားခိုင်းစေတာတွေ၊ ပေါ်တာဆွဲတာတွေ၊ လူသားဒိုင်းအဖြစ်အသုံးပြုတာတွေ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဆက်နွယ်နေတဲ့ စီးပွားရေးမှန်သမျှ ဝင်ငွေရပေါက်ရလမ်းမှန်သမျှ အပိတ်ခံရမှာ ဖြစ်ပါတယ်။ ဒီလိုအရေးယူမှုကို ကျွန်မတို့က တောင်းဆိုနေတာဖြစ်တယ်။
အလုပ်သမားထုနဲ့ ပြည်သူလုထုက ဆုံးဖြတ်ရမှာပါ။ တစ်နိုင်လုံး စစ်ကျွန်ပြုခံနေရတာဖြစ်တယ်။ စစ်တပ် ကို မြန်မြန်နဲ့ ထိထိရောက်ရောက်နဲ့ ဖယ်ရှားပစ်ဖို့အတွက် အရေးယူမှရမယ်ဆိုပြီးတော့ အားလုံးပိတ်ဆို့ အရေးယူချင်တယ်ဆိုလည်း ယူဖို့ အလုပ်သမားထု၊ ပြည်သူလူထုက ဆုံးဖြတ်လို့ရတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ (စီးပွားရေးလုပ်ငန်းတွေ) သူတို့ အလုပ်သမားအခွင့်အရေးချိုးဖောက်ရင် လူ့အခွင့်အရေး ချိုးဖောက်ရင် ရပ်ရမှာပါ။ ဒီဆုံးဖြတ်ချက်ထွက်လာရင် ပြည်သူလူထုနဲ့ အလုပ်သမားထုက ဒီချိုးဖောက်မှု တွေကို ကြည့်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူတွေဖြစ်မှာပါ။ စက်ရုံတစ်ရုံချင်းစီအလိုက်သော်လည်းကောင်း စီးပွားရေး လုပ်ငန်းတစ်ခုချင်းစီအလိုက်သော်လည်းကောင်း ဒီလုပ်ငန်းကဏ္ဍက လုံးဝကို ပိတ်ဆို့အရေးယူမှ ရပါတော့မယ်လို့ ပြည်သူနဲ့ အလုပ်သမားထုကပြောရင် ပိတ်ဆို့ရမှာဖြစ်တယ်။ စက်ရုံတစ်ရုံချင်းစီအလိုက်လည်း ဖြစ်ပါလိမ့်မယ်။ အခွင့်ရေးချိုးဖောက်တဲ့သူ မှန်သမျှကို အသုံးပြုလို့ရတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။
မေး။ ။ ပြည်တွင်းမှာလည်း ILO ပုဒ်မ ၃၃ အရ အရေးယူဖို့ လှုပ်ရှားမှုတွေ အရှိန်မြင့်လာတာ တွေ့ရပါတယ်။ ဒီလိုဆုံးဖြတ်ချက် အတည်ပြုနိုင်မယ်ဆိုရင် စစ်ကောင်စီအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိမလဲ။
ဖြေ ။ ။ အာဏာရှင်ဆိုတာကတော့ အာဏာရဖို့ကြိုးစားတာပဲ။ လူထုကို ဖိနှိပ်ဖို့အတွက် အာဏာ တည်မြဲရေးကို ကြိုးစားတဲ့နေရာမှာ သူ…ငွေလိုပါတယ်။ ကျွန်မတို့က စစ်တိုက်စရာမလိုဘဲ စစ်တပ်ရဲ့ ဝင်ငွေရပေါက်ရလမ်းတွေကို ပိတ်ဆို့အရေးယူတာ၊ ဖြတ်တောက်တဲ့ကိစ္စဖြစ်ပါတယ်။ အဲ့ဒါကြောင့် ILO ရဲ့ ဆုံးဖြတ်ချက်က ဘယ်လောက်ထိ…တာသွားတယ်၊ ဘယ်လောက်အထိ..ထိတယ်ဆိုတာကို စစ်ကောင်စီက သိတယ်။
သိတဲ့အတွက် စစ်တပ်ဘက်က အလုပ်သမားဝန်ကြီးက မြေပြင်အထိ စက်ရုံ၊ အလုပ်ရုံတွေကို ကွင်းဆင်းပြီးတော့ ILO ရဲ့အရေးယူမခံရရေး အလုပ်သမားထုအနေနဲ့ ပါဝင်ပေးကြပါ…အလုပ်ရှင်တွေ အနေနဲ့ ပါဝင်ပေးကြပါဆိုပြီး ကွင်းဆင်းစည်းရုံးတာတွေလုပ်တယ်။ ကျွန်မတို့ရဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကို ပုဂ္ဂိုလ်ရေးအရလည်း သူတို့ရဲ့ နိုင်ငံပိုင်သတင်းစာမှာ တိုက်ခိုက်တယ်။ ကျွန်မတို့ အဖွဲ့အစည်း CTUM နာမည်ကို သုံးပြီးတော့ အတုယောင်အလုပ်သမားသမဂ္ဂတွေ သူ (စစ်ကောင်စီ) လုပ်ပြီးတော့ ILO ကို လိမ်ပြီးတော့ အစီရင်ခံစာတင်ပါတယ်။ သူတို့ သုံးပွင့်ဆိုင် ယန္တရားလုပ်နေပါတယ် ဆိုတော့ အတုယောင် အလုပ်သမားသမဂ္ဂတွေ၊ သူတို့ ကြိုးဆွဲလို့ရတဲ့ သမဂ္ဂတွေနဲ့ပေါ့။ အတုယောင်တွေ ဖန်တီးပြီးတော့ ILO ကို လိမ်ပါတယ်။ ဒါပေမယ့် ILO နဲ့ နိုင်ငံတကာအစိုးရတွေက သိပါတယ်။ သူတို့ လုပ်တဲ့လုပ်ရပ်တွေကို အသိအမှတ်လည်းမပြုပါဘူး။ Sanction ထိမဲ့အခါကြတော့ သူတို့က ဘယ်လို ကာကွယ်လဲဆိုတော့ ရုရှားတို့၊ ဘယ်လာရုစ်တို့ ပြေးကပ်ပြီးတော့ သူတို့ကြိုတင်ပြင်ဆင်ဖို့ ကြိုးစားတယ်ပေါ့နော်။
မေး ။ ။ ILO အရေးယူမှုတွေ အတည်ပြုတယ်ဆိုရင် ကုလသမဂ္ဂအေဂျင်စီတွေကနေ မြန်မာပြည်ကို နည်းပညာနဲ့ အကူညီတွေ မပေးတာ၊ နောက်တစ်ခုက ကျူးလွန်သူတွေကို နိုင်ငံတကာ တရားရုံးလို ဟာမျိုး မှာ တရားစီရင်တာ ဒီလိုအရေးယူနိုင်တယ်လို့ပြောကြပါတယ်။ စစ်ကောင်စီကို တရားရုံးမှာ အရေးယူဖို့ဆိုရင် ဒီဆုံးဖြတ်ချက်က ဘယ်လောက်အထိ အရေးကြီးတဲ့သဘောဆောင်လဲ။
ဖြေ ။ ။ ဒီဆုံးဖြတ်ချက်(မူကြမ်း)ထဲမှာ ပါပါတယ်။ IIMM ယန္တရားနဲ့အတူ ILO ညွှန်ချုပ်က ပူးပေါင်းပြီးတော့ အရေးယူနိုင်ရေးလုပ်ဆောင်သွားဖို့ ပါပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ILO ရဲ့ အဖွဲ့ဝင်နိုင်ငံတွေက ဒါကို အရေးယူသွားဖို့ ထည့်သွင်းထားတဲ့ အချက်ဖြစ်တယ်။ နောက်တစ်ခုကတော့ ကျွန်မတို့ဘက်က ILO ညွှန်ချုပ်ကို တင်ပြထားတာက မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားစေခိုင်းမှုတွေ၊ စစ်သားစုဆောင်းတဲ့ကိစ္စတွေက အရမ်းများလာတယ်။ ဒါကြောင့်မို့လို့ တိုင်ကြားရေးယန္တရားကို ထူထောင်ပြီးတော့ နစ်နာသူတွေအတွက် ပြန်လည်ကုစားပေးတဲ့ ယန္တရားထူထောင်ပေးဖို့ လိုအပ်တဲ့အကြောင်းကို တင်ပြထားပါတယ်။ ဒီဆုံးဖြတ်ချက်တွေရဲ့အောက်မှာ ဒီလုပ်ဆောင်မှုတွေ ပါမှာဖြစ်တယ်။
ကုလသမဂ္ဂအေဂျင်စီထဲမှာ ILO က စစ်တပ်ကို အရေးယူထားပြီးဖြစ်တယ်။ စပြီးတော့ အာဏာသိမ်း ကတည်းက နည်းပညာ၊ ငွေကြေး ကူညီပံ့ပိုးမှုရပ်ဆိုင်းထားပါတယ်။ ILO က ကျင်းပပြုလုပ်တဲ့ အစည်းဝေးတွေကို အကြမ်းဖက်စစ်တပ်ကို မဖိတ်ထားပါဘူး။ အဲ့ဒီအရေးယူမှုက လုပ်ထားတယ်။ အခုထိ လည်းလုပ်နေတုန်းပါပဲ။ အဲ့ဒီကနေ ထပ်တိုးပြီးတော့ အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေ ရပေါက်ရလမ်း၊ အလုပ်သမား၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ အကြမ်းဖက်မှုတွေကို လုပ်နေတဲ့ ဝင်ငွေမှန်သမျှကို ရပ်တန့်မဲ့၊ စီးပွားရေးမှန်သမျှကို ရပ်တန့်မဲ့ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။
မေး ။ ။ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေ ပိတ်မယ်ဆိုတော့ ဘယ်လိုပုံစံမျိုးပိတ်မှာလဲ။
ဖြေ ။ ။ အရင်တုန်းက ၂၀၀၀ ခုနှစ်က လုပ်ခဲ့တဲ့ ဟာတွေကတော့ အကုန်လုံး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု တွေက သူတို့ ပြန်သုံးသပ်ပြီးတော့ ထွက်သွားတာဖြစ်တယ်။ ဆိုတော့ ရင်းနှီးမြှုပ်နှံမှု မရှိတော့ဘူးပေါ့ နော်။ နောက်တစ်ခုက ဘဏ်လုပ်ငန်းတွေ။ အထူးသဖြင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍမှာ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ထွက်သွားတာပါ။ အခုဆိုရင်တော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကို နိုင်ငံတွေတော်တော်များများက အီးယူ၊ ကနေဒါ၊ ဆွစ်ဇာလန် Sanction ပိတ်ထားတယ်။ လူ့အခွင့်အရေးချိုးဖောက်တဲ့၊ အလုပ်သမားအခွင့်အရေးကိုချိုးဖောက်တဲ့ ဝင်ငွေစီးဆင်းမှု ဖြစ်နေတယ်ဆိုရင် အဲ့ဒီဝင်ငွေကို သူတို့ ပိတ်မှာပါ။ ဘဏ်ကို ပိတ်မှာဖြစ်ပါတယ်။
မေး ။ ။ စစ်ကောင်စီရဲ့ ဘယ်လိုမျိုး ချိုးဖောက်မှုတွေကြောင့် အခုလိုမျိုးအရေးယူဖို့ ဖြစ်လာတာလဲ။
ဖြေ ။ ။ ၂၀၂၁ အာဏာသိမ်းကတည်းက ILO က ညီလာခံ ဆုံးဖြတ်ချက်ရှိပြီးသားဖြစ်တယ်။ အဲ့ဒီထဲမှာ ဘာပါလဲဆိုတော့ အကြမ်းဖက်မှုတွေအားလုံးကို ရပ်တန့်ဖို့၊ ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းဖို့၊ အရပ်သားအစိုးရကို ပြန်လည်ထိန်းသိမ်းဖို့ဆိုတဲ့ဟာပါပါတယ်။ အဲ့ဒီအပြင် စုံစမ်းစစ်ဆေးရေးကော်မရှင် က ILO ရဲ့ ပြဋ္ဌာန်းချက်အမှတ်၊ မြန်မာနိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးထားတဲ့ ပြဋ္ဌာန်းချက်အမှတ် လွတ်လပ်စွာအသင်းပင်းဖွဲ့စည်းခွင့်၊ အဓမ္မလုပ်အားခိုင်းစေမှု ပြဋ္ဌာန်းချက်အမှတ်ပေါ်မှာ ဘာတွေ ချိုးဖောက်သလဲဆိုတာကို စုံစမ်းတာဖြစ်တယ်။
လွတ်လပ်စွာအသင်းပင်းဖွဲ့စည်းခွင့်လို့ ပြောရင် ရိုးရိုးတန်းတန်းပဲ အလုပ်သမား သမဂ္ဂဖွဲ့တာနဲ့တင် မဟုတ်ပါဘူး။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်၊ စည်းရုံးခွင့်တွေ ပါပါတယ်။ ပြည်သူလူထုက ဒီမိုကရေစီကျင့်သုံးပိုင်ခွင့်ရှိသလား။ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ရှိသလား။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသလား။ ဒါတွေအပေါ်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင်က စုံစမ်းတာဖြစ်တယ်။ အဲ့ဒီမှာ သက်သေထွက်ဆိုပေးကြတဲ့ သက်သေတွေအများကြီးရှိပါတယ်။ သပိတ်ကော်မတီအပါဝင် ဒီမိုကရေစီအင်အားစုတွေ၊ ပြီးတော့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ အားလုံးက စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ သူတို့ထွက်ဆိုပေးခဲ့တာပါ။ ပြီးတော့ အဓမ္မလုပ်အားစေခိုင်းခံရတဲ့သူ တွေ၊ စစ်တပ်အတွက် ပေါ်တာအဆွဲခံရတဲ့သူတွေ၊ လူသားဒိုင်းအဖြစ် အသုံးခံရတဲ့သူတွေပေါ့။ သူတို့အသက်အန္တရာယ်ကို စွန့်စားမှုယူပြီး သက်သေထွက်ဆိုပေးခဲ့တာဖြစ်တယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီအပေါ်မှာ လုံးဝကို ဆိုးရွားစွာချိုးဖောက်ခံနေရတယ်ဆိုပြီး တွေ့ရှိတယ်။ စစ်တပ်လုပ်ရမယ့် အချက် ၁၁ ချက်ကို ပေးလိုက်တယ်။ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကို ခြွင်းချက်မရှိ ပြန်လွတ်ပေးရေးဆိုတဲ့အပါဝင် အစရှိတဲ့ အချက် ၁၁ ချက်ကို ပေးလိုက်ပါတယ်။ အဲ့ဒါကို ၂၀၂၃ အောက်တိုဘာ ၁ ရက်နောက်မကျစေဘဲ အကောင်အထည်ဖော်ရမှာပါ။ အဲ့ဒီမှာ သူတို့အကောင်ထည်ဖော်ခြင်းလုံးဝမရှိဘူး။ မရှိတဲ့အချိန်မှာ အရေးယူဖို့လုပ်တဲ့အချိန်မှာ အစိုးရတွေက စဉ်းစားတဲ့အခါမှာ ပြည်သူလူထုနဲ့ အလုပ်သမားထုကို မနစ်နာဘဲ ဘယ်လိုအရေးယူလို့ရလဲဆိုတာကို စဉ်းစားတာပါ။ အဲ့လိုစဉ်းစားနေရင်းကနေ ကြာသွားပြီး အခုမှ အရေးယူဖို့ ဖြစ်လာတာပါ။

မေး ။ ။ စုံစမ်းစစ်ဆေးမှုလုပ်တဲ့အခါမှာ စစ်မှုထမ်းဥပဒေကြောင့် အဓမ္မစစ်သားစုဆောင်းခံရတဲ့အပေါ် စစ်ကောင်စီက ဘယ်လိုအခွင့်ရေးချိုးဖောက်မှုတွေရှိတယ်လို့ ILO ဘက်က သုံးသပ်တာရှိသလဲ။
ဖြေ ။ ။ ဆိုးရွားစွာချိုးဖောက်နေတယ်လို့ မှတ်ချက်ပေးထားပြီးသားပါ။ အဲ့ဒါတွေကို ချက်ချင်းရပ်ပါလို့ သူတို့ကို (စစ်ကောင်စီ) လည်းပြောထားပြီးသားပါ။ ချက်ချင်းရပ်ပါလို့ပြောတာနော်။ စစ်သားအဖြစ် စုဆောင်းတဲ့ကိစ္စတွေက ILO ရဲ့ Forced Labor Convention 29 ကို ချိုးဖောက်တာဖြစ်တယ်။ စစ်သား စုဆောင်းတဲ့ကိစ္စတွေ၊ စစ်မှုထမ်းခိုင်းတဲ့ကိစ္စတွေ၊ ပေါ်တာဆွဲတဲ့ကိစ္စတွေဖြစ်စေသော ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း၊ ဥပဒေ၊ နည်းဥပဒေတွေကို ဒါတွေကို ရပ်ပါ…အဲ့ဒီလုပ်ရပ်တွေကိုရပ်ပါလို့ ပြောထားတာ ဖြစ်ပါတယ်။ အချက် ၁၁ ချက်ထဲမှာ ရပ်ပါဆိုတာ တစ်ချက်အပါဝင်ဖြစ်တယ်။ အဲ့ဒါကို မရပ်လို့၊ ဆက်ပြီးတော့ ကျူးလွန်လို့ အရေးယူဖို့ဖြစ်လာတာပါ။
မေး ။။ ပြည်တွင်းမှာ ရပ်တည်ပြီးတော့ အလုပ်သမားအရေးလုပ်နေတဲ့အဖွဲ့တွေရှိတယ်။ ပြည်ပမှာ ရောက်နေတဲ့ အဖွဲ့တွေရှိတယ်။ နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ ပြည်ပအဖွဲ့တွေက တောင်းဆိုကြတာရှိပေမယ့် ပြည်တွင်းအဖွဲ့တွေကတော့ အလုပ်သမားတွေ ပိုထိခိုက်လာနိုင်တဲ့အတွက် ဒီလိုချမှတ်တာကို သဘောမတူတဲ့ အဖွဲ့တွေရှိတယ်။ အလုပ်သမားတွေ ပိုထိခိုက်နိုင်တယ်ပေါ့။ ILO ဆုံးဖြတ်ချက်က အလုပ်သမားထုကို ဘယ်လိုသက်ရောက်လဲ။
ဖြေ။ ။ စစ်ကျွန်ဘဝကျရောက်နေတာ။ သူတို့ပေးတဲ့လစာ၊ အလုပ်ရှင်တွေ ပေးတဲ့လစာ မဝလင်စာပေါ့ နော်။ ပြီးတော့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့အခါမှာလည်း ဘယ်သူ့ကိုမှလည်း တိုင်ကြားလို့မရဘူး။ ဆိုတော့ အဲ့လိုအခြေအနေမှာ ငါတို့ခဏအသက်ရှုဖို့အတွက် ဒီလုပ်ငန်းတွေက ဆက်ပြီးတော့ ရှိဖို့လိုတယ်။ သို့သော်လည်း ဒီဟာကို အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ လုပ်ငန်းတွေ၊ ဒါတွေနဲ့ ဆက်နွယ်နေတဲ့လုပ်ငန်းတွေကို ငါတို့ ဆုံးရှုံးနေသည်တိုင်အောင် ပိတ်ချမယ် သို့မဟုတ် မပိတ်ချဘူးဆိုတာကို ဒီထဲမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားထုနဲ့ ပြည်သူလူထု ကိုယ်တိုင်က ဆုံးဖြတ်လို့ရတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
အဲ့တော့ အလုပ်သမားသမဂ္ဂတွေ၊ Myanmar Labor Alliance အလုပ်သမားတပ်ပေါင်းစုနဲ့ တော်လှန်ရေးအင်အားစုတွေက အရင်တုန်းက ၂၀၂၅ အစည်းဝေးမတိုင်ခင်ကတော့ စိုးရိမ်ချက်တွေ ရှိခဲ့ကြတယ်။ အလုံးစုံပိတ်ဆို့ရေးကို ကန့်ကွက်ခဲ့ကြတဲ့ ပြည်သူလူထုနဲ့ အလုပ်သမားထုကိုယ်တိုင်က ဘာပြန်ပြောလာတာလဲဆိုရင် ဒီစစ်မှုထမ်းဥပဒေကြောင့် တစ်နိုင်ငံလုံးက စစ်ကျွန်ပြုခံနေရတာ။ တစ်ဦးချင်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်လည်းမရှိတော့ဘူး။ အခုဆိုရင် နည်းပညာအရ ထိန်းချုပ်တာတွေလည်းရှိတယ်။ တစ်ဦးချင်းရဲ့ သတင်းအချက်လက် ပုဂ္ဂိုလ်ရေးလုံခြုံမှုလည်း မရှိတော့ဘူး။ တစ်နိုင်ငံလုံး စစ်ထဲကို သွတ်သွင်းခံရတယ်။ စစ်ကျွန်ပြုခံရတယ်။ ဆိုတော့ အဲ့လို အခြေအနေအမှာ ဘာမှမထူးတော့ပါဘူး။ လုံးဝပိတ်ဆို့အရေးယူမှုသာ လုပ်ပါတော့လို့ ပြောလာပါတယ်။ ဒါကြောင့် လုံးဝပိတ်ဆို့မှ ရမယ်လို့ ဆုံးဖြတ်ရင် ဒီILO ဆုံးဖြတ်ချက်ကို အသုံးပြုပြီးတော့ လုပ်လို့ ရပါတယ်။
မေး။ ။ ဒီဆုံးဖြတ်ချက်မူကြမ်းကို ဇွန်လမှာ ILO က အတည်ပြုပြီးရင် ဘာတွေဆက်လုပ်ရမလဲ။
ဖြေ။ ။ စစ်တပ်ကို မြန်မြန်အရေးယူနိုင်ဖို့အတွက် တွန်းလုပ်ခဲ့ရတာဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်ကို အသက်ဝင်အောင်လုပ်ရမှာဖြစ်တယ်။ ဇွန်လ ၂ ရက်နေမှာလုပ်မဲ့ ILO ညီလာခံမှာ အဖွဲ့ဝင် ၁၈၇ နိုင်ငံရဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေက မဲခွဲဆုံးဖြတ်အတည်ပြုမှာဖြစ်တဲ့အတွက်ကြောင့် ဒီကာလကတည်းကနေပြီးတော့ အလုပ်သမားထုကနေပြီး ဒီဆုံးဖြတ်ချက်က ဘာလဲဆိုတာ လက်ဆင့်ကမ်းပြီး လုပ်ရမယ်။
အဲ့ဒီဆုံးဖြတ်ချက်နဲ့အတူ စက်ရုံတစ်ရုံချင်းစီအလိုက်သော် လည်းကောင်း လုပ်ငန်းကဏ္ဍအလုပ်သော် လည်းကောင်း တစ်နိုင်ငံလုံးအတိုင်းတာနဲ့သော်လည်းကောင်း ပိတ်ဆို့အရေးယူနိုင်အောင်လို့ စောင့်ကြည့်ပြီးတော့ “ ဘယ်ကုမ္ပဏီ၊ ဘယ်စက်ရုံက ဘာလုပ်နေတာလဲ။ ဒီစက်ရုံ၊ အလုပ်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်တယ်။ စစ်တပ် ဒီနေရာမှာ ဒီလိုအခွင့်အရေး ချိုးဖောက်နေတယ်” ဆိုပြီးတော့ (ILO)ဆုံးဖြတ်ချက်ကို အသုံးပြုပြီးတော့ အရေးယူပိတ်ဆို့ရေးကို ပိတ်ဆို့မဲ့အဖွဲ့ဝင်နိုင်ငံတွေ ကို သူတို့ပြောရမှာဖြစ်တယ်။ ဒါဆိုရင် အဖွဲ့ဝင်နိုင်ငံတွေက လုပ်ရမှာဖြစ်တယ်။ ဒီဆုံးဖြတ်ချက်ထဲမှာ ဘာပါလဲဆိုတော့ ILO ရဲ့ အဖွဲ့ဝင်တွေက သူတို့ကြားထဲမှာလည်း အရေးယူရာမှာ ချိတ်ဆက်မှု အားကောင်းအောင် လုပ်ဖို့အတွက်ပါတယ်။ မြန်မာစစ်တပ်ကိုတော့ အသိမှတ်မပြုထားပါဘူး။ ILO ရဲ့ အဖွဲ့ဝင်နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအားလုံးက ဒီစစ်တပ်ကို ပိုပြီးတော့ ထိရောက်စွာအရေးယူဖို့အတွက်ကို စုပေါင်းပြီးတော့ အကုန်လုံးလုပ်ဆောင်ကြမှာဖြစ်ပါတယ်။
