
စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃ အရ အရေးယူရန် ယခုနှစ်မတ်လဆန်းမှစတင်၍ ရန်ကုန်မြို့အပါဝင် နေရာအများအပြားတွင် ဆန္ဒပြ တောင်းဆိုသည့် သပိတ်လှုပ်ရှားမှုများအရှိန်မြင့်လာသည်။
ယခုနှစ် မတ်လ ၁၀ မှစ၍ ၂၁ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ILO အဖွဲ့၏ အုပ်ချုပ်ရေး ကော်မတီအစည်းအဝေးပြုလုပ်နေပြီး လာမည့် ဇွန်လတွင်ပြုလုပ်မည့် ILO ညီလာခံတွင် အလုပ်သမား အခွင့်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို လိုက်နာရန်ပျက်ကွက်သည့် မြန်မာစစ်ကောင်စီကို အရေးယူ ရန်ရှိနေချိန် ထိုတောင်းဆိုမှုများကျယ်ပြန့်လာခြင်းဖြစ်သည်။
လုံခြုံရေးတင်းကျပ်သည့် ရန်ကုန်မြို့တွင် ILO၏ ပြဋ္ဌာန်းချက်အပေါ် စစ်ကောင်စီက လိုက်နာမှုမရှိသည့် အတွက် အရေးယူရန် မတ် ၁၀ နှင့် ၁၁ ရက်တို့တွင် ပြုလုပ်ခဲ့ကြပြီး “ILO A33 MYANMAR 2025 “ စာသားပါအင်္ကျီကို ဝတ်ဆင်၍ ဆန္ဒပြခဲ့သလို“ ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025 “ စာသားပါရုပ်ပုံများအား ကိုင်ဆောင်၍ ဓာတ်ပုံကမ်ပိန်းဖြင့် လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။
အလားတူ မတ် ၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၌ လက်ပံတောင်းဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက “ ILO implement Article 33 On Myanmar Now 2025 ” ခေါင်းစဥ်ဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ရန်ကုန်မြို့နှင့် အခြားဒေသများတွင် အလုပ်သမားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများနှင့် သပိတ်အင် အားစုများ စုပေါင်းလှုပ်ရှားခြင်းဖြစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု ( AJAY) ဦးဆောင်သူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်သည့် အပြင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ စစ်မှုထမ်းခိုင်းခြင်း၊ ပေါ်တာဆွဲခြင်းများသည် ILO အဖွဲ့၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာရောက်ကြောင်း အထက်ပါအမျိုးသားက ဆိုသည်။
“ဒီကိစ္စတွေနဲ့ပတ်သက်လို့ ILO ဘက်က အရေးယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ချပြီးသား။ ဒါပေမယ့် ဘယ်လိုပုံစံအရေးယူမလဲဆိုတာကို မတ်လလယ်မှာ ဆွေးနွေးမှာဖြစ်တယ်။ အဲ့ဒီဆွေးနွေးပွဲအတွက်ကို ကြိုပြီးတော့မှ သပိတ်အဖွဲ့တွေ အင်အားစုတွေကနေပြီးတော့မှ စကစကို ထိထိရောက်ရောက်အရေးယူ ပေးဖို့အတွက်ကို မြေပြင်မှာ တောင်းဆိုလှုပ်ရှားတဲ့လှုပ်ရှားမှုတွေဆောင်ရွက်နေတာဖြစ်ပါတယ်”

ILO ၏ စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာတွင် ဒီမိုကရေစီနှင့် နိုင်ငံသားလွတ်လပ်ခွင့် ပြန်လည်ရရှိရေး၊ လွတ်လပ်စွာစုဝေးခွင့်၊ အသင်းအဖွဲ့တည်ထောင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပါဝင် အချက် ၁၁ ချက် အကြုံပြုသော်လည်း စစ်ကောင်စီက ယနေ့တိုင် လိုက်နာရန် ပျက်ကွက်နေသည်ဟု သပိတ်အင်အားစုများက ပြောကြသည်။
ထို့ကြောင့် အရေးယူရန်တောင်းဆိုသည့် သပိတ်လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ဆောင်ရွက်ကြောင်း ရန်ကုန်မြို့သပိတ်အင်အားစုတစ်ခုဖြစ်သည့် ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ ၏ ပြန်ကြားရေးတာဝန်ရှိသူ မသရဝဏ်က ပြောသည်။
“ရန်ကုန်အနေနဲ့ လှုပ်ရှားဖို့အင်မတန်ကြပ်တည်းပါတယ်။ ရန်ကုန်မြို့ပြက စစ်တပ်ရဲ့လုံး၀ ရာနှုန်းပြည့် ထိန်းသိမ်းခံနေရတာမို့ လုံခြုံရေးအန္တရာယ်ကြားထဲက လှုပ်ရှားမှုတွေ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ရန်ကုန်အပါအဝင်မြို့ကြီးများ၌ စစ်ကောင်စီက ပြင်းထန်စွာနှိပ်ကွပ်နေ၍ သပိတ်အင်အားစုများ၏ ဆန္ဒ ပြပွဲများ ကျဲပါးသွားသော်လည်း လှုပ်ရှားမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။
စစ်ကောင်စီသည် ILO ကို လိမ်လည်ရန်ကြိုးစားနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ်(CTUM)၏ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။
“အလုပ်သမားတွေကို ဖိအားပေးပြီး သူတို့ကြိုးကိုင်လို့ရတဲ့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့တယ်။ ပြီးတော့ အယောင်ဆောင် အလုပ်သမားသမဂ္ဂတွေနဲ့ အစိုးရ အလုပ်ရှင်အလုပ်သမားဆိုပြီးတော့ သုံးပွင့်ဆိုင် အယောင်ပြမယ်ပေါ့နော်။ ပြပြီးတော့ မချိုးဖောက်ပါဘူး။ သူတို့က ဘာတွေကောင်းနေပါတယ်။ ကောင်းအောင်လုပ်ပေးနေပါတယ်ဆိုပြီးတော့ လိမ်ဖို့ပြင်တယ်ပေါ့နော်။ ဒါပေမယ့် ရလဒ်အနေနဲ့ ဘာမှ ထွက်မလာဘူး”
စစ်ကောင်စီအနေဖြင့် အဖြစ်မှန်များကို ဖုံးကွယ်၍ မရနိုင်ဟု လက်ရှိ ဂျနီဗာမြို့တွင် ILO အဖွဲ့၏ အုပ်ချုပ်ရေးကော်မတီအစည်းဝေးတွင် တက်ရောက်နေသည့် ၎င်းက ဆိုသည်။
မြန်မာအရေးပတ်သက်၍ မတ် ၁၉ ရက်နေ့တွင် ဆုံးဖြတ်မည်ဖြစ်ပြီး ဇွန်တွင် ကျင်းပမည့် ILO ညီလာခံ တွင် စစ်ကောင်စီကို အရေးယူမည့်အချက်များကို အတည်ပြုရန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီဘက်ကမူ ILO ၏ ထောက်ပြအကြံပြုချက်များနှင့်ပတ်သက်၍ အမြဲပယ်ချလေ့ရှိသည်။
ILO ၏ အခြေခံပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမရှိပါက ကျုးလွန်သည့်နိုင်ငံကို စုံစမ်းစစ်ဆေးအဖွဲ့က သွားရောက်ပြီး လေ့လာသုံးသပ်ကာ အစီရင်ခံစာ ရေးသားမှတ်တမ်းတင်နိုင်သည်။ ထိုအစီရင်ခံစာတွင် ကျုးလွန်ကြောင်းထင်ရှားပါက သက်ဆိုင်ရာနိုင်ငံကို အရေးယူခြင်းဖြစ်သည်။
ထိုသို့အရေးယူရာတွင် ကျုးလွန်သူများကို နိုင်ငံတကာတရားရုံးတွင် ခုံရုံးတင်စစ်ဆေးခြင်းအရေးယူခြင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများထံမှ ထောက်ပံ့သော နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ၊ သံရေးတမန်ရေးရပ်တန့်ခြင်းတို့ပါဝင်သည်ဟု အလုပ်သမားအဖွဲ့များထံက သိရသည်။