
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများ၌ ခိုလှုံနေကြရသည့် ရိုဟင်ဂျာဒုက္ခသည်များသည် ရိုဟင်ဂျာလက်နက်ကိုင်များ၏ ပြန်ပေးဆွဲမှု၊ နှိပ်စက်မှုနှင့် သတ်ဖြတ်မှုများကို ရင်ဆိုင်နေကြရသည်ဟု လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ Fortify Rightsက မတ် ၁၈ တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
၂၀၂၁မှ ၂၀၁၄ အထိ ရိုဟင်ဂျာဒုက္ခသည် အနည်းဆုံး ၂၁၉ ဦးသတ်ဖြတ်ခံခဲ့ရပြီး ယင်းသတ်ဖြတ်မှုများတွင် လက်နက်ကိုင်တပ်များထဲတွင် ARSA (အာရကန် ရိုဟင်ဂျာ ကယ်တင် ရေးတပ်) နှင့် RSO (ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့) တို့ပါဝင်သည်ဟု Fortify Rights အဖွဲ့က အမည်တပ်စွပ်စွဲထားသည်။
ARSA အပါဝင် ရိုဟင်ဂျာ လက်နက်ကိုင်များသည် မြန်မာစစ်တပ်ကို တိုက်ခိုက်မည်ဟုလေသံပစ်၍ ရိုဟင်ဂျာဒုက္ခသည်တို့၏ ထောက်ခံမှုရယူကာ အင်အားကြီးထွားလာခဲ့သော်လည်း နောက်ပိုင်းတွင် စစ်တပ်လက်အောက်သစ္စာခံသွားကြောင်း အစီရင်ခံစာက ဆိုသည်။
ထိုသို့ပူးပေါင်းမှုမှာ “ရိုဟင်ဂျာအရပ်သားများအပေါ် ညှဉ်းပန်းအနိုင်ကျင့်မှုများ ပိုမိုကျူးလွန်လာနေသည့် ရက္ခိုင့်တပ်တော်”အား တန်ပြန်တိုက်ခိုက်ရန်ဟု ရေးသားထားသည်။ လက်ရှိတွင် ARSAခေါင်းဆောင် များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နာရာယင်ဂါမြို့မှာ ဖမ်းဆီးခံထားရပြီဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာများ၏ အခြေနေနှင့် ARSAအဖွဲ့ပေါ်ပေါက်လာမှု အခြေနေများအား အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးအား ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ခေါင်းဆောင်ဖမ်းဆီးခံ ရတဲ့အပေါ်မှာ ဘယ်လိုသုံးသပ်လိုပါသလဲ။
ဖြေ။ ။ ARSAအဖွဲ့က ၂၀၂၄ ခုနှစ်က ပေါ်ပေါက်လာတယ်။ အထူးသဖြင့် လွတ်မြောက်မှုနဲ့ တရားမျှတမှုငတ်မွတ်နေတဲ့ သန်းနဲ့ချီတဲ့လူတွေကို မျှော်လင့်ချက် မက်လုံးပေးပြီးတော့ စည်းရုံးတဲ့ သဘောနဲ့ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အဲဒီတုန်းကဆိုရင် စစ်တပ်နဲ့ ရဲအပြင် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်လုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေအများကြီးရှိတယ်။ ထောင်ချီတဲ့ တပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်ထားတဲ့နေရာဖြစ်တယ်။ ဒီလိုနေရာမျိုးမှာ လက်နက်ကိုင်တပ်ဖွဲ့ပေါ် ပေါက်လာဖို့ဆိုတာဟာ သွေးရိုးသားရိုးတော့မဟုတ်ဘူး။
ပြီးတော့ ARSAဆိုတဲ့အဖွဲ့ စပြီးပေါ်ပေါက်လာကတည်းက အရပ်သားပြည်သူအပေါ်မှာ ၂၀၁၇ မတိုင်ခင်ကတည်းက နေ့စဉ်နဲ့အမျှ ဘယ်သူကိုတော့ သတ်လိုက်ပြီ။ ဘယ်သူ့ကိုတော့ ဖြတ်လိုက်ပြီ စသဖြင့်ပေါ့ ကြားနေရတာ။ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍ ပျက်ပြားနေတဲ့အနေအထားဖြစ်တယ်။ အဲဒီလိုနယ်မြေကျဉ်းကျဉ်းလေးထဲမှာ လူသတ်မှုတွေနေ့စဉ်နဲ့အမျှဖြစ်နေတဲ့ဟာကို အပြစ်ပေးခြင်းမခံရပဲ လုပ်နိုင်တယ်ဆိုတာကလည်း ထပ်ပြီးမေးခွန်းမေးရမယ့်ဟာဖြစ်တယ်။ ၂၀၁၄-၁၅တုန်းကဆိုရင် ရိုဟင်ဂျာအိမ်မှာ ကြက်ဘယ်နှစ်ကောင်ရှိသလဲ။ နွားဘယ်နှစ်ကောင်ရှိသလိုဆိုတာ ဦးသိန်းစိန်အစိုးရဆီမှာ စာရင်းရှိတယ်။ ဒါလည်း ထပ်ဆင့်မေးရမယ့် မေးခွန်းဖြစ်တယ်။

၂၀၁၇ နောက်ပိုင်းမှာ သန်းချီတဲ့လူတွေ ဘင်္ဂလားဒေ့ရှ်ရောက်သွားတယ်။ စစ်တပ်ကလည်း ရိုဟင်ဂျာတွေအပေါ်မှာ ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်လာခဲ့တာ။ နိုင်ငံတကာတရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ်သတ်မှတ်တဲ့အနေအထားအထိ ဖြစ်သွားတယ်။ ဒါကတော့ စစ်တပ်ဘက်က ကျူးလွန်တာဖြစ်တယ်။
ARSAက အခွင့်အရေးမဖန်တီးဘူးဆိုရင် သန်းနဲ့ချီတဲ့သူတွေကို စစ်တပ်က မောင်းထုတ်ဖို့ တော်ရုံတန်ရုံ ဖြစ်နိုင်မှာမဟုတ်ဘူး။ နိုင်ငံအတွင်းက မောင်းထုတ်ခံရတယ်ဆိုတာက မိမိတို့ရဲ့ နယ်မြေကို ဆုံးရှုံးရခြင်း ဖြစ်တယ်။ နယ်မြေမရှိရင် နိုင်ငံရေးလုပ်လို့မရဘူး။
နိုင်ငံရေးလုပ်လို့မရရင် တန်းတူညီတူ တရားမျှတရေးလုပ်လို့မရဘူး။ မြန်မာ့နိုင်ငံရေးထဲမှာ ဝင်ပါလို့မရဘူး။ ဒီဟာတွေက စနစ်တကျ စစ်တပ်က ရည်ရွယ်ချက်ရှိရှိလုပ်လာခဲ့တာဖြစ်တယ်။ အဲဒါကို အကြောင်းဖန်ပြီးတော့ ARSAပေါ်လာတယ်။ ပြန်ပေးဆွဲမှုတွေ၊ သတ်ဖြတ်မှုတွေက ဒီနေ့အထိ နေ့စဉ်နဲ့အမျှ ကျူးလွန်ခဲ့တာဖြစ်တယ်။ အရပ်သားပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ရာဇဝတ်ကောင်ဆိုတာ ပြေးမလွတ်ဘူး။ အမိန့်ပေးစေခိုင်းသူ၊ ဆောင်ရွက်သူ အားလုံးက စစ်တပ်ပဲဖြစ်ဖြစ်၊ ARSAဖြစ်ဖြစ် ပြစ်မှုတွေအတွက် တာဝန်ခံမှုရှိကို ရှိရမယ်။

မေး။ ။ ARSA အဖွဲ့က ပေါ်ပေါက်လာတဲ့အကြောင်း ဦးအောင်ကျော်မိုး သိရသလောက် ပြန်ပြောပြလို့ရမလား။ ARSAရဲ့ ရည်မှန်းချက်က ဘာလဲ။
ဖြေ။ ။ သူ( ARSA)က ဘာသာရေးဆရာတွေကို ပစ်မှတ်ထားပြီးတော့ လူသစ်စုဆောင်းတယ်။ ဘာသာရေးအသွင်သဏ္ဍာန်ဆောင်တဲ့ တော်လှန်ရေးပုံစံမျိုး လုပ်ဖို့ကြိုးစားတယ်။ ရိုဟင်ဂျာတွေက ဘာသာရေးကိုင်ရှိုင်းတဲ့လူတွေ ဖြစ်တယ်။ ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံရေးနဲ့ ကင်းကွာနေတော့ ကျန်တဲ့လူမျိုးစုတွေ ဘယ်လိုနိုင်ငံရေးလုပ်နေလဲဆိုတာ လက်လှမ်းမမီဘူး။ အဲဒီတော့ အသုံးချရတာ လွယ်တယ်။
ဖက်ဒရယ်ကိစ္စတွေ နားလည်တာမဟုတ်ဘူး။ အဓိက ကိုယ်တွေ လိုချင်တာက လွတ်လပ်မှု။ လွတ်လွတ်လပ်လပ်သွားလာနိုင်မှု၊ ကုန်သွယ်ပိုင်ခွင့်၊ လွတ်လွတ်လပ်လပ်ကိုးကွယ်ပိုင်ခွင့် ဒီဟာတွေပဲ လိုချင်တာ။ အချိန်ကိုက်လာပြီး ဘာသာရေးနဲ့ နိုင်ငံရေးနဲ့ ရောချလာတော့ လူတွေကို လွယ်လွယ်ကူကူ စည်းရုံးနိုင်ခဲ့တာ။
ARSAက စပေါ်ပေါက်ကတည်းက သန္ဓေမမှန်တဲ့အဖွဲ့အစည်းဖြစ်တယ်လို့ မြင်တယ်။ မြန်မာနိုင်ငံရေးမှာ ဝင်ပြီးတော့ စစ်တပ်ကို တော်လှန်မယ်ဆိုရင် မြန်မာ့နိုင်ငံရေးအတွက် Ideology အခြေခံ လှုပ်ရှားမှုဖြစ်ဖို့လိုတယ်။ လူထုကို နိုင်ငံရေးလမ်းပြမြေပုံ၊ ဘယ်သွားချင်တာလဲဆိုတာ ချပြဖို့လိုတယ်။ ARSAက Ideology အခြေခံ လှုပ်ရှားတဲ့အဖွဲ့အစည်းမဟုတ်ဘူး။ လူထုရဲ့ ထောက်ခံမှုကိုလည်း မျှော်လင့်ချက်အမှားတွေပေးပြီး ရယူခဲ့တယ်။ ARSAက တခြားတော်လှန်ရေးအဖွဲ့အစည်းတွေလို နိုင်ငံရေးအရ မျှော်မှန်းချက်ကြီးမားပြီးတော့ အားကောင်းမောင်းသန်လှုပ်ရှားမှု လုပ်တဲ့အဖွဲ့အစည်းတော့မဟုတ်ဘူးလို့ ကျွန်တော်ကတော့ မြင်တယ်။ လက်ရှိ သူတို့(ARSA)အခြေအထားအထားက ခွေးပြေးဝက်ပြေးထွက်ပြေးနေရတဲ့အနေအထားမို့ အဖမ်းခံရတာ။ အဲဒီမတိုင်ခင်က ရခိုင်ပြည်နယ်တကျောမှာ လှုပ်ရှားနိုင်ခဲ့တာက စစ်တပ်က လွှတ်ပေးထားလို့ပဲ လှုပ်ရှားနိုင်ခဲ့တာလို့ မြင်တယ်။ ဘူးသီးတောင်၊ မောင်တောဆိုတာက နယ်မြေကျဉ်းကျဉ်းလေးဗျာ။ ဒီလိုအနေအထားမှာ လှုပ်ရှားနိုင်ခဲ့တာ တော်တော်လေးမေးခွန်းထုတ်စရာ ဖြစ်တယ်။ ကိုဖီအာနန်အစီရင်ခံစာ မနက်ထွက်လာမယ့်အချိန်မှာ ညမှာ ဝင်တိုက်တာတွေက သွေးရိုးသားရိုးဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီလိုဖြစ်စဉ်တွေက တစ်ခု၊ နှစ်ခုမဟုတ်ဘူး။ အမှန်တရားတွေ အားလုံးက အခု ဘင်္ဂလားဒေ့ရှ်လက်ထဲမှာရှိတယ်။ ဦးဆောင်သူတွေအားလုံးက စုံစမ်းစစ်ဆေးပြီး ထွက်လာတာတွေက အမှန်တရားနဲ့ ပိုနီးစပ်နိုင်တယ်လို့ မှတ်ယူရမှာပါ။
ဘင်္ဂလားဒေ့ရှ်အနေနဲ့ လည်းပဲ ဖမ်းတယ်ဆိုတာက ဒီအတိုင်းအကြောင်းမဲ့ သွားဖမ်းတာမဟုတ်ဘူး။ တရားဥပဒေရှုထောင့်ကနေ ခိုင်မာတဲ့၊ လုံလောက်တဲ့ အကြောင်းရင်းရှိတယ်ပေါ့။ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အရာရှိတဦး ပစ်သတ်ခံရတာတို့၊ နောက်ပြီးတော့ တခြားသောဒီအမှုတွဲပေါင်းမြောက်မြားစွာ ရှိတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ လုပ်ရပ်အပေါ် မှာ ယုံကြည်မှုရှိဖို့ အရေးကြီး တယ်။ ဘာ ကြောင့်လဲဆိုတဲ့အခါကျတော့ ရိုဟင်ဂျာတွေသည် လတ်တလော ဘင်္ဂလားဒေ့ရှ် ရဲ့ ပခုံးပေါ်မှာ ရှိ တယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်ကလည်း ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့ အများဆုံးပေးဆပ်နေရတဲ့နိုင်ငံဖြစ်တယ်။

မေး။ ။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ ရိုဟင်ဂျာတွေ ဘယ်လိုဖြတ်သန်းနေကြရ လဲဆိုတာ သိချင်ပါတယ်။ ပြီးတော့ အာဏာသိမ်းပြီးနောက်ပိုင်း AAကို ပြန်တိုက်နေတဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးမှာ ARSAရဲ့ အခန်းကဏ္ဍကို ဘယ်လိုနားလည်ပါလဲ။
ဖြေ။ ။ အရင်တုန်းက စစ်တပ်နဲ့ ARSAနဲ့ ချိတ်ဆက်မှုရှိခဲ့တယ်ဆိုတာ လူတွေက အထင်ပဲရှိခဲ့တာ။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာတော့ ပေါ်တင်ပေါင်းပြီး သူတို့လုပ်ရှားလာတာတွေ တွေ့ရပါတယ်။ ပေါင်းတဲ့နေရာမှာလည်း ရိုဟင်ဂျာတွေကို လူသားတံတိုင်းအနေနဲ့ အသုံးပြုနေတာတွေရှိတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေအားလုံးက အိုးမဲ့အိမ်မဲ့ပဲ။ စစ်ဘေးရှောင်တွေဖြစ်တယ်။ ရိုဟင်ဂျာ ၆ သိန်းလောက် (ရခိုင်ပြည်နယ်မှာ)ကျန်ခဲ့တယ်။ အဲဒီ၆ သိန်းထဲက ၁သိန်းခွဲလောက်က စစ်တွေ၊ ကျောက်ဖြူ၊ မြေပုံတို့က ဒုက္ခသည်စခန်းတွေမှာ ၂၀၁၂ ကတည်းက ရှိခဲ့တဲ့သူတွေဖြစ်တယ်။
၂၀၂၄ နောက်ပိုင်းမှာ ပုံစံတစ်မျိုးဖြစ်လာတယ်။ စစ်တပ်က ဖိအားပေးပြီးတော့ AAဆန့်ကျင်ရေးလှုပ်ရှားဆန္ဒပြခိုင်းတာတွေရှိတယ်။ စစ်သားစုဆောင်းတာတွေရှိတယ်။ ဒုက္ခသည်စခန်းက ကလေးတွေဆိုရင် ချော့တလှည့်၊ ခြောက်တလှည့်နဲ့ စစ်သားစုဆောင်းခံရတယ်။ တစ်ပတ်လောက်သင်တန်းတက်ပြီးတော့ ရှေ့တန်းမှာ ကျသွားတာ ရာနဲ့ချီရှိတယ်။
AAမလိုလားဘူးဆိုပြီး ဆန္ဒပြခဲ့တဲ့သူတွေက အရေးကြောင့် အသက်လုပြေးရတဲ့အခါမှာ ရန်ကုန်ကို သွားဖို့အတွက် သူတို့ပိုင်ဆိုင်မှုတွေအားလုံးယူပြီးတော့ ပုံစံလေး စစ်တပ်ဆီက ထုတ်ယူရတယ်။ ပုံစံက သိန်း ၄၀၊ ၅၀ လောက်ရှိတယ်။ အဲဒါကို သူတို့ ထောက်ခံပေးခဲ့တဲ့ စစ်တပ်ကို ပေးခဲ့ရတာ။ ရိုဟင်ဂျာ Crisis (အကျပ်အတည်း) တစ်ခုလုံးမှာ အစကနေ ဒီနေ့ဒီအချိန်ထိ မြန်မာစစ်တပ်က ဖန်တီးတာဖြစ်တယ်။
ဒီအရေးအတွက် စစ်တပ်သည် ဘယ်တော့မှ အဖြေမဟုတ်ဘူး။ နောင်လည်း စစ်တပ်က ရိုဟင်ဂျာအရေးကို ဖြေရှင်းတဲ့နေရာမှာ အဖြေဖြစ်မှာမဟုတ်ဘူး။

မေး။ ။ ARSAအဖွဲ့ခေါင်းဆောင်တွေ ဖမ်းဆီးခံရတာက စစ်တပ်က ရခိုင်မှာ စစ်ရှုံးလို့ ဖမ်းဆီးခံလိုက်ရတာလား။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအပြောင်းအလဲနဲ့ဆိုင်မလား။
ဖြေ။ ။ ဘင်္ဂလားဒေ့ရှ်ကသာ နွေးနွေးထွေးထွေးနဲ့ တံခါးဖွင့်မပေးဘူးဆိုရင် လူ ၇ သန်းက ဟိုဘက်မှာ ၇ နှစ်တိုင်တိုင်ရှင်သန်နေထိုင်ခွင့်ရှိမှာမဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့ စေတနာကျေးဇူးတရားကို အသိမှတ်ပြုဖို့လိုတယ်။ တစ်ဖက်မှာလည်း အရင်အစိုးရလက်ထက်က အကန့်အသတ်တွေတော့ရှိခဲ့တာပေ့ါ။
ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံတွင်းမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတိုးတက်မှုအခြေနေတွေကို လိုက်ပြီးတော့ ဟန်ချက်ညီအောင်မလုပ်ဆောင်နိုင်ခဲ့ဘူး။ တချို့ကိစ္စလေးတွေမှာ မြေပြင်နဲ့ကင်းကွာနေတာ။ ဥပမာ- သူတို့က နေရပ်ပြန်ပို့ဖို့လုပ်နေတဲ့အချိန်မှာ ရခိုင်ပြည်နယ်မှာ အုံနဲ့ကျင်းနဲ့ပြေးနေရတာ။ နေ့စဉ်နဲ့အမျှအသတ်ခံနေရတဲ့အချိန်မှာ ပြန်ပို့ဖို့ ကြိုးစားတာက ယုတ္တိရှိတဲ့ စဉ်းစားချက်မဟုတ်ဘူး။ ကျင့်ဝတ်သိက္ခာသီလပိုင်းကနေ ကြည့်မယ်ဆိုရင်လည်း လူမျိုးတုံးသတ်ဖြတ်ဘေးကနေ လွတ်မြောက်လာတဲ့သူတွေကို လူမျိုးတုံးသတ်ဖြတ်မှု ဆက်လက်ဖြစ်ပွားနေတဲ့နေရာကို ပြန်ပို့တာက သေတွင်းထဲ ပြန်ပို့တာနဲ့အတူတူပဲ။
လတ်တလော ယူနွတ်စ်ဦးဆောင်တဲ့ ကြားကာလအစိုးရ တက်လာချိန်မှာတော့ ပြောင်းလဲလာတယ်။ သူကိုယ်တိုင် ဒုက္ခသည်စခန်းကို သွားတယ်။ သူရဲ့ဝန်ကြီးအဆင့်ရှိတဲ့ပုဂ္ဂိုလ်ကို ရိုဟင်ဂျာဒုက္ခသည်အရေး ဦးစားပေးလုပ်ဆောင်ဖို့ ဆောင်ရွက်နေတာရှိတယ်။ ဒါတွေသည် ရိုဟင်ဂျာတွေအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ အဖြေရှာဖွေပေးချင်တဲ့စိတ်ရင်းစေတနာဖြစ်တယ်။
ဒီလိုအချိန်မှာ ARSAခေါင်းဆောင်တွေအဖမ်းခံရတာက သူတို့ပြေးစရာမြေမရှိလို့ အဖမ်းခံရတာဖြစ်တယ်။ နေစရာမြေရှိတယ်ဆိုရင် တောထဲမှာ သူအနေအထားနဲ့သူ လုံခြုံတယ်။ နယ်မြေစိုးမိုးမှုမရှိဘူး။ တပ်စခန်းတွေမရှိတော့ ဟိုဘက်မှာ တံငါသည်လို ဟန်ဆောင်ပြီးနေတဲ့အချိန်မှာ အဖမ်းခံရတာ။ တကယ်တမ်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးနဲ့ ဆက်နွယ်မှုမရှိဘူးလို့ ထင်တယ်။