သတင်း

စီးပွားရေး ပိတ်ဆို့မှုကို ကျော်လွှားနိုင်သည် ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော 

နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ပြီး ဖိအားပေးသော်လည်း အောင်မြင်ကြမည်မဟုတ်၊ ပိတ်ဆို့မှုများကို ကိုယ့်နည်း ကိုယ့်ဟန်နှင့် ကျော်လွှားနေသည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောသည်။

နိုင်ငံတကာ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့  အရေးယူမှုများကြောင့် အခက်အခဲအချို့ရှိသော်လည်း ထိုအခက်အခဲများကို ကျော်လွှားနိုင်သည်၊ ဒဏ်ခတ်ပိတ်ဆို့မှု ဖိအားများကြောင့် မြန်မာ့နိုင်ငံရေး အပေါ် သက်ရောက်မှု မရှိနိုင်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ယနေ့ (မတ် ၂၁) မွန်းလွဲပိုင်းတွင် ပြောသည်။

 နေပြည်တော်တွင် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Thank) အဖွဲ့က ဦးဆောင်ကျင်းပသည့် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲတွင် ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။ 

“စီးပွားရေး ပိတ်ဆို့ပြီးတော့ ကျွန်တော်တို့ကို ဖိအားပေးတာမျိုးကတော့ ဘယ်လိုမှ မအောင်မြင် နိုင်ဘူး။ အခုလည်း ကျွန်တော်တို့ အပေါ်မှာ ဆန်ရှင်လုပ်ထားတာ ကျွန်တော်တို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကျော်လွှားနေရတာပဲ” ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း နှင့် နီပေါ နိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များ စစ်ကောင်စီ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ထိုဆွေးနွေးပွဲတွင် စစ်ခေါင်းဆောင်က မြန်မာ့နိုင်ငံရေးကို ကမ္ဘ့ာအစီအစဉ်သစ် New World Order နှင့် အညီ ပြောင်းလဲရန်၊ AI ခေါ် ဉာဏ်ရည်တု နည်းပညာနှင့် အင်တာနက် လုံခြုံရေး နည်းပညာ၊ ပြည်တွင်းစွမ်းအင်နည်းပညာ အခက်အခဲများကို မြှင့်တင်ရန်လည်း ပြောဆိုခဲ့သည်။ 

 Justice For Myanmar  အဖွဲ့က နိုင်ငံတကာ၏ စီးပွားရေး ဒဏ်ခက်ပိတ်ဆို့ အရေးယူမှုများကြောင့် အာဏာသိမ်း စစ်အစိုးရနှင့် ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များကို အကျိုးသက်ရောက်မှုရှိစေသော်လည်း ဒဏ်ခတ် ပိတ်ဆို့မှုများ ထပ်မံ​တိုးချဲ့သင့်သည်ဟု   မှတ်ချက်ပြုသည်။

 “ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ လစ်ဟာမှုတွေက အများကြီးရှိနေသေးတယ်။ နိုင်ငံတကာ အစိုးရတွေ ညှိနှိုင်းပြီးတော့ စစ်အစိုးရကို လေယာဉ်ဆီ၊ စစ်လက်နက်၊ စက်ကရိယာတွေနဲ့ ရန်ပုံငွေ ထောက်ပံ့ပေးနေတဲ့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီ​တွေ အကုန်လုံးကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့ လိုနေသေးတယ်” ဟု ထိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

အာဏာသိမ်းစစ်တပ်နှင့် ဆက်နွယ်သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ဒဏ်ခတ် အရေးယူပိတ်ဆို့ရာတွင် ထိရောက်မှုရှိစေရေးအတွက် နိုင်ငံအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်သည်ဟု နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့များဖြစ်သော Global Witness နှင့် EarthRights International တို့က နိုင်ငံတကာကို အကြံပြုထားသည်။

Show More

Related Articles

Back to top button