
စစ်ကောင်စီနှင့် မဟာမိတ်ဖွဲ့ထားသည့် ARSA၊ RSO အပါအဝင် ရိုဟင်ဂျာလက်နက်ကိုင်များသည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများအတွင်း ရာနှင့်ချီသောသတ်ဖြတ်မှုများအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Fortify Rights က စွပ်စွဲလိုက်သည်။
၂၀၂၁ မှ ၂၀၂၄ အထိ လေးနှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည် အနည်းဆုံး ၂၁၉ ဦးသည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများအတွင်း သတ်ဖြတ်ခံခဲ့ရကြောင်း၊ ထိုသတ်ဖြတ်မှုများသည် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များ လက်ချက်ဟု ယူဆရကြောင်း Fortify Rights ကဆိုသည်။
ထိုအဖွဲ့များသည် ဒုက္ခသည်များကို ခြိမ်းခြောက်၊ပြန်ပေးဆွဲ၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြပြီး ပိုမိုအင်အားတောင့်တင်းလာနိုင်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူး လွန်နိုင်ကြောင်းလည်း သတိပေးထားသည်။
အမေရိကန်ပြည်ထောင်စုနှင့် ဆွစ်ဇာလန်တို့တွင် မှတ်ပုံတင်ထားသည့် Fortify Rights သည် မတ်လ ၁၈ ရက်နေ့ကထုတ်ပြန်သည့် ‘ကျွန်ုပ်အချိန်မရွေးအသတ်ခံရနိုင်တယ်’ အစီရင်ခံစာတွင် အထက်ပါ အဖြစ်အပျက်များကို ရေးသားခဲ့ခြင်းဖြစ်သည်။
ရိုဟင်ဂျာလက်နက်ကိုင်များက ဒုက္ခသည်များအပေါ် ကျူးလွန်သည့်ပြစ်မှုများအတွက် ကုလသမဂ္ဂ အရာရှိများ၊ ကူညီကယ်ဆယ်ရေး လုပ်သားများ၊ ရိုဟင်ဂျာဒုက္ခသည်နှင့် လက်နက်ကိုင်များအပါအဝင် လူပေါင်း ၁၁၆ ဦးကို မေးမြန်းပြီးနောက် အဆိုပါအစီရင်ခံစာရေးသားခဲ့ကြောင်းလည်း Fortify Rights ကဆိုသည်။
Fortify Rights ပြောတဲ့ ရိုဟင်ဂျာလက်နက်ကိုင်များ၏လုပ်ရပ်များ
ရိုဟင်ဂျာ လက်နက်ကိုင်များသည် မြန်မာစစ်တပ်ကို တိုက်ခိုက်မည်ဟုလေသံပစ်ပြီး စစ်တပ်ကြောင့် ဘင်္ဂလားဒေ့သို့ ထွက်ပြေးခဲ့ကြရသည့် ဒုက္ခသည်အရပ်သားများ၏ထောက်ခံမှုကို ယူခဲ့ပြီးနောက် ပိုမိုအင်အား တောင့်တင်းလာကြောင်း Fortify Rights ကဆိုသည်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် ကြီးစိုးပြီး အရပ်သားရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေသော ရိုဟင်ဂျာလက်နက်ကိုင်များထဲတွင် RSO (ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့) နှင့် ARSA (အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်) တို့ကို Fortify Rights အဖွဲ့က အမည်တပ်ကာ ပြစ်တင်ဝေဖန်ထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့သည့် အသက် ၂၃ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားတစ်ဦးကို ARSA က ပြန်ပေးဆွဲ ညှဉ်းပန်းနှိပ်စက်မှုကို “အထူးသဖြင့် ကြောက်မက်ဖွယ်ရာကောင်းသောဥပမာ” ဟု Fortify Rights အဖွဲ့ကရည်ညွှန်းကပြီး အစီရင်ခံစာထဲတွင် ထည့်သွင်းရေးသားခဲ့သည်။
“သူတို့က ကျွန်တော့ခြေထောက်ကို အရင်ဖြတ်တာ၊ ကျွန်တော့ခြေထောက်က အရိုးကို ဓားကြီးနဲ့ ဖြတ်နေတဲ့ အသံကိုတောင် ကျွန်တော်ကြားရတယ်” ဟု ထိုအမျိုးသား၏ ပြောစကားကို Fortify Rights ကကိုးကားခဲ့သည်။
Fortify Rights ၏အဆိုအရ ၎င်းတို့တွေ့ဆုံခဲ့သည့် အမည်မဖော်ပြထားသည့် ARSA အကြီးတန်းခေါင်းဆောင်က ၎င်းတို့တပ်များသည် ရိုဟင်ဂျာဒုက္ခသည်များအပေါ် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းနှင့် အခြား ညှဉ်းပန်းအနိုင်ကျင့်မှုများတွင် ပါဝင်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟုဆိုသည်။
ARSAအဖွဲ့သည် ဦးသိန်းစိန် အစိုးရလက်ထပ် ၂၀၁၄ တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပေါ်ပေါက်လာခြင်းဖြစ်ပြီး လူသစ်စုဆောင်းရမှာ ဘာသာရေးဆရာများကို ပစ်မှတ်ထား၍ စုဖွဲ့ခဲ့သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လူ့အခွင့်ရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက Myanmar Nowကို ပြောသည်။
“ဘာသာရေးဆရာတွေကို ပစ်မှတ်ထားပြီးတော့ လူသစ်စုဆောင်းတယ်။ ဘာသာရေးအသွင်း သဏ္ဍာန်ဆောင်တဲ့ တော်လှန်ရေးပုံစံမျိုးလုပ်ဖို့ကြိုးစားတယ်။ ရိုဟင်ဂျာတွေက ဘာသာရေးကိုင်း ရှိုင်းတယ်။ မြန်မာနိုင်ငံရေးနဲ့ ကင်းကွာနေတော့ ကျန်တဲ့လူမျိုးစုတွေ ဘယ်လိုနိုင်ငံရေး လုပ်နေလဲဆိုတာ လက်လှမ်းမမီဘူး။ အဲဒီတော့ အသုံးချရတာလွယ်တယ်”ဟု ဦးအောင်ကျော်မိုးက ပြောသည်။
“ရိုဟင်ဂျာတွေလိုချင်တာကကျတော့ လွတ်လပ်မှု။ လွတ်လွတ်လပ်လပ်သွားလာနိုင်မှု၊ ကုန်သွယ်ပိုင်ခွင့်၊ လွတ်လွတ်လပ်လပ်ကိုးကွယ်ပိုင်ခွင့် ဒီဟာတွေပဲ လိုချင်တာ။ အချိန်က ဘာသာရေးနဲ့ နိုင်ငံရေးနဲ့ ရောချလာတော့ လူတွေကိုလွယ်လွယ်ကူကူစည်းရုံးနိုင်ခဲ့တာ။”
သို့သော် ARSAအဖွဲ့သည် ရိုဟင်ဂျာများအပေါ် သတ်ဖြတ်မှုများကို ၂၀၁၇ ဝန်းကျင်မှစ၍ ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် စစ်တပ်၊ ရဲ၊ နယ်ခြားစောင့်တပ်စခန်း အများအပြားရှိနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ARSAအဖွဲ့ ပေါ်ပေါက်လာခြင်းအား သွေးရိုးသားရိုးမဟုတ်ကြောင်း ဦးကျော်မိုးထွန်းက သုံးသပ်သည်။
“အဲဒီလိုနယ်မြေကျဉ်းကျဉ်းလေးထဲမှာ လူသတ်မှုတွေနေ့စဉ်နဲ့အမျှဖြစ်နေတဲ့ဟာကို အပြစ်ပေးခြင်းမခံရပဲ လုပ်နိုင်တယ်ဆိုတာကလည်း ထပ်ပြီးမွေးခွန်းမေးရမယ့်ဟာဖြစ်တယ်။၂၀၁၄-၁၅တုန်းကဆိုရင် ရိုဟင်ဂျာ အိမ်မှာကြက်ဘယ်နှစ်ကောင်ရှိသလဲ။ နွားဘယ်နှစ်ကောင်ရှိသလိုဆိုတာ ဦးသိန်းစိန်အစိုးရဆီမှာ စာရင်းရှိတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီနှင့်မဟာမိတ်ဖွဲ့ခဲ့သည့် ရိုဟင်ဂျာလက်နက်ကိုင်များ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လှုပ်ရှားနေသော ရိုဟင်ဂျာ လက်နက်ကိုင်များသည် မြန်မာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများတွင်လည်း ပါဝင်ပတ်သက်နေပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒုက္ခသည်များအား ပြန်ပေးဆွဲပြီး မြန်မာပြည်တွင်အတင်းအကျပ် စစ်တိုက်ခိုင်းကြောင်းလည်း Fortify Rights အစီရင်ခံစာကဆိုသည်။
Fortify Rights ၏အဆိုအရ ရိုဟင်ဂျာလက်နက်ကိုင်များသည် အာရက္ခတပ်တော် (AA) ကို တန်ပြန်တိုက်ခိုက်ရန်အတွက် စစ်ကောင်စီနှင့်မဟာမိတ်ဖွဲ့ခဲ့ကြသည်ဟုဆိုသည်။


မြန်မာစစ်တပ်သည် ရိုဟင်ဂျာဆိုသည့်အမည်ကို လက်မခံဘဲ ဘင်္ဂါလီဟုသာသတ်မှတ်ပြီး ရိုဟင်ဂျာများကို ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ မြန်မာစစ်တပ်နှင့် ရိုဟင်ဂျာလက်နက်ကိုင်များ၊ အထူးသဖြင့် ARSA တို့အကြား ရှုပ်ထွေးပြီး တင်းမာသည့် ဆက်ဆံရေးရှိခဲ့သည်။
Harakah al-Yaqin မှ အမည်ပြောင်းထားသည့် ARSA (အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်)သည် ၂၀၁၇ သြဂုတ် ၂၅ တွင် ရခိုင်ပြည်နယ်ထဲမှ မြန်မာနယ်ခြားစောင့်ကင်းစခန်း ၃၀ ခန့်ကိုတပြိုက်နက် တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာအစိုးရက ထိုအဖွဲ့ကို အကြမ်းဖက်အဖွဲ့စာရင်းသွင်းခဲ့သည်။
ARSA ကိုစစ်တပ်က တန်ပြန်စစ်ဆင်ရေးဆင်နွှဲခဲ့ရာ ရိုဟင်ဂျာ ၇သိန်းခန့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရသည်။
သို့သော် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ARSA အပါအဝင် ရိုဟင်ဂျာလက်နက်ကိုင်များသည် စစ်တပ်နှင့်မဟာမိတ်ဖွဲ့ခဲ့ကြသည်ဟု Fortify Rights နှင့် အာရက္ခတပ်တော် (AA) တို့က စွပ်စွဲထားသည်။

ရိုဟင်ဂျာလက်နက်ကိုင်များသည် စစ်တပ်နှင့်မဟာမိတ်ဖွဲ့ခြင်းမှာ AA ကိုတန်ပြန်တိုက်ခိုက်ရန်ဟု Fortify Rights အစီရင်ခံစာကဆိုသည်။
ထိုအစီရင်ခံစာတွင် အာရက္ခတပ်တော် AA ကို “ရိုဟင်ဂျာအရပ်သားများအပေါ် ကျူးလွန်မှုများကို ဆထက်တပိုး တိုးကာ ပြုလုပ်ရာတွင် ပါဝင်သည့် ရက္ခိုင့်တပ်တော်” “ရိုဟင်ဂျာအရပ်သားများအပေါ် ညှဉ်းပန်းအနိုင်ကျင့်မှုများ ပိုမိုကျူးလွန်လာနေသည့် ရက္ခိုင့်တပ်တော်” စသဖြင့်ရည်ညွှန်းထားသည်။
ထိုစွပ်စွဲချက်ကို AA ပြောခွင့်ရအရာရှိ ခိုင်သုခက ငြင်းဆိုပြီး ၎င်းတို့အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ သည် ဗမာစစ်အစိုးရ အုပ်ချုပ်သူအဆက်ဆက် ဘယ်သူမှမလုပ်ဆောင်နိုင်သည့် မတူညီသည့် လူမျိုးဘာသာများအကြား သဟဇာတဖြစ်မှုအခြေခံအဆင့်များကို တည်ဆောက်ထားနိုင်ပြီဟုဆိုသည်။
ရိုဟင်ဂျာများအပေါ် AA ကလူ့အခွင့်အရေးချိုးဖောက်သည်ဆိုသည့် စွပ်စွဲမှုများသည် “လူ့အခွင့်အရေးအရေခြုံအဖွဲ့အစည်းတချို့” ၏ အကောင်းမြင်ဝါဒမရှိဘဲ ပြောဆိုမှုများဖြစ်ပြီး ၎င်းတို့ကိုတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ခိုင်သုခကဆိုသည်။
“ဒါဟာ သဟဇာတဖြစ်နေတဲ့လူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။