စီးပွားရေးသတင်း

မောင်ဝိတ်အိမ်ရာစီမံကိန်းအတွက် မြေယာများစွန့်လွှတ်ရန် မန္တလေးမှဒေသခံများ ထွေအုပ်ဖိအားပေး ခံရ

စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ် လုပ်ကိုင်ခွင့်ရသည့် မန္တလေးမြို့အနီး အမရပူမြို့ပြစီမံကိန်းအတွက် မြေယာများစွန့်လွှတ်ရန် စစ်ကောင်စီခန့်အုပ်ချုပ်ရေးအရာရှိများ၏ ဖိအားပေးမှုများကို ခံနေရကြောင်း ဒေသခံများကဆိုသည်။

စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ် လုပ်ကိုင်ခွင့်ရသည့် မန္တလေးမြို့အနီး အမရပူမြို့ပြစီမံကိန်းအတွက် မြေယာများစွန့်လွှတ်ရန် စစ်ကောင်စီခန့်အုပ်ချုပ်ရေးအရာရှိများ၏ ဖိအားပေးမှုများကို ခံနေရကြောင်း ဒေသခံများကဆိုသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးအရာရှိများပါဝင်သည့် စီမံကိန်းအထောက်အကူပြုကော်မတီက မြေယာပိုင် တောင်သူများအား မတ်လနောက်ဆုံးထားပြီး ၎င်းတို့သတ်မှတ်သည့် ငွေကြေးနှင့်မြေယာကိုလဲလှယ်ရန် (သို့မဟုတ်) စီမံကိန်းမှ ထွက်လာမည့် မြို့မြေကွက်ကိုယူရန် ဖိအားပေးနေသည်ဟု ဒေသခံတို့ကဆိုသည်။

အာဏာမသိမ်းမီက လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ရှိသည့် မြေတစ်ဧကလျှင် သိန်း ၂,၂၀၀ (ထိုစဉ်ကာလပေါက်စျေး အမေရိကန်ဒေါ်လာ ၁သိန်၆သောင်းခန့်) အထိ ဈေးပေါက်ခဲ့သော်လည်း ကျပ်ငွေတန်ဖိုး အကြီးအကျယ်ကျဆင်းနေသည့် ယခုချိန်တွင် သိန်း ၁,၅၀၀ (ယခုကာလပေါက်စျေး အမေရိကန်ဒေါ်လာ ၃သောင်း၅ထောင်) သာပေးကြောင်း ၎င်းတို့ကဆိုသည်။

ငွေမယူပါက စီမံကိန်းမှ ထွက်လာမည့် မြို့မြေကွက်ကိုယူနိုင်သည်ဟု ဆိုသော်လည်း မြေနေရာနှင့် အကျယ်အဝန်း အတိအကျကို မသိရသေးပေ။ 

“အခုကတော့ ရောင်းချင်ရောင်း မရောင်းရင် ပုံစံ ၇ စာအုပ်တွေကို ဖျက်သိမ်းမှာပေါ့။ လောလောဆယ်တော့ ဘာမှမလုပ်ဘူး။ အဓိကက ဒီနိုင်ငံရေးကောင်းလို့ အသစ်ပြန်လုပ်လာရင် သူတို့တွေ ရောင်းထားတာမဟုတ်တဲ့အတွက် ဒါတွေက ရှင်းကိုရှင်းရမယ်။ အဲ့ဒါ မျှော်လင့်တာပဲ” ၎င်းက ဆိုသည်။ 

အမရပူရမြို့နယ် မန္တလေးမြို့ပတ်လမ်း အရှေ့ဘက်၊ အနောက်ဘက်နှင့် ဧရာဝတီမြစ်ကြား မြေဧကပေါင်း ၂,၅၀၀ ပေါ် အကောင်အထည်ဖော်မည့် ထိုစီမံကိန်းအတွက် မောင်ဝိတ်၏ Mandalay Business Capital City Development Ltd က ကျပ်ဘီလျံ ၁,၃၀၀ ကျော် ရင်းနှီးမြှုပ်နှံတည်ဆောက်မည်ဖြစ်သည်။

အမရပူမြို့ပြစီမံကိန်း (ဓာတ်ပုံ – Amarapura Urban Development Project)

ထိုစီမံကိန်းဧရိယာထဲပါဝင်သော်လည်း ပေါက်ဈေးမရခြင်း၊ စီမံကိန်းမြေဖြင့်မလဲလှယ်လိုခြင်းတို့ကြောင့် ရောင်းချရန်ကျန်ရှိသည့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ရှိသည့် တောင်သူပိုင်ကိုင်းမြေများကို ယခုနှစ် ဧပြီလကုန်တွင် လုပ်ပိုင်ခွင့်ဖျက်သိမ်းမည်ဖြစ်ကြောင်း စီမံကိန်းအထောက်အကူပြုကော်မတီက မြေပိုင်ရှင်များကို မတ် ၁၆ ရက်တွင် စာပေးပို့အကြောင်းကြားခဲ့သည်။

ထိုစီမံကိန်းတွင် လဲလှယ်ရောင်းချရန်ကျသည့် တောင်သူပိုင်မြေ ဧက ၈၀၀ အနက် မြေခွန်ပြေစာရှိ မြေများကို လုပ်ပိုင်ခွင့်ရုပ်သိမ်းပြီးဖြစ်ပြီး ပုံစံ(၇) ရှိသည့်မြေများသာ ကျန်တော့သည်ဟု ထိုအကြောင်းကြားစာတွင် ဖော်ပြသည်။

တောင်သူများ မရောင်းရသေးသည့် စိုက်ပျိုးမြေများ၊ စီမံကိန်းအနီး ရှမ်းကလေးကျွန်းရွာ သင်္ဂြိုင်းအထိ မြေဖို့နေကြောင်း၊ ယခုနှစ်ဆန်းက မောင်ဝိတ် ကုမ္ပဏီအား မကျေနပ်ကြောင်းဆန္ဒပြသည့် ရွာသားများကို ခံဝန်ထိုး၍ ပြန်လွှတ်ပေးခဲ့ပြီး ထပ်မံဆန္ဒပြသူများကို ဖမ်းချုပ်မည်ဟု စီမံကိန်းရှိလုံခြုံရေးဝန်ထမ်းများက ပြောဆိုကြောင်း ၎င်းက ဆိုသည်။

“ဒီစီမံကိန်းကရေရှည်စီမံကိန်းပါ။ ဒါကိုမှ အမည်းစက်ထင်ကျန်မလား။ မှန်ကန်တဲ့နည်းလမ်းရွေးမလား။ နောင်တစ်ချိန်မှာ ပြောစမှတ်တွင်ကျန်ရစ်မှာပါ။ မတရားတာလုပ်နေတာပါ။ သူတို့အနေနဲ့ တန်ရာတန်ကြေး ပေးနိုင်ပါလျှက်နဲ့ သက်သက်အနိုင်ကျင့်တာ” ဟု ၎င်းက ပြောသည်။ 

စီမံကိန်းမြေဧရိယာထဲတွင် ပုံစံ(၇) ရှိသည့် ကိုင်းမြေများကို တစ်ဧက ကျပ်သိန်း ၁,၅၀၀၊ ပုံစံ(၇) မရှိဘဲ မြေခွန်ပြေစာဖြင့် စိုက်ပျိုးသည့် မြေနုကျွန်း ၁ ဧကလျှင် ကျပ်သိန်း ၆၀၀ နှုန်းဖြင့်ဝယ်ယူကြောင်း၊ မြို့မြေကွက်များဖြင့် အစားထိုးလဲပေးခဲ့ရာစီမံကိန်းဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း အမရပူရ မြို့ပြစီမံကိန်းအထောက်အကူပြုကော်မတီက ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 

ထိုစီမံကိန်းစတင်သည်မှာ ၁၀ နှစ်ဝန်းကျင်ကြာမြင့်ခဲ့ပြီး ယနေ့အချိန်ထိ အကျိုးအမြတ်မရသေးကြောင်း၊ စာချုပ်ပါသတ်မှတ်ချက်အတိုင်း အကောင်အထည်ဖော်နေပြီး မြေယာကိစ္စများပြီးပြတ်ရန် ကော်မတီနှင့် ကုမ္ပဏီဘက်က ဆက်တိုက်ညှိနှိုင်းခဲ့ကြောင်း Mandalay Business Capital City Development Ltd ၏ ပြန်ကြားရေးတာဝန်ရှိသူ ဦးဇော်ရဲဝင်းက Myanmar Now ကို ပြောသည်။ 

“မြို့ပြမြေလည်းမလဲဘူး။ ရောင်းလည်းမရောင်းဘူးတော့မလုပ်နဲ့ပေါ့” ဟု ၎င်းက ပြောသည်။

“(သတ်မှတ်ကာလမှာ မလဲလှယ်မရောင်းလျှင်) အထောက်အကူပြုကော်မတီက သူတို့ပိုင်ဆိုင်မှုတွေကို မြို့မြေအဖြစ်နဲ့ ကော်မတီကနေ ထိန်းသိမ်းထားလိုက်မှာပဲ။ ထိန်းသိမ်းထားပြီးတော့မှ သူတို့လာထုတ်တဲ့ အချိန်မှာ ထုတ်ပေးလိုက်မှာပေါ့။ မြို့မြေစလစ်အနေနဲ့ရှိနေမှာပဲ။ မြို့မြေတွေရနေမှာပဲ” 

ထိုစီမံကိန်းကို မြေပြုပြင်ခြင်း၊ အခြေခံအဆောက်အုံများတည်ဆောက်ခြင်းတို့ စတင်နေပြီဖြစ်ကြောင်း သိရသည်။

ခေတ်အဆက်ဆက်တွင် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးကျွမ်းဝင်သူ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်သည် အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၈ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

မောင်ဝိတ်သည် စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီကို ပိုင်ဆိုင်ပြီး ထိုကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့ရှိ Gonyi Residence & Gonyi Shop House,  Lann Thit Avenue, Parami Residence, Complex 45 စသည့် ဆောက်လုပ်ရေးစီမံကိန်းများကို လုပ်ပိုင်ခွင့်ရရှိထားသည်။ အမရပူရမြို့ပြ စီမံကိန်းလုပ်ပိုင်ခွင့်ရသည့် Mandalay Business Capital City Development Ltd စေပိုင်၏ မိသားစုဝင်ကုမ္ပဏီလည်း ဖြစ်သည်။ 

၂၀၂၁ ခုနှစ်တွင် စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက  မောင်ဝိတ်ကိုဖမ်းဆီးခဲ့ပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ လာဘ်ပေးလာဘ်ယူမှုဖြင့် အမှုဆင်ရာ၌  မောင်ဝိတ်ကို အသုံးချခဲ့သည်။

၂၀၁၈ နှင့် ၂၀၂၀ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လေးကြိမ်တိုင် တွေ့ဆုံရာ၌ အမေရိကန်ဒေါ်လာ ၅ သိန်းခွဲကို စာအိတ်ဖြင့်ထည့်၍ ပေးအပ်ခဲ့ကြောင်း မောင်ဝိတ်ကိုယ်တိုင် ထွက်ဆိုသည့် ရုပ်သံဖိုင်ကို စစ်ကောင်စီ အာဏာသိမ်းအပြီး ၂ လ အတွင်း ဝါဒဖြန့်ထုတ်လွှင့်ခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်သည် NLD အစိုးရ၏ မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင် ဘန်ကောက်သို့ သွားရောက် ကုသမှု ခံယူရန်  အမေရိကန်ဒေါ်လာ တစ်သိန်းနှင့် မြန်မာကျပ်ငွေ သိန်း ၆၅၀ ပေးခဲ့သည်ဟုလည်း စစ်ကောင်စီဘက်မှ ထွက်ဆိုခဲ့သူဖြစ်သည်။​

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တရားရုံးချိန်းတစ်ခုတွင် မောင်ဝိတ် သက်သေလာထွက်စဉ် ဒေါက်တာဇော်မြင့်မောင်က“ကျမ်းဆိုတာ စူးတတ်တယ်၊ သံသရာအထိ ခံရမှာ ကိုယ့်လူ” ဟု သတိပေးခဲ့ဖူးသည်။

အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ လေးကြိမ် ခွဲပေးသည်ဆိုသော မောင်ဝိတ်ပြောဆိုချက်ကို အခြေခံကာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုနှစ်ခု ခွဲဖွင့်၍ ၂၀၂၂ အောက်တိုဘာတွင် ထောင် ၃ နှစ် တစ်ပေါင်းတည်း ချခဲ့သည်။

ထို့အတူ ဒေါက်တာဇော်မြင့်မောင်သည်လည်း မောင်ဝိတ်ထွက်ဆိုချက်ကြောင့် အထက်ပါ အဂတိပုဒ်မဖြင့်ပင် အမှုနှစ်ခု ခွဲဖွင့်ခံရကာစုစုပေါင်းထောင်ဒဏ် ၁၀ နှစ် ချခံရသည်။ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချထားစဉ် ရောဂါအပြင်းအထန်ခံစားခဲ့ရပြီး ကွယ်လွန်သွားပြီဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းသည့်နေ့ကတည်းက နေပြည်တော်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စုစုပေါင်း ပုဒ်မ ၁၉ ခုဖြင့် ထောင် ၃၃ နှစ် ချကာ နေပြည်တော်တွင် ချုပ်နှောင်ထားသည်။

Show More

Related Articles

Back to top button