သတင်း

ချင်းတော်လှန်ရေးနေ့အထိမ်းအမှတ် စစ်သုံ့ပန်းဆယ်နှင့်ချီ လွှတ်ပေး

စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ပြစ်မှုနှင့်အသက်အရွယ်ကို ကြည့်ကာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် CNF အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့မှုမှာ ပထမဆုံးဖြစ်သည်။

လာမည့် မတ် ၂၀ ရက်နေ့တွင် ကျရောက်သည့် ၃၇ ကြိမ်မြောက် ချင်းတော်လှန်ရေးနေ့အထိမ်းအမှတ် အဖြစ် အကျဉ်းသား ၇၀ ကျော်ကို လွှတ်ပေးခဲ့ပြီး စစ်သုံ့ပန်းထက်ဝက်ကျော်ပါဝင်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNA / CNF) ထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ ပြစ်ဒဏ်ချမှတ်ခံထားရသည့် ပြည်သူများနှင့် စည်းကမ်းချိုးဖောက်မှု ကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရသည့် ချင်းအမျိုးသားတပ်မတော်မှ တပ်ဖွဲ့ဝင်များဟု အုပ်စု ၄ ခုခွဲကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ ၂၀၂၄ စစ်ဆင်ရေးတွေ မြို့သိမ်းတိုက်ပွဲတွေမှာ ကျွန်တော်တို့ဖမ်းဆီးထားတဲ့ တပ်ဖွဲ့တွေများပါတယ်။ အရပ်ဘက်ကတော့ သိပ်မရှိပါဘူး။ သူတို့ရဲ့ပြစ်မှုဆိုင်ရာအနေအထားတွေအရသော်လည်းကောင်း၊ သူတို့ရဲ့အသက်အရွယ်အရသော်လည်းကောင်း ဘက်ပေါင်းစုံကကြည့်ပြီးတော့ ရွေးတာဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

၂၀၂၄ ခုနှစ်အတွင်းက ချင်းပြည်နယ် မတူပီ၊ ရေဇွာ၊ ကျီခါးစသည့်မြို့သိမ်းတိုက်ပွဲများတွင် ဖမ်းဆီးရမိ ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများစု ပါဝင်ကြောင်း သိရသည်။

CNF သည် ၂၀၂၀ ခုနှစ်က တစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ဖူးပြီး စစ်တပ်အာဏာသိမ်းပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုမှာ ပထမဆုံးဖြစ်ကြောင်းသိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ရာနှင့်ချီ ဖမ်းဆီးရမိခဲ့သည့် စစ်သုံပန်းများကို ကိုးကန့်တပ် MNDAA က ပြန် လွှတ်ပေးခဲ့သည့်နည်းတူ အာရက္ခတပ်တော် (AA) ကလည်း  ရခိုင်ပြည်နယ် မြို့သိမ်းတိုက်ပွဲများတွင် ဖမ်းမိ သည့် စစ်သုံ့ပန်းနှင့်မိသားစုဝင်များကို ယမန်နှစ်နှစ်ကုန်က ပြန်လွှတ်ပေးခဲ့သည်။

ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တန်းတူရေးအတွက် အာမခံချက်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးအတွက် ၁၉၈၈၊ မတ် ၂၀ ရက်တွင်  ချင်းအမျိုးသားတပ်ဦးကို စတင်တည်ထောင်ခဲ့ပြီး ထိုနေ့ကို ချင်း တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

ယခုနှစ်ဆန်းမှစပြီး နှစ်လအတွင်း CNF နှင့် ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကိုင်း တိုင်းနှင့်ချင်းပြည်နယ်စပ် ကလေး၊ ဂန့်ဂေါ ကြားတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ပြင်းထန် ခဲ့ပြီး ထိုတိုက်ပွဲများတွင် စခန်းအချို့ သိမ်းပိုက်နိုင်ခဲ့ကာ စစ်သုံ့ပန်း ၂၀ နှင့်လက်နက်ခဲယမ်း ၈၀ ခန့်သိမ်း ဆည်းရမိခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ယခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု CNF ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ချင်းပြည်အတွင်း စစ်တပ်ကင်းစင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာသက်ရောက်မှုမှန်သမျှ အဆုံးသတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု CNF က ထုတ်ပြန် သည်။ 

အိန္ဒိယနှင့်နယ်နိမိတ်ချင်းထိစပ်နေသည် နိုင်ငံအနောက်မြောက်ပိုင်း ချင်းပြည်နယ်တွင် စစ်တပ်က နယ်မြေ အများစုကို လက်လွှတ်ထားရပြီး တော်လှန်ရေးအင်အားစုများက ချင်းတောင်ဒေသ၏ ၈၀ ရာခိုင်နှုန်းကို နယ်မြေစိုးမိုးထားသည်။

မြို့နယ် ၉ ခုရှိသည့်အနက် တွန်းဇံမြို့နယ်ကို ပြီးခဲ့သည့်နှစ်တွင် CNFနှင့် ပူးပေါင်းတပ်များ က တိုက်ခိုက် သိမ်းပိုက်ထားပြီး မတူပီ၊ မင်းတပ်၊ ကန်ပက်လက်ကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ထားကာ ၊ ၎င်းတို့၏ မဟာမိတ် အေအေ က ပလက်ဝမြို့နယ်ကို နယ်မြေထိန်းချုပ်ထားသည်။ 

စစ်တပ်က ပြည်နယ်မြို့တော်ဟားခါး၊ ထန်တလန်၊ တီးတိန်နှင့် ဖလမ်းမြို့နယ်တို့တွင်သာ စစ်ကောင်စီ နယ်မြေစိုးမိုးထားသည်။

Related Articles

Back to top button