
စစ်ဗိုလ်ချုပ်များ ရုံးစိုက်ရာ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် သေနတ် ၁၆ လက်နှင့် ခဲယမ်းများ ယမန်နေ့ (မတ် ၁၇) တွင် သိမ်းဆည်းခံရကြောင်း ဒေသခံများနှင့်တော်လှန်ရေးအဖွဲ့ များထံက သိရသည်။
နေပြည်တော်မှ မိုင် ၃၀ ခန့်အကွာ ပင်လောင်း – ကင်းသာလမ်းပေါ်ရှိ ကင်းသာစစ်ဆေးရေးဂိတ်တွင် ပင်လောင်းမြို့ဘက်မှ တပ်ကုန်းဘက်သို့ နနွင်းတက်အိတ်များတင်ဆောင်လာသည့် Light Truck ကား တစ်စီးပေါ်မှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်အများစုမှာ မောင်းပြန်ရိုင်ဖယ်များဖြစ်ပြီး ကျည်ဆန် ၁၀၀၀ ကျော်၊ လက်ပစ်ဗုံး၊ စကားပြောစက်နှင့် 96 soldiers အဖွဲ့ တံဆိပ်များအပါအဝင် အခြားတော်လှန်ရေးတပ်များ၏တံဆိပ် ၂၅ ခု ပါဝင်ကြောင်း စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် ဖော်ပြထားသည်။
ယမန်နေ့က လက်နက်ခဲယမ်းများသိမ်းဆည်းခံခဲ့ရကြောင်း 96 soldiers အဖွဲ့နှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။
အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံတော်လှန်ရန် လူငယ်များဖြင့် စုဖွဲ့ထားသော 96 soldiers အဖွဲ့မှာ တောင်ပိုင်းတိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် အညာဒေသတွင်လည်း စစ်ရေးလှုပ်ရှားနေသည်။
သေနတ်တစ်လက်လျှင် ကျပ်သိန်း ၁၀၀ နီးပါး ကျသင့်ပြီး ငါးကြင်းမြီးဟု လူသိများသည့် စက်လတ် ၁ လက်၊ စက်ကလေးဟု ခေါ်ဝေါ်သည့် MA 2 အမျိုးအစား ၂ လက်အပါအဝင် ကျည်ဆန်များလည်းပါဝင်ရာ ကျပ်သိန်း ၂၅၀၀ နီးပါးတန်ကြေးရှိကြောင်း သိရသည်။
“အဲ့ဒီလောက် ပမာဏက ငွေကြေးအားဖြင့် သော်လည်းကောင်း ဒီကာလမှာ ပြန်ရှာဖို့ အင်မတန် ခက်တယ်။ လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ ပတ်သက်ပြီး ရှေ့ဆက်လုပ်မဲ့လုပ်ငန်းဆောင်တာကို ရည်မှန်းထားတယ် ဆိုရင်တောင် ဒါတွေဆုံးရှုံးသွားတဲ့အတွက်ကြောင့် ရှေ့လုပ်မယ့် စစ်ရေးဆိုင်ရာ ရည်မှန်းချက်တွေတော့ ပျက်သွားတယ်”ဟု အထက်ပါ တော်လှန်ရေးအင်အားစုနှင့်နီးစပ်သူက သုံးသပ်သည်။

ကင်းသာဂိတ်တွင် စစ်ဆေးမှုများပိုမိုတင်းကျပ်ထားသည်ဟု နေပြည်တော်၊ ဘောဂသီရိအဝေးပြေးကားဂိတ်မှ ကားဆရာတစ်ဦးက ပြောသည်။
“သေချာစစ်တယ်။ သံသယရှိတဲ့အထုပ်ဆိုရင် ဖြည်ပြီးတော့ စစ်တာ၊ အခြားကားတွေဆိုရင်တော့ ဂိတ်တွေမှာ သတင်းပို့ရုံပဲ။ ရပ်ပြီး သေချာစစ်ပြီဆိုရင် ထိုင်းကုန်တွေ ပါမပါရယ်၊ လက်နက်ကြောင့်ရယ်ပဲ”
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရပြီး မြို့ပေါင်း ၉၀ ကျော်ကို လက်လွှတ်ထားရသည့် အာဏာသိမ်းစစ်တပ် သည် ရန်ကုန် – မန္တလေး လမ်းဟောင်း၊ လမ်းသစ်နှင့် နေပြည်တော်အဝင်တို့တွင် လုံခြုံရေးပိုမိုတင်းကျပ်လာကြောင်း ဒေသခံများနှင့် ယာဉ်မောင်းများက ဆိုသည်။
“အထွက်ဆို သိပ်မစစ်ဘူး၊ အဝင်ကတော့ တော်တော်လေး စစ်ဆေးနေတာ။ လဆန်းတုန်းကလည်း ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ အဝေးပြေးယာဉ်လိုင်းတစ်ခုကနေ လက်နက်တွေမိထားသေးတာ၊ ခု တစ်လတည်းကို နှစ်ကြိမ်ရှိနေပြီ” ဟု အဝေးပြေးယာဉ်လိုင်းလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်တွင် စစ်ရေးဂိတ်များအပါအဝင် အဖွဲ့ ၂၀ နီးပါး စစ်ဆေးနေပြီး နေပြည်တော်အဝင် ရေနီနှင့် သာဝတ္ထိ စစ်ဆေးရေးဂိတ်တို့တွင်လည်း အစစ်အဆေး တင်းကျပ်ထားကြောင်း သိရသည်။
“နေပြည်တော်အဝင် ရေနီနဲ့ သာဝတ္ထိစစ်ဆေးရေးဂိတ်မှာဆို ပါလာတဲ့ အထုပ်တွေကို သေချာစစ်တယ်။ စပယ်ယာက စစ်ဆေးရေးဂိတ်တစ်ခုချင်းစီမှာ သတင်းပို့ပြီး ခရီးသည်များတယ်ဆိုရင် ကားပေါ်တက်ပြီး မှတ်ပုံတင်နဲ့ တိုက်စစ်တယ်” ဟု ဒေသခံအမျိုးသား တစ်ဦး က ပြောသည်။
“အမျိုးသားလူငယ်တွေကိုတော့ ပိုစစ်တာမျိုးလုပ်တယ်။ အဲဂိတ်စစ်ဆေး ခံပြီးရင်တော့ အေးဆေးဖြစ်သွားပြီ။ အမြန်လမ်းတိုးဂိတ် နေပြည်တော်အဝင် မိုင်တိုင် ၂၀၀ မှာကတော့ ကားပေါ်က အကုန်ဆင်းရပြီး လမ်းလျှောက် မှတ်ပုံတင်နဲ့စစ်ဆေးခံရတာ”
ပြီးခဲ့သည့်နှစ်အောက်တိုဘာလဆန်းကလည်း နေပြည်တော်နှင့် မိုင် ၅၀ ခန့်အကွာ ပဲခူးတိုင်း၊ အရှေ့ခြမ်း ရေတာရှည်မြို့နယ်တွင် သေနတ် ၉ လက်အပါအဝင် ကျည်ဆန် ၃၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် ဖော်ပြခဲ့သည်။