
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသား ၄၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အွန်လိုင်းဆန္ဒပြပွဲတစ်ခုကို ယနေ့ (မတ် ၂၁) နံနက် မြန်မာစံတော်ချိန် ၈ နာရီက စတင်ပြုလုပ်ခဲ့ကြ သည်။
အဆိုပါ အွန်လိုင်းဆန္ဒပြပွဲတွင် CRPH ၏ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာ က နှုတ်ဆက်စကားပြောကြားရာ၌ လက်ရှိမြန်မာနိုင်ငံအခြေအနေများနှင့် နိုင်ငံရေးဖြစ်စဉ်များကို အကဉ်းချုပ်ရှင်းပြခဲ့ပြီး ဆန္ဒပြပွဲမတိုင်မီ CRPH တာဝန်ရှိသူများနှင့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့နှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့ကလည်း အွန်လိုင်းဆန္ဒပြပွဲတက်ရောက်သူများကို ကျေးဇူးတင်နှုတ်ဆက်ကြောင်း ဒေါက်တာဆာဆာက သတင်းစကားစကားပါးခဲ့သည်။
အွန်လိုင်ဆန္ဒပြပွဲတက်ရောက်လာသည့် ချင်း၊ ကရင်၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ရိုဟင်ဂျာ၊ ရှမ်းနှင့် ဗမာလူမျိုးကိုယ်စားပြု လူငယ်များကလည်း စစ်အာဏာရှင်စနစ်၏ ရက်စက်ဖိနှိပ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအကြောင်း ၎င်းတို့၏အတွေ့အကြုံများကိုပြောပြ ခဲ့ကြသည်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး၊ တိုင်းရင်းသားအားလုံးစုစည်းညီညွတ်မှု့အားနှင့် ဒီမိုကရေစီ ပြန်လည်အရယူရေး၊ နိုင်ငံအသီးသီးတွင် ရောက်ရှိနေသည့် မြန်မာပြည်သူများအနေနှင့်လည်း ပြည်တွင်းမှ မြန်မာနိုင်ငံသားများနှင့်ဘတစ်သားတည်းရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး တော်လှန်ရေးတိုက်ပွဲ ဝင်နေသူများကို အားပေးစကားများပြောဆိုခဲ့သည်။
အွန်လိုင်းဆန္ဒပြပွဲတက်ရောက်ခဲ့သူတစ်ဦးက “အားရတယ်လို့ ခံစားရတယ်။ လူတိုင်းက တတ်နိုင် သလောက်ဝင်ပါကြတယ်။ မြန်မာနိုင်ငံထဲမှာရှိတဲ့သူတွေ အားဖြစ်စေတဲ့ အွန်လိုင်းဆန္ဒပြပွဲ တစ်ခုလို့ မြင်ပါတယ်” ဟု မှတ်ချက်ပေးသည်။
အချိန် ၂ နာရီကြာမြင့်ခဲ့သည့် အွန်လိုင်းဆန္ဒပြပွဲတွင် ကဗျာရွတ်ဆိုမှုများ၊ အနုပညာတင်ဆက်မှုများ လည်းပြုလုပ်ခဲ့ကြပြီး ဆန္ဒပြပွဲပြီးခါနီးတွင် အားလုံးစုပေါင်းကာ အာဏာရှင်ဆန့်ကျင်ရေးသင်္ကေတ လက်သုံးချောင်းထောင် လှုပ်ရှားမှုကို ထည့်သွင်းပြုလုပ်ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ အွန်လိုင်းဆန္ဒပြပွဲဟု အမည်နာမ ခေါ်တွင်သော ထိုဆန္ဒပြပွဲကို US Advocacy Coalition of Myanmar အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အွန်လိုင်းဆန္ဒပြပွဲတွင်တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ အရွယ်စုံပါဝင်ကြပြီး အများစုမှာ လူငယ်များဖြစ်သည်။ အချို့က မိသားစုလိုက်တက်ရောက်ကြသူများပင်ရှိပြီး ကလေးငယ်အချို့ပင်ပါဝင်ကြောင်း တက်ရောက်သူများက ဆိုသည်။ အွန်လိုင်းဆန္ဒပြပွဲကို Virtual Demonstrations Movement ဖေ့ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ စိတ်ဝင်တစား ကြည့်ရှုသူ များပြားခဲ့သည်။



