ရန်ကုန် သာကေတမြို့နယ်တွင် ယနေ့ (မတ် ၂၀) နေ့ခင်းပိုင်းက စစ်ကောင်စီလက်နက်ကိုင်များက “မင်းတို့ မသေရင် မပြန်ဘူး” ဟု ပြောဆိုခြိမ်းခြောက်ကာ သေနတ်သံ တဒိုင်းဒိုင်းဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ ကြောင်း ပြည်သူများက သတင်းပေးပို့လာသည်။
သာကေတမြို့နယ် အမှတ် ၆ ၊ ၇ ရပ်ကွက်နှင့် မြင်တော်သာလမ်းမ၊ ရွှေပြည်သာလမ်းမနှင့် ဇမ္ဗူသီရိ လမ်းမကြီးတစ်လျှောက်တွင် နေရာယူထားသည့် လက်နက်ကိုင်များက “မင်းတို့က လှိုင်သာယာကို အားကျလို့လား”၊ “တော်တော် မီးလောင်ချင်ကြတယ် ဟုတ်လား၊ တစ်လမ်းလုံးကို မီးလောင်တိုက်သွင်းပစ်မယ်” ဟုလည်း အော်ဟစ် ခြိမ်းခြောက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် သာကေတ ၆ ရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မောင်အောင်ကောင်းထက်မှာ ဦးခေါင်းကျည်ထိမှန်ကာ သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးသည်လည်း ခြေထောက် တွင် ကျည်အစစ်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့က ဆန္ဒပြသပိတ်ကို လာရောက်ဖြိုခွင်းစဉ် လူငယ်များက အကြမ်းဖက်လက်နက်ကိုင်များကို မိမိကိုယ်ကိုယ် ကာကွယ်သောအားဖြင့် မိုလိုတော့ဖြင့် ပြန်လည်ခုံခံခဲ့သည်ကို မကျေနပ်သဖြင့် ယနေ့တွင် စစ်ကောင်စီလက်နက်ကိုင်များက အထက်ပါအတိုင်း ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
ကားများ၊ ဆိုင်ခန်းများ၊ CCTV များကို ဖျက်ဆီးခဲ့ရာတွင် “CCTV တပ်တယ်။ လူဝါးဝလို့” ဟုလည်း အော်ဟစ်ခဲ့ကြောင်း အခြားပြည်တစ်ဦးက သတင်းပို့သည်။
သာကေတမြို့နယ်အတွင်း ရပ်ကွက်များကို ဝင်စီး၍ အကြမ်းဖက်သူများမှာ စစ်သားများဖြစ်ပြီး CCTV ဖျက်ဆီးသူများမှာ ဝတ်စုံပြည့်မဟုတ်ဘဲ ဖြစ်ကတတ်ဆန်း ဝတ်ဆင်ထားသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။