
လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကြုံနေရသည့် မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ကျေးရွာ စာသင်ကျောင်း ၁ ကျောင်းကို ယမန်နေ့ (မတ် ၁၁) ရက်က အင်ဂျင်တပ်လေထီးဖြင့် တိုက်ခိုက်ခံရပြီး အမျိုးသမီး ၁ ဦး သေဆုံး၍ ၁၂ နှစ်အရွယ် ကလေး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြော ကြသည်။
မွန်းလွဲ ၃ နာရီဝန်းကျင်တွင် လက်နက်ငယ်များ ထုတ်လုပ်သည့် ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂) မှ တက်လာသည့် အင်ဂျင်တပ်လေထီးက မိုင် ၃၀ ခန့်အကွာရှိ ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာ စာသင်ကျောင်းအနီး ဗုံးသီးကြဲချ၊ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အသက် ၅၅ နှစ်အရွယ် ဒေါ်တင့်မှာ လည်ပင်းအောက် လက်နက်ကြီးစ ထိမှန်သည့် ဒဏ်ရာဖြင့် နေရာမှာ ပင် သေဆုံးပြီး အသက် ၁၂ နှစ်အရွယ် ကျောင်းသူမိန်းကလေးငယ် ၁ ဦးလည်း မစိုးရိမ်ရသောဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့က ကျောင်းဖွင့်ရက်ဖြစ်ပြီး ကျယ်လောင်သော အင်ဂျင်တပ်လေထီးအသံကြောင့် လေကြောင်း တိုက်ခိုက်မှုစိုးရိမ်၍ ကျောင်းစောလွှတ်ပေးခဲ့ခြင်းကြောင့် လူအထိအခိုက်နည်းခဲ့သည်ဟု ဒေသခံများ နှင့် တော်လှန်ရေးအင်အားစုများ၏ အဆိုအရ သိရသည်။
စာသင်ကျောင်းကို ဦးတည်သော တိုက်ခိုက်မှုဖြစ်သော်လည်း ပစ်ချက်လွဲသွား၍ လူနေအိမ်ကို ထိမှန်ကာ ထိခိုက်သေဆုံးခြင်း ဖြစ်သည်ဟု ပေါက်နှင့်မြိုင်နယ်အခြေစိုက် အညာမြေတပ်ပေါင်းစု အမည်ရှိ တော်လှန်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောသည်။
“ ပစ်တာကတော့ ကျောင်းကို ဦးတည်ပစ်တာပါ။ ပစ်ချက်လွဲပြီး ကျောင်းဘေးက အိမ်ကိုထိပြီး ဆုံးတာ။ ဘာတိုက်ပွဲ ဘာမစ်ရှင်တွေမှလည်း မရှိပါဘူး။အရပ်သားနဲ့ စာသင်ကျောင်းကို သက်သက် တိုက်ခိုက်မှုပါ ပဲ”ဟု ၎င်းက ဆိုသည်။
စာသင်ကျောင်းဘေးရှိ ဗုံးသီးထိသော လူနေအိမ်မှာ ပျက်စီးသွားခဲ့ပြီး စာသင်ကျောင်း အုတ်တံတိုင်းတွင် လည်း လက်နက်စထိမှန်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပေါက်မြို့နယ် လူသား ချင်းစာနာမှုဆိုင်ရာဌာနမှ တာဝန်ရှိသူက ပြောသည်။
“စာသင်ကျောင်းဘေးက အိမ်က ၂၀၂၂ တုန်းက စစ်တပ်က မီးရှို့ခံထားရတဲ့အိမ်၊ အဲ့ဒီအိမ်ကို ကျတယ်။ စာသင်ကျောင်းဘေးကပ်လျက် စက်လတ်နဲ့ဆွဲတော့ အုတ်တံတိုင်းမှာ ပေါက်တဲ့လက်နက်ဒဏ်ရာတွေ။ စာသင်ကျောင်းက ထီးထီးကြီး မြင်နေရတယ်ဆိုတော့ စာသင်ကျောင်းကို ဦးတည်တယ်လို့ ပြောလို့ ရတယ်။ စာသင်ကျောင်းမှန်းသိနေရက်နဲ့ ပစ်သွားတာ”
ကျောင်းကို မိနစ်အနည်းငယ် စောဆင်းပေးလိုက်အပြီး တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းတာဝန်ရှိသူ က ဆိုသည်။
“ကျောင်းက ဖွင့်ထားတယ်။ ပုံမှန်လည်ပတ်နေတာ။ ပါရာမော်တာ ဝဲတယ်ဆိုတော့ ကျေးရွာခေါင်းဆောင် တွေကတဆင့် ကျောင်းကို ဆင်းတယ်။ (ပါရာမော်တာ) အသံကြီးကြား နေရပြီဆိုတော့ ကျောင်းက ဆင်း ထားလိုက်ပြီ ၅ မိနစ်လောက်ပဲ အချိန်ရလိုက်တယ်”ဟု NUG ၏ လူသားစာနာ တာဝန်ခံက ပြောသည်။
ပေါက်မြို့နယ်နှင့်မြိုင်မြို့နယ်တွင် ယခုနှစ် ဖေဖော်ဝါရီတတိယပတ်ကစပြီး လေကြောင်းတိုက်ခိုက်မှုများ ကြောင့် ပြည်သူ နှစ်ဒါဇင်ထက်မနည်း သေဆုံးခဲ့ရပြီး အများအပြားထိခိုက်ဒဏ်ရာရရှိထားသည်။
ဖေဖော်ဝါရီလကုန်ကလည်း ပေါက်မြို့နယ်၊ ကင်းမရွာကို အင်ဂျင်တပ်လေထီးဖြင့် တိုက်ခိုက်ခဲ့စဉ် ကျောင်းသား ၁ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး ယမန်နေ့တိုက်ခိုက်မှုတွင်လည်း အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရာ ပေါက်မြို့နယ်အတွင်း အင်ဂျင်တပ်လေထီးဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅ ဦး ရှိလာပြီ ဖြစ်သည်။
စစ်ကောင်စီတပ်က စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများ၊ ကျေးရွာများကို တော်လှန်ရေး တပ်များ နေထိုင်သည်ဟူသော ယူဆချက်ဖြင့် ပစ်ခတ်တိုက်ခိုက်သည်ဟု ဆိုသော်လည်း တိုက်ခိုက်မှုများ တွင် အရပ်သားသေဆုံးမှုများက ပိုမိုများပြားခဲ့သည်။
ထောက်ရှာပင်ကျေးရွာအနီး မြေပြင်တိုက်ပွဲမရှိသလို ရွာစာသင်ကျောင်းတွင်လည်း တပ်စွဲနေရာယူထား ခြင်း မရှိကြောင်း ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုစစ်မုန်းက ပြောသည်။
“ တော်လှန်ရေးတပ်ဖွဲ့တွေကို ဘာသာရေး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ တပ်စွဲတာ အဲ့လို နေရာတွေကို နေထိုင်တာ လက်မခံဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်းမနေဘူး။ ဘာသာရေး အဆောက် အဦ ဆိုတာလည်း ဘာသာရေး၊ သာသနာရေးနဲ့ဆိုင်တာပဲ လုပ်ရမယ်။ စာသင်ကျောင်းကလည်း ပညာရေး ကိစ္စတွေလုပ်တဲ့နေရာဆိုတော့ အဲ့ဒီနေရာတွေမှာ တပ်စွဲခွင့် မပြုဘူး”ဟု ကိုစစ်မုန်းက ဆိုသည်။

ခရီးသွားလုပ်ငန်းတွင် ရှုခင်းကြည့်ရန်စသည်ဖြင့် အပျော်စီးအဖြစ်အသုံးပြုလေ့ရှိသည့် အင်ဂျင်တပ် လေထီးကို အာဏာသိမ်းစစ်ကောင်စီတပ်တပ်က ယမန်နှစ် နှစ်ကုန်ပိုင်းကစပြီး စစ်ရေးတွင် အသုံးပြုလာ သည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်သည် တိုက်လေယာဉ်များ၊ သယ်ယူပို့ဆောင်ရေးတွင် အသုံး ပြုသည့် Y12 လေယာဉ်များ၊ ဒရုန်းများ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်ရာမှ ယမန်နှစ် ဒီဇင်ဘာလ ကုန်က မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အင်ဂျင်တပ်လေထီးဖြင့် စတင်တိုက်ခိုက်ခဲ့သည်။
ထို့နောက် သုံးလကျော်ကာလအတွင်း တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံမှသည် စစ်ကိုင်းတိုင်း၊ ကနီ၊ မုံရွာ၊ ချောင်းဦးမှသည် မကွေးတိုင်း ပေါက်၊ မြိုင်၊ စေတုတ္တရာမြို့နယ်တို့တွင် အင်ဂျင်တပ်လေထီးများကို ကျယ်ကျယ်ပြန့်ပြန့် သုံးပြီး တိုက်ခိုက်လာရာ အရပ်သား သေဆုံးမှုလည်း မြင့်တက်လာသည်။
စစ်တပ်လက်နက်စက်ရုံ ၃ ခုအနီးတွင်ရှိနေသည့် ပေါက်မြို့နယ်တွင်လည်း အင်ဂျင်တပ်လေထီးများကို ဖေဖော်ဝါရီလဆန်းကပင် စတင်အသုံးပြုလာကြောင်း သိရသည်။
ပေါက်မြို့နယ်အခြေစိုက် အလူမီနီယမ်အကြမ်းထည်ထုတ်လုပ်သည့် ကပစ ၂၄ ၊ ကပ်လျှက်ဆိပ်ဖြူမြို့ နယ်ရှိ လက်နက်ငယ်များထုတ်လုပ်ရာ ကပစ ၂၂ တို့မှ အင်ဂျင်တပ်လေထီးများဖြင့် အနီးဝန်းကျင် ကျေးရွာများကို ပစ်မှတ်ထား ကင်းထောက်ခြင်း၊ လေကြောင်းတိုက်ခိုက် ခြင်းများ ပြုလုပ်လာပြီး ကပစ ၂၂ မှ တက်လာသည့် အင်ဂျင်တပ်လေထီးများက တိုက်ခိုက်မှုများ အဓိက ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုများထံက သိရသည်။
“ အရင်ကတော့ ဂျက်ဖိုက်တာ MI 35 နဲ့ MI 17, Y 12စတာတွေကိုပဲ ဂရုပြုနေရာကနေ အခုဆို ပြည်သူ တရပ်လုံးက ဘယ်ကနေ ရောက်လာမလဲ မသိတဲ့ ပါရာမော်တာကိုပါ ထပ်လောင်း ကြောင့်ကြစိုးရိမ်နေကြ ရတယ်။ စိုးရိမ်တဲ့အတိုင်းလည်း အခုဖြစ်လာတယ်။ အခုချိန်ထိတော့ ကျွန်တော်တို့ နယ်ဘယ်တွေမှာက လေယာဉ်ပစ် Point 5 လက်နက်တွေက မရှိသလောက်ပဲ ခင်ဗျာ။ ဒီတော့ ဒီ လေကြောင်းတိုက်ခိုက်မှုတွေကို ပုန်းခိုကျင်းမှာနေထိုင်ခြင်းနဲ့ ကြိုတင်သတိပေးခြင်းတွေနဲ့ပဲ ရှောင်လွှဲနေရပါတယ်”ဟု အညာမြေတပ် ပေါင်းစုမှ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောသည်။
လေကြောင်းတိုက်ခိုက်မှုအန္တရာယ် ဆက်တိုက်ကြုံနေရသည့် ပေါက်နှင့်မြိုင်မြို့နယ်တို့တွင် ပုန်းခိုကျင်း များ တူးကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြည်သူများကို တိုက်တွန်းထားသည်။
“ပုန်းခိုကျင်းတွေက အကာအကွယ် ၁၀၀ ရာခိုင်နှုန်း မဟုတ်ရင်တောင် ၇၅ ရာခိုင်နှုန်းထိတော့ လုံခြုံမှု ရှိပါတယ်” ဟု ကိုဘိုဘိုသန့်ဇင်က ဆိုသည်။
မကွေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ အောင်ဆန်းဘာသာရပ်စုံ တက္ကသိုလ်ကို ယခုနှစ် ဇန်နဝါရီလ ကုန်ပိုင်းတွင် လေကြောင်းမှ ၈ ကြိမ်ပစ်ခတ်တိုက်ခိုက်ရာ ကျောင်းသူ ၁ ဦးသေဆုံး ခဲ့ပြီး ပါမောက္ခ ၁ ဦးအပါအဝင် ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနမှ လစဉ်ထုတ်ပြန်သည့်အချက်အလက် များ အရ ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၄၆ ဦး၊ ဒဏ်ရာရသူ ၆၃၇ ဦးရှိပြီး စာသင်ကျောင်း ၂၁၊ ဘာသာရေး အဆောက်အဦ ၃၆ ခုနှင့် ကျန်းမာရေး အဆောက်အဦ ၂၀ ခု ပျက်စီးခဲ့သည်။

