သတင်း

ရုရှားနှင့် ပေါင်းလုပ်မည့် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း အရပ်ဘက်အဖွဲ့များ လက်မခံ

ရုရှားဘက်က အဆိုပြုထားသည့် လုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းပြီး ဘေးထွက်ဆိုးကျိုးများသည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ ပါဝင်မည်ဖြစ်သည်။

စစ်ကောင်စီနှင့် ရုရှားတို့ ပူးပေါင်းအကောင်ထည်ဖော်မည့် ထားဝယ်အထူးစီပွားရေးဇုန် စီမံကိန်းကို လက်မခံကြောင်း တနင်္သာရီအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစု ၁၁ ခုက  မတ်လ ၁၀ ရက်နေ့တွင် စာထုတ်ပြန်လိုက်သည်။

အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှု၊ အထွေထွေစီးပွားရေးပြိုကျမှု အကျပ်အတည်းများ ကြုံနေရချိန် ထိုစီမံကိန်းသည် အတင်းအဓမ္မရွှေ့ပြောင်းမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ ပိုများလာစေနိုင်ပြီး သဘာဝပတ်ဝန်းကျင်၊ ဒေသခံတို့၏ ယဉ်ကျေးမှုနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်စေမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လူထုကဆန့်ကျင်နေသည့် စစ်ကောင်စီသည် ရုရှားအကျိုးစီးပွားအတွက် ထိုစီမံကိန်းပြန်စတင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု တနင်္သာရီအခြေစိုက် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် တရားမျှတမှု ဖော်ရေးအဖွဲ့အစည်းဖြစ်သည် MAGGA Initiative ၏ ဒါရိုက်တာ မယ်ဆုက Myanmar Now ကို ပြောသည်။

“တရားဥပဒေစိုးမိုးမှုမရှိတဲ့အနေအထားမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ လုံးဝဆုံးရှုံးနေတဲ့ အနေအထားဖြစ်တယ်။ ဒီလိုအခြေအနေမှာ ဒီလိုစီမံကိန်းတွေကို လုပ်ဖို့၊ ပြန်စတင်ဖို့ ဆောင်ရွက်လာတာဟာ သူတို့ရဲ့အကျိုးစီးပွားနဲ့ သူတို့နဲ့ဆက်စပ်ပတ်သက်တဲ့ ပူးတွဲပြီးလုပ်မယ့်လူတွေရဲ့ အကျိုးစီးပွားအတွက်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်အထူးစီပွားရေးဇုန်အတွင်း ထည့်သွင်းတည်ဆောက်ရန် ရုရှားဘက်က အဆိုပြုထားသည့် လုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းပြီး ဘေးထွက်ဆိုးကျိုးများသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံနှင့် အခြားစီမံကိန်းများပါဝင်ကြောင်းလည်း မယ်ဆုက ပြောသည်။

စီမံကိန်းနေရာသည် ထားဝယ်လူမျိုးများအတွက် အရေးပါသည့် နေရာဖြစ်ပြီး စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲ မကြာခဏ  ဖြစ်ပွားနေရာ နယ်မြေမတည်ငြိမ်မှုကြောင့် တည်ဆောက်ရေးလုပ်ရန် ခက်ခဲသည်ဟုလည်း သူက ဆက်ပြောသည်။

“စစ်ကောင်စီဘက်က အတင်းအကျပ်လုပ်လာမယ့် အနေအထားမျိုးဖြစ်ခဲ့မယ်ဆိုလို့ရှိရင် ထားဝယ်လူမျိုးတွေရဲ့ မူလဘူတ ဇစ်မြစ်ပျောက်ဖို့အတွက် အလွန်အန္တရာယ်ကြီးမားပါတယ်။ ဒါကြောင့်မို့လို့ ထားဝယ်လူမျိုးမှန်ရင် အခုလို တရားဥပဒေစိုးမိုးမှုမရှိတဲ့အချိန်မှာ အခွင့်ကောင်းယူပြီးလုပ်ဖို့ ကြိုးစားတာကို အပြင်းထန်ဆုံးကန့်ကွက်ဖို့ လိုအပ်ပါတယ်” ဟု သူက ပြောသည်။

စစ်ကောင်စီသည် ထိုစီမံကိန်းကို အကြောင်းပြု၍ ရုရှားထံမှ စစ်ရေးဆိုင်ရာအကူညီများရယူမည်ကို စိုးရိမ်ရကြောင်းလည်း အမည်မဖော်လိုသည့် ထားဝယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ်အတွက် အကျိုးကျေးဇူးတွေ အများကြီးရသွားနိုင်တယ်ပေါ့။ စစ်တပ်က ဒီနေရာတွေကို ရုရှားဘက်ကို လုပ်ခွင့်ပေးပြီးတော့ရုရှားဘက်က စစ်ရေးအကူညီရယူတာ၊ စစ်လက်နက်ပစ္စည်းတွေ ရယူတာတွေကို စစ်တပ်ဘက်က အကျိုးကျေးဇူးအများကြီး ရသွားနိုင်တဲ့ အနေအထားရှိတယ်။ အခုချိန်က မလုပ်သင့်တဲ့ အခြေအနေရှိတယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်အထူးစီပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံသည် ယခင်ကတည်းက ဒေသခံများကို အဓမ္မရွှေ့ပြောင်းခိုင်းခြင်း၊ သင်လျော်သည့် မြေယာလျော်ကြေးမပေးခြင်း စသည့် ပြဿနာများရှိခဲ့ကာ ယခုချိန် ပြန်လည်စတင်မည်ဆိုပါက ဒေသခံတို့၏ နစ်နာမှုများအတွက်လေ့လာစောင့်ကြည့်မည့် အရပ်ဘက် အဖွဲ့အစည်းများမရှိ၍ အခက်တွေ့နိုင်ကြောင်း သူက ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ရုရှားကုမ္ပဏီများ ပါဝင်လုပ်ကိုင်ရန် အဆင်သင့်ဖြစ်နေကြောင်း ရုရှားဝန်ကြီးချုပ် Mr. Mikhail Vladimirovich Mishustin က ရုရှားသို့ သွားရောက်သည့် အာဏာသိမ်းစစ်ခေါင်းဆောင် နှင့် မတ်လ ၄ ရက်တွေ့စဉ် ပြောကြားခဲ့ကြောင်း ရုရှားအစိုးရဝက်ဆိုက်တွင် ဖော်ပြသည်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် စတင်ခဲ့ပြီး ကာလရှည်ကြာ မအောင်မမြင်ဖြစ်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားနှင့်ပူးပေါင်းအကောင်အထည်ဖော်မည် ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားသတင်းဌာနများကို ပြောဆိုခဲ့သည်။

ထားဝယ်ရေးနက်ဆိပ်ကမ်းသည် ဗီယက်နမ်ရှိ ဒါနန်း(Da Nang) ဆိပ်ကမ်း၊ အခြားဆိပ်ကမ်းများကို ချိတ်ဆက်၍ မလက္ကာရေလက်ကြားကိုမဖြတ်ဘဲ သွားလာနိုင်သည့် လမ်းကြောင်းသစ်တစ်ခု ပေါ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

၁၉၅ စတုရန်းကီလိုမီတာနီးပါး ကျယ်ဝန်းသည့် ထားဝယ်အထူးစီးပွားရေးဇုန်သည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၏ မြောက်ဘက် ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့အနီး မဟာဗျူဟာကျသည့် နေရာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းကြီးဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်နှင့် အခြားစီမံကိန်းများ ပါဝင်သည်။

ရုရှားဘက်က ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် အကောင်အထည်ဖော်မည့် အခြေအနေအသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိပေ။

ကနဦးအနေဖြင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း၊ ငွေကြေးနှင့် နည်းပညာဆိုင်ရာအသေးစိတ်လေ့လာမှုများ ပြုလုပ်ရန်လိုအပ်ပြီး ထိုလုပ်ငန်းများပြီးပါက စီမံကိန်းဒီဇိုင်း၊ အရွယ်အစား၊ ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှု၊ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများဖွဲ့စည်းနိုင်ရေး စသည့်လုပ်ငန်းစဉ်များဆောင်ရွက်ရမည်ဟု ထိုစီမံကိန်းနှင့် ပတ်သက်၍ သိရှိသည့်  စောင့်ကြည့်သူများက ပြောသည်။

စစ်ကောင်စီသည် ရုရှားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေသော်လည်း ရုရှားအနေဖြင့် စီးပွားရေးကို ဗန်းပြ၍ စစ်ရေးအတွက်နယ်မြေ၊ ဆိပ်ကမ်းများ အချိန်မရွေးအသုံးချနိုင်ရန် ပိုဦးစားပေးနိုင်ကြောင်း ထိုစီမံကိန်းများနှင့် ပတ်သက်၍ ထဲထဲဝင်ဝင်သိသည့်သတင်းရင်းမြစ် တစ်ဦးက သုံးသပ်သည်။

Show More

Related Articles

Back to top button