
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ ဆက်ဆံရေးရုံး ဖွင့်လိုပါက စာရေးသားညှိနှိုင်းရန် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်(TNLA) က ပြောသည်။
မတ် ၇ ရက်က အင်အား ၁၀၀ ခန့်ပါသည့် KIA တပ်များ ကွတ်ခိုင်မြို့တွင်းသို့ ဝင်ရာက်ရန် ကြိုးစားရာမှ တင်းမာမှုများဖြစ်ပေါ်လာသည်၊ မြို့ပေါ်ရှိ KIA ဆက်ဆံရေးရုံးမှ ဝန်ထမ်းများကို TNLA က ထွက်ခွာစေခဲ့ခြင်းဖြစ်သည်ဟု TNLA ပြောခွင့်ရ လွေးယေဦးက ပြောသည်။
“လက်ရှိ စစ်ရေးယူနီဖောင်းတွေ ဝတ်ဆင်ထားတဲ့ KIA ဝန်ထမ်းတွေကို ကျွန်မတို့ ဖယ်ရှားတာဖြစ်ပါတယ်။ တကယ်လို့ KIA ဘက်က ဆက်ပြီးတော့မှ မဟာမိတ်ဆက်ဆံရေးရုံး ဖွင့်ချင်တယ်၊ KIA ဆက်ဆံရေးရုံး ဖွင့်ချင်တယ်ဆိုရင် ကျွန်မတို့ဆီ စာတင်ပြီးတော့မှ အရပ်ဝတ်နဲ့ နေထိုင်သွားမည်ဆိုရင် ကျွန်မတို့ ခွင့်ပြုကောင်းပြုပေးနိုင်ပါတယ်၊ စဉ်းစားပေးနိုင်ပါတယ်” ဟု သူက ပြောသည်။
ကွတ်ခိုင် အပါအဝင် TNLA ထိန်းချုပ်ထားသည့် မြို့များတွင် မဟာမိတ်ဆက်ဆံရေးရုံး ဖွင့်လိုပါက ခွင့်တောင်းရန် KIA ထံ ယခင်ကပင် အသိပေးထားသည်ဟုလည်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံမြို့နယ်များတွင် ပြီးခဲ့သည့်နှစ်မှ စတင်ကာ KIA နှင့် TNLA တို့အကြား နယ်မြေအငြင်းပွားမှုများ အဆက်မပြတ်ဖြစ်ပွားနေသည်။
မန်တုံ၊ နမ့်ခမ်း၊ မုံးဝီး စသည့် ဒေသများရှိ KIA ဂိတ်စခန်းများနှင့် တိုက်နယ်ရုံးအချို့ကို TNLA က အင်အားသုံးဖယ်ရှားသည့်အတွက် ဆက်ဆံရေး တင်းမာကာ ထိုးကြိတ်ရိုက်နှက်မှုများဖြစ်ပေါ်ခဲ့သည်။
အထက်ပါ အခြေအနေများနှင့် ပတ်သက်ပြီး TNLA နှင့် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
TNLA ၏ ပြောခွင့်ရ လွေးယေဦးကလည်း အလားတူ ပြောသည်။
“ဒီပြဿနာတွေဆက်လက်မကြီးထွားဖို့၊ မဟာမိတ်ဆက်ဆံရေးတွေမပျက်ပြားဖို့၊နောက်တစ်ခုက တည်တံ့ခိုင်မြဲတဲ့ မဟာမိတ်ဆက်ဆံရေးတွေ ဆောင်ရွက်နိုင်ဖို့ ဗဟိုအဆင့်တွေ့ဆုံဆွေးနွေးပြီးတော့မှ ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု လွေးယေဦးက ပြောသည်။
ရှမ်းမြောက်ရှိ လတ်တလော တင်းမာမှုများနှင့် ပတ်သက်ပြီး KIO ထိပ်သီးခေါင်းဆောင်ဗိုလ်ချုပ်ဂွမ်မော်က ရှမ်းမြောက်လူထုနှင့် အစည်းအဝေးလုပ်ပြီး လူထုသဘောထားရယူပြီးလျှင်ဆုံးဖြတ်ချက် ချနိုင်မည်ဟု ၎င်း၏ Facebook လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။
ဗိုလ်ချုပ်ဂွမ်မော်၏ သဘောထားနှင့် ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူလွေးယေဦးကလည်း ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း မှတ်ချက်ပေးသည်။
“တကယ်လို့ လူထုကို အခြေခံပြီးတော့မှ လူထုရဲ့ လုံခြုံရေးနဲ့ လူထုရဲ့ တည်ငြိမ်ရေးကိုမထိပါးဘူးဆိုရင်တော့ ကျွန်မတို့က ဆောင်ရွက်ဖို့ ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့လည်းရှိပါတယ်” ဟု လွေးယေဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးမတိုင်မီ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဟာမိတ်အနေဖြင့်အတူလက်တွဲ လှုပ်ရှားခဲ့ကြသည့် KIA နှင့် TNLA တို့သည် ၁၀၂၇ စစ်ဆင်ရေးအပြီးစစ်ကောင်စီတပ် ကင်းစင်သွားသည့်နောက်တွင် အောက်ခြေတပ်များ ဆက်ဆံရေး စတင်တင်းမာလာကြသည်။
၂၀၂၃ အောက်တိုဘာက စတင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကရှမ်းမြောက်ရှိ စစ်ကောင်စီတပ်အားလုံးနီးပါးကို တိုက်ထုတ်နိုင်ခဲ့ပြီး ထိန်းချုပ်နယ်မြေများ ပိုမိုပိုင်ဆိုင်လာကြသည်။
KIA နှင့် နယ်မြေအငြင်းပွားမှုဖြစ်နေသည့် ကွတ်ခိုင်၊ မန်တုံနှင့် နမ့်ခမ်းမြို့များကို TNLA က၁၀၂၇ စစ်ဆင်ရေးကာလတွင် သိမ်းပိုက်ထားပြီး၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ တိုက်နယ်ကျေးရွာကို KIA က သိမ်းပိုက်ထားသည်။
TNLA သိမ်းပိုက်ထားသည့် ဒေသများတွင် တအာင်းတိုင်းရင်းသားများအပြင် ကချင်နှင့်အခြားတိုင်းရင်းသားများလည်း ရောနှောနေထိုင်လျက်ရှိသည်။
နယ်မြေမပိုင်းခြားနိုင်သည့် အခြေအနေများတွင် အငြင်းပွားမှုများ ဆက်ရှိနိုင်နေသည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ၏ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဒေသတွင် နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်းခဲ့ဖူးသည့် ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား အငြင်းပွားမှုများကို လက်နက်ကိုင်ပဋိပက္ခအဆင့်ထိ မရောက်အောင် ထိန်းသိမ်းသင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
“ပြည်တွင်းစစ်ဖြေရှင်းပြီးတဲ့အခါကြရင်တော့ ဒေသအလိုက် ဖြေရှင်းမှုတွေရှိလာပါလိမ့်မယ်။ဒီအတွင်းမှာ လက်နက်ကိုင် ပဋိပက္ခအဖြစ် ပေါက်ကွဲထွက်ပေါ်မသွားဖို့အတွက် နှစ်ဘက်လုံးကထိန်းသိမ်းရမယ့် အနေအထားရှိတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။
KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မဟာ(၃)ခုအခြေစိုက်ပြီး၊ ကချင်ပြည်နယ်တွင် တပ်မဟာ(၈)ခုရှိသည်။
၁၀၂၇ စစ်ဆင်ရေး အတွင်း TNLA က မန္တလေးတိုင်းမှ မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိမိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင်စသည့် ၁၂ မြို့ကို သိမ်းပိုက်ထားသည်။