မေးမြန်းခန်းအာဘော်

“ပြည်သူကလည်း ကျွန်တော်တို့ကို ပြုပြင်ပေးရမယ်” အင်တာဗျူး

အရပ်သားများကို ခြိမ်းခြောက်၊ ရိုင်းစိုင်းစွာ ပြောဆိုပါက ထိရောက်စွာ အရေးယူမည်ဟု ထုတ်ပြန်ထားသော မကွေးတိုင်း လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ စုစည်းမှုအကြောင်း ဆက်သွယ် မေးမြန်းထားသည်။

လက်နက်စက်ရုံများရှိရာ မကွေးတိုင်းမှ ဒေသအခြေပြု တော်လှန်ရေးတပ်ဖွဲ့တချို့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ PDF တပ်ရင်း ၂ ခု စုပေါင်းကာ ဖေဖော်ဝါရီ လကုန်ပိုင်းတွင် မဟာမိတ်ဖွဲ့လိုက်သည်။

ပြည်သူများနှင့် ဆက်ဆံရေး၊ အဖွဲ့အချင်းချင်း ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး စည်းကမ်းချက် ၁၃ ချက်ကို  ဘုံသဘောတူညီချက်များအဖြစ် ချမှတ်ထားရာ  ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ မောက်မာရိုင်းစိုင်းစွာ ပြုမူခြင်း မလုပ်ဆောင်ကြရန်၊ မဟာမိတ်တပ်ဖွဲ့ဝင်အချင်းချင်း နားလည်မှုလွဲမှားပါက လက်နက်နှင့်ဖြေရှင်းခြင်း မပြုရန် စသည့်အချက်များ ပါဝင်သည်။

ထိုတပ်ပေါင်းစုတွင် ပါဝင်သော ဒေါင်းစစ်အောင် (LPDF) အဖွဲ့၏ တာဝန်ခံဖြစ်သူ ကိုထူးလေးက  မဟာမိတ်ဖွဲ့ခြင်း၊ ဒေသအခြေအနေတို့နှင့် ပတ်သက်ပြီး  Myanmar Now ကို ပြောပြထားသည်။  

မေး။   ။  မြေပြင်တပ်ရင်းတပ်ဖွဲ့ ၆ ခု ဘာကြောင့် ပူးပေါင်းဖြစ်တာလဲ။ 

ဖြေ။    ။   စုဖွဲ့ရတဲ့ အကြောင်းကတော့ ပူးပေါင်းပြီးတော့ ရှေ့ဆက်ပြီး အလုပ်တွေ လက်တွဲပြီး လုပ်သွားဖို့ ရှိတယ်။ တိုင်ပင်မယ်၊ ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်၊ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ အပြန်အလှန် ထိန်းကြောင်းသွားမယ်။  
မြေပြင်မှာရှိတဲ့ ခေါင်းဆောင်တွေကြားမှာ အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်ခဲ့တယ်။ ဘုံသဘောတူညီချက်ထုတ်ကြတယ်။ ဆွေးနွေးတိုင်ပင်မှာတွေနဲ့ နောက်ဆုံးမှာ အခုလို ရလဒ်ကို ရခဲ့တာဖြစ်ပါတယ်။ 

ဒီစုဖွဲ့မှုမှာ မင်းဘူးခရိုင်မှာရှိတဲ့ ကျွန်တော်တို့ ဒေါင်းစစ်အောင်(LPDF)၊ PDF မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း၊ PDF မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းပါမယ်၊ နောက်ပြီး ဒေါင်းညီနောင်မြို့ပြပျောက်ကြား တပ်ဖွဲ့ ၊ SALIN (LPDF) ပြီးရင်တော့ ဗမာ့တပ်တော် အမှတ် (၇၀၇) တပ်ရင်း ပါမယ်။ ကျွန်တော်တို့ ဒီ ၆ ဖွဲ့ က စုဖွဲ့မှု လုပ်ခဲ့တာ ဖြစ်ပါတယ်။ 

မေး။      ။  အခုလို တပ်ပေါင်းစုအနေနဲ့ စုဖွဲ့လိုက်ပြီတော့ ရှေ့ဆက်ပြီး ဘယ်လိုလှုပ်ရှားမှု လုပ်ဆောင်သွားမှာလဲ။

ဖြေ။      ။ ကျွန်တော်တို့ အဖွဲ့တွေ စုပေါင်းပြီးတော့ ထုတ်ထားတဲ့ ဘုံသဘောတူညီချက် ၁၃ ချက်ရှိတယ်။ အဲဒီ ၁၃ ချက်ထဲမှာလည်း လိုအပ်လာရင် ထပ်ပြီးတော့ ဖြည့်စွက်ရမယ့်အချက်တွေလည်း ရှိတယ်။ အများနဲ့ မကိုက်ညီဘူးလို့ ဖြစ်လာမယ့် အချက်တွေကို ပြန်ဖျက်သွားဖို့ရှိတယ်။ ပြောချင်တာကတော့ ထပ်ပြီးတော့ တိုးလာဖို့လည်းရှိသလို ပြန်လျော့သွားတာမျိုးတွေလည်းရှိပါမယ်။ 

အဓိက ကျွန်တော်တို့ ရည်ရွယ်ပြီး သွားချင်တာကတော့ ပြည်သူပါပဲ။ ကျွန်တော်တို့ ပြည်သူတွေက မအဘူးဗျ၊ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကတော့ ဘယ်လိုရှိတယ်၊ ဘယ်တပ်ရင်းတပ်ဖွဲ့က ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ သူတို့တွေက ကောင်းကောင်းကြီး သိနေကြတယ်။ အဲဒီမှာမှ ကျွန်တော်တို့ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ အဆင်မပြေဘူးတို့၊ စကားများနေကြတယ်ဆိုရင် ကျွန်တော်တို့ကို ထောက်ပံ့ပေးနေကြတဲ့ ပြည်သူတွေရဲ့ စိတ်ထဲမှာလည်း စိတ်မကောင်းကြဘူးဗျ။ 

ဒါကြောင့် ကျွန်တော်တို့ အခုသွားကြမှာက အဓိက ပြည်သူအတွက်ပဲ။ အခုလို ကျွန်တော်တို့ ညီညီညွှတ်ညွှတ်၊ စည်းစည်းလုံးလုံးရှိကြတယ်ဆိုတာကို ပြည်သူတွေ သိရတယ်ဆိုရင် ပြည်သူလည်း ဝမ်းသာမယ်၊ အားရမယ်။ ကျွန်တော်တို့ ဒီစုဖွဲ့အကြောင်းကို ပြည်သူတွေဆီက စကားသံတွေ ပြန်ကြားရပါတယ်။ ငါတို့ မြို့နယ်မှာ စည်းလုံးမှုရှိပြီဟ၊ ညီညွှတ်မှုရှိနေပြီဟ ဆိုတဲ့ စကားတွေလည်း ကျွန်တော်တို့ ပြည်သူတွေဆီက ပြန်ကြားရတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့တွေ အများကြီးဝမ်းသာရတယ်။ 

ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့ ဒီ ၆ ဖွဲ့ကနေပြီးတော့ ဆက်လက်ပြီးတော့ စစ်ရေးမစ်ရှင်တွေကိုရော ပိုပြီးတော့ အတူတကွ တိုင်ပင်ပြီးတော့ လုပ်ဆောင်သွားဖို့တွေ ရှိပါမယ်ခင်ဗျ။ 

မေး ။       ။ အခုက စလင်းမြို့နယ်ထဲက မြို့နယ်အဆင့် တပ်ရင်းတပ်ဖွဲ့ စုဖွဲ့တာလို့ နားလည်ရပါတယ်ပေါ့။ တချို့ မင်းဘူးခရိုင်တပ်ရင်းတွေပါတာတော့ရှိတယ်။ ဒီအဆင့်ကနေ မင်းဘူးခရိုင်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ စုပေါင်းလာမယ့် တပ်ပေါင်းစုအဆင့်အထိ မျှော်မှန်းထားလား။ 

ဖြေ ။        ။ လက်ရှိမှာကတော့ ဒါက မြို့နယ်အဆင့်ပေါ့၊ စလင်းမြို့နယ်မှာ ရှိတဲ့ မြေပြင်တိုက်ခိုက်ရေး အဖွဲ့တွေ စုပေါင်းမိတာပေါ့။ ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့လည်း ခရိုင်အတွင်းမှာရှိနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေ အကုန်လုံး စုပေါင်းမှုနဲ့ သွားကြမှာပါ။  

အခုကျွန်တော်တို့ဆိုရင်လည်း စလင်းမြို့နယ်စတယ်၊ ပြီးရင် ပွင့်ဖြူ သွားမယ်၊ ပြီးရင် မင်းဘူး အထိ ကျွန်တော်တို့ သွားမယ်။ ထိုနည်းတူစွာပဲ ခရိုင်အတွင်းမှာရှိတဲ့ တိုက်ခိုက်ရေးအဖွဲ့တွေကို ဖြစ်စေချင်တယ်။ ထပ်ပြီး ဖြစ်အောင် လုပ်ဆောင်သွားဖို့ပဲရှိပါတယ်။ 

ဒီခရိုင်အတွင်းမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့လည်း ကျွန်တော်တို့ မသိတဲ့သူတွေမရှိကြပါဘူး။ အားလုံးက ညီအစ်ကိုတွေပဲ၊ မဟာမိတ်တွေချည်းပဲ၊ ဒါကြောင့် တရားဝင်သွားကြဖို့အတွက် ကျွန်တော်တို့ ဆက်လုပ်ဆောင်သွားပါမယ်။ 

ဒီမြေပြင်မှာရှိကြတဲ့ အဖွဲ့တွေ စုစည်းညီညွှတ်ကြဖို့အတွက်က တအားကြီး မခဲယဉ်းပါဘူး။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေက စစ်အာဏာရှင်ကို ဟိုးအစကတည်းက မခံချင်စိတ်နဲ့ တွန်းလှန်ခဲ့တာ၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ စိတ်အချင်းချင်းက တူညီကြပြီးသားဖြစ်တယ်၊ ရင်ဘတ်ထဲမှာ ရှိကြတဲ့ အရာတွေက အတူတူပါပဲ။ စစ်အာဏာရှင် ဖြုတ်ချဖို့အတွက်ပဲ ကျွန်တော်တို့ ဦးတည်တယ်။ စစ်အာဏာရှင်ကို တိုက်ဖို့အတွက်ပဲ ကျွန်တော်တို့ ဦးတည်တယ်။ 

အဲဒီမှာ ဘာတွေစုစည်းဖို့ လိုနေလဲလို့ မေးလာတဲ့အခါမှာ ကျွန်တော်တို့ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ မှာ ငါဆိုတဲ့ ငါအစွဲလေးတွေ ဖြုတ်ရမယ်။ ပြီးရင် အတ္တ လျှော့ရမယ်။ ကျွန်တော်တို့တွေက တော်လှန်ရေးလုပ်နေကြတဲ့ တော်လှန်ရေးသမားတွေဖြစ်တယ်။ ငါ ၊ ငါ့အဖွဲ့အစည်းမှဆိုပြီး အဲဒီလို အတ္တကြီးလို့ မရဘူး။ အဲဒီအရာလေးတွေ လျှော့လိုက်မယ်ဆိုရင် ကျွန်တော်တို့တွေ ဘယ်အဖွဲ့အစည်းနဲ့ မဆို မပေါင်းစည်းနိုင်စရာမရှိပါဘူး။ 

ကျွန်တော်တို့ရဲ့ ဘုံရန်သူက တစ်ဦးတည်းပဲ ရှိတယ်၊ ဒီစစ်ကောင်စီပဲ။ ဒီလိုအခြေအနေမျိုးမှာ ဘာမှ အတ္တကြီးနေစရာမရှိဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဘယ်ရာထူး၊ ဘယ်တာဝန်မှ လိုချင်လို့ တော်လှန်ရေးလုပ်နေကြတာ မဟုတ်ဘူး။ 

ကျွန်တော်ရဲဘော်တွေ မှားလို့ရှိရင် သူတို့တွေ ပြုပြင်ပေးလို့ရတယ်၊ တော်လှန်ရေးသမားအချင်းချင်း ပြုပြင်ပေးရမယ်။ ပြည်သူကလည်း ကျွန်တော်တို့ကို ပြုပြင်ပေးရမယ်။ သူတို့ အဖွဲ့၊ ရဲဘော်တွေက ပြည်သူနဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့ရှိရင်လည်း ကျွန်တော်တို့ သူတို့ကို လမ်းပြပေးရမယ်။ ဆုံးမတာမျိုးမဟုတ်ရင်တောင် ကျွန်တော်တို့ လမ်းပြပေးရမယ်။ အဓိကက ငါဆိုတဲ့ ငါအစွဲတွေ မရှိရင် အကုန်လုံးအဆင်ပြေပါတယ်။  

စစ်သင်တန်းလေ့ကျင်ရေးလုပ်နေကြသော ဗမာ့တပ်တော်မှ တပ်ဖွဲ့ဝင်များ ( ဗမာ့တပ်တော် Facebook)

မေး။       ။ မင်းဘူးခရိုင် စလင်းမြို့နယ်ဆိုတာကလည်း စစ်ကောင်စီတပ်တွေကို အဓိက လက်နက်ခဲယမ်း ထောက်ပံ့ပေးနေတဲ့ ကပစ စက်ရုံတွေရှိတဲ့ ဒေသဆိုတော့ လတ်တလောမှာ မြေပြင်စစ်ရေးအခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ။       ။ လက်ရှိမှာကတော့ ဒီတစ်ခရိုင်လုံးမှာပေါ့၊ တစ်နေရာမဟုတ် တစ်နေရာတော့ တိုက်ပွဲတွေ ဖြစ်နေကြတယ်။ ပွင့်ဖြူမှာပဲ ဖြစ်ဖြစ်၊ မင်းဘူးမှာပဲ ဖြစ်ဖြစ်၊ စေတုတ္တရာ မှာပဲ ဖြစ်ဖြစ် တိုက်ပွဲတွေက ဖြစ်နေကြတာပါပဲ။ အခုအချိန်ကလည်း ကျွန်တော်တို့က စစ်ရေးအရှိန်မြှင့်နေတဲ့ကာလ ဖြစ်တာကြောင့် တစ်နေရာမဟုတ် တစ်နေရာမှာ တိုက်ပွဲဖြစ်နေတယ်။ 

မင်းဘူးခရိုင်က တကယ့်ကို စစ်ကောင်စီရဲ့ အချက်အခြာကျတဲ့ နယ်မြေတစ်ခုတည်းမှာပါတယ်။ ကပစတွေ ရှိတယ်။ ကပစ စက်ရုံတွေ တိုက်ခိုက်မှုနဲ့ ၀ိုင်းဝန်းပိတ်ဆို့ထားမှု အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က စစ်ရေးဆိုင်ရာအချက်အလက်တွေ ဖြစ်တာကြောင့် ပြောပြခွင့် မရှိပါဘူး။ 

ကျွန်တော်တို့ ညီအစ်ကိုအဖွဲ့တွေ ကပစ ယာဉ်တန်းတွေကို တိုက်ခိုက်ခဲ့တာတွေရှိတယ်။ ဒါပေမဲ့  ကျွန်တော်တို့တော့ ဘယ်မြို့နယ်တော့ ရထားပါပြီ၊ ဘယ်မြို့နယ်ကိုတော့ သိမ်းပိုက်ထားပါပြီဗျ၊ ကပစတွေကို ဘယ်လို၀ိုင်းထားပါပြီဗျ ပြောဆိုထားပြီးတော့ တကယ်ထိန်းထားတဲ့ အင်အားမရှိရင် တကယ်နာမှာက ပြည်သူပဲ။ 

အဲဒီအချိန်ဆိုရင် စကစ လေယာဉ်နဲ့ ဗုံးကြဲလိုက်၊ Paramotor (စက်တပ်လေထီး) လာလိုက်နဲ့ ဆိုတော့ ကျွန်တော်တို့တွေ အလကားနေရင်း အာမချောင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ လုပ်မယ့် အရာတွေကို ထုတ်မပြောဘူး၊ လုပ်မယ့် အရာတွေကိုသာ စောင့်ကြည့်ပါ။ 

မေး။        ။ လက်ရှိ စစ်ကောင်စီရဲ့ နယ်မြေစိုးမိုးထိန်းချုပ်နိုင်စွမ်းအားကတော့ ဘယ်လိုရှိနေပါသလဲ။ 

ဖြေ။         ။ မြေပြင်မှာ ကျွန်တော်တို့ မဟာမိတ် ၆ ဖွဲ့ နဲ့ အတူတူ ကျန်တဲ့ ခရိုင်တပ်ဖွဲ့တွေ အကုန်လုံး ကတော့ အထိုက်အလျောက်တော့ နယ်မြေစိုးမိုးထားမှုရှိတယ်။ ဘယ်လောက်အထိ စိုးမိုးထားနိုင်လဲ ဆိုတာက ပြည်သူတွေ သွားရေးလာရေး တင်းကျပ်ခံရမှုတွေ ဖြစ်ပေါ်လာမှာစိုးတဲ့အတွက်ကြောင့် ကျွန်တော်တို့ ပြောပြလို့မရဘူး။ 

ဒါပေမဲ့ စစ်ကောင်စီကို မင်းဘူးခရိုင် ၁၄ မြို့နယ်အတွင်းမှာ ကျွန်တော်တို့ ခြိမ်းခြောက်ထားနိုင်တဲ့ အနေအထားတစ်ခုအထိကိုတော့ ရောက်နေပါပြီ။ 

မေး။        ။ မင်းဘူးခရိုင်ထဲမှာရှိတဲ့ မြေပြင်တပ်ဖွဲ့တွေအတွက် လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲဆိုရင် ဘာဖြစ်မလဲ။ 

ဖြေ။        ။ တပ်ရင်းတပ်ဖွဲ့တွေမှာ သူ့အဖွဲ့ နဲ့ သူလိုအပ်ချက်တွေကတော့ ရှိကြတာပါပဲ။ ကျွန်တော်တို့ တချို့တိုက်ပွဲတွေမှာ ခဲယမ်း မလောက်လို့ ပြန်ဆုတ်လိုက်ရတယ်။ ရလုဆဲဆဲ စခန်းသိမ်းတိုက်ပွဲတွေမှာ ခဲယမ်းမလုံလောက်လို့ တပ်ဆုတ်ပေးခဲ့ရာတွေရှိပါတယ်။ ကျွန်တော်တို့ LPDF ပဲ ဖြစ်ဖြစ်၊ တခြားတပ်ရင်းတပ်ဖွဲ့တွေပဲ ဖြစ်ဖြစ် အကုန်လုံးလိုအပ်ချက်တွေရှိကြတယ်။ 

ကျွန်တော်တို့ LPDF တွေဆိုရင်ပိုပြီးတော့ လိုအပ်ချက်များတာပေါ့၊ ကျွန်တော်တို့ လက်နက် ကျွန်တော်တို့ဘာသာ ဝယ်ရတယ်၊ ကျည်ဆိုရင်လည်း ကိုယ့်ဘာသာဝယ်ရတယ်၊ ဆက်စပ်ပစ္စည်းကစလို့ စစ်သုံးပစ္စည်းတွေကို ကိုယ့်ဘာသာဝယ်ကြရတယ်။ ကျွန်တော်တို့ကိုဆိုရင် တိုင်းခရိုင်၊ အစိုးရဘက်က ထောက်ပံ့ပေးတာမျိုး သိပ်မရှိဘူး။

ကျွန်တော်တို့မှ လက်နက်ရှိတော့လည်း ခဲယမ်းလိုအပ်တယ်။ ကျွန်တော်တို့လို မြေပြင်တကယ် လုပ်ဆောင်နေကြတဲ့ LPDF တွေ အဖွဲ့အစည်းတွေကို အစိုးရ(NUG)၊ တိုင်းခရိုင်တာဝန်ရှိသူတွေအနေနဲ့ တတ်နိုင်သလောက် ထောက်ပံ့ပေးကြပါလို့ ပြောချင်တယ်။  

မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းမှ တော်လှန်ရေးရဲဘော်များကို တွေ့ရစဉ်

မေး။      ။ လတ်တလော စုဖွဲ့မှု နဲ့ မြေပြင်အခြေအနေတွေနဲ့ ပတ်သက်ပြီး    ပြောပြပေးပါဦး။

ဖြေ။       ။  ကျွန်တော်တို့ ဒီထက်မက စည်းလုံးအောင် သွားမယ်။ မဟာမိတ်စုဖွဲ့မှာ မရှိသေးတဲ့ အဖွဲ့တွေကိုလည်း ကျွန်တော်တို့ ပါဝင်လာဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေနဲ့ လာရောက် ဆွေးနွေးညှိနှိုင်းလို့ရပါတယ်၊ ဘုံသဘောတူညီချက်ကိုလည်း ပြင်ဆင်ချင်တာ၊ ဖြည့်စွက်ချင်တာရှိလည်း အကြံပြုကြပါ။ ကျွန်တော်တို့ဘက်က လက်တွဲဖို့ အဆင်သင့်ပါပဲ။ အမြဲကမ်းလှမ်းထားပါတယ်။ 

သတင်းပိုင်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပြည်သူတွေကိုလည်း တောင်းပန်ချင်ပါတယ်၊ နောက်ပြီးတော့ မီဒီယာသမားတွေကိုလည်း တောင်းဆိုချင်ပါတယ်၊ တောင်းပန်ချင်ပါတယ်၊ အဲဒါက ဘာလဲဆိုရင် မြေပြင်မှာ စစ်ရေးမစ်ရှင်ဖော်ဆောင်နေတဲ့ အချိန်မှာ တစ်ခါတလေ ကျွန်တော်တို့က တိုက်ပွဲက မပြီးသေးဘူး၊ လိုင်းပေါ်မှာ တိုက်ပွဲသတင်းက ရောက်နေပြီ၊ သတင်းမီဒီယာဌာနတွေမှာ သွားကြည့် လိုက်ရင်လည်း ပြည်သူက သတင်းပေးပို့မှုကြောင့် တင်တာတွေတို့၊ ပြည်သူအချင်းချင်းက တင်တာတွေတို့ ကျွန်တော်တို့ အဲဒီလိုမျိုးတော့ လုံး၀မဖြစ်စေချင်ပါဘူး။ 

Show More

Related Articles

Back to top button