သတင်း

မုံရွာ-မန္တလေး လမ်းပေါ် တိုက်ပွဲတွင် ကလေးအပါအဝင် ခရီးသွား ၃ ဦးသေဆုံး 

စစ်ဌာနချုပ်တစ်ခုအနီး တိုက်ပွဲဖြစ်ပွားခဲ့စဉ် အကာအကွယ်အဖြစ် အသုံးပြုခံရသည့် အမျိုးသမီး ၃ ဦး သေဆုံးရာ ထိုအထဲတွင် ၁ နှစ်ခွဲသမီးနှင့် သူ၏မိခင် ပါဝင်သွားသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မတ် ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာ မုံရွာ – မန္တလေး ကားလမ်းပေါ်မှ ခရီးသွားများဖြစ်သော အသက် ၁ နှစ်ခွဲအရွယ် မိန်းကလေး အပါအဝင် ၃ ဦး သေဆုံးကြောင်း ဒေသခံများထံက သိရသည်။

အင်အား ၃၀ ကျော်ပါ သံပြားကာထားသော စစ်တပ်ယာဉ် ၂ စီး ငါးယှန်ရွာအနီး ချုံခိုတိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ခဲ့သည်၊  ထိုနေရာသို့ သွားသော စစ်ကူများက ခရီးသည်တင်ကား ၁ စီးကို အကာကွယ်ပြု၍ သွားလာရာမှ အရပ်သားများ ထိသွားခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ကားပေါ်မှ အသက် ၅၀ ကျော်အရွယ် ခရီးသည်အမျိုးသမီး ၁ ဦး သေဆုံးသည်၊ တိုက်ပွဲပြီးဆုံးချိန်တွင်   အင်ဂျင်တပ်လေထီး သုံးပြီး ဗုံးကြဲမှုကြောင့် ကလေးနှင့်မိခင်ဖြစ်သူတို့ သေဆုံးသည်ဟု တော်လှန်ရေးအဖွဲ့များက ဆိုကြသည်။ 

“စစ်ကောင်စီက စစ်ကူလာတဲ့အခါမှာ (Express) ကားကို ချောဆွဲလာပြီးတော့ ဒရိုင်ဘာကို သေနတ်နဲ့ ထောက်ထားပြီးတော့ မောင်းလာခဲ့တယ်။ မောင်းလာပြီးတော့ အခင်းဖြစ်တဲ့နေရာထိ မောင်းလာတယ်။ မောင်းလာပြီး သူတို့ဘက်ကနေ စပစ်ခတ်တယ်” ဟု ချောင်းဦး PDF အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသန့်က ပြောသည်။ 

“အပြန်အလှန်ပစ်ခတ်ကြတဲ့အခါမှာ သူတို့ အခြေအနေ မသာတဲ့အခါ ထွက်ပြေးသွားတယ်”

ထိုနေ့က မြေပြင်တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်များနှင့် ကားပေါ်ပါ ခရီးသည်များကို ကိုးကားပြီး ၎င်းက ပြောဆိုခြင်းဖြစ်သည်။ 

စစ်ကောင်စီက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

နေပြည်တော်မှ မုံရွာသို့ထွက်လာသည့် ခရီးသည် ၁၀ ယောက်ခန့်ပါသည့် ကောင်းကင်ယံ အဝေးပြေးကား မှာ ထိုနေ့က ချောင်းဦးအနီး တိုက်ပွဲဖြစ်သံများကြား၍ ချောင်းဦးမရောက်မီ ၇ မိုင်ဝန်းကျင်တွင်  ရပ်တန့်ထားသည်ဟု သိရသည်။

ကားရပ်ထားသည့်နေရာအနီး ချောင်းဦးမြို့နယ်၊ နတ်ရေကန်စခန်း တည်ရှိရာ ထိုတပ်က ခရီးသည်တင် အဝေးပြေးကားကို အကာကွယ်ယူ၍ စစ်ကူနိုင်ရန် ကြိုးပမ်းခဲ့သည်ဟု ကိုသန့်က ဆိုသည်။

“တိုက်ပွဲဖြစ်တဲ့အချိန်မှာ လမ်းမကြီးတလျှောက်မှာ ခရီးသွားကားတွေ၊ လမ်းသွားလမ်းလာကားတွေက ရပ်နေတယ်။ သူ့ရှေ့မှာကိုက ကားအသေးတွေ၊ အိမ်စီးကားတွေ အများကြီးရှိတယ်။ အများကြီးရှိတဲ့ အထဲမှာကိုမှ နတ်ရေကန်အထိုင်စခန်းမှာရှိတဲ့ xx က သူတို့ကားကို လှမ်းခေါ်လိုက်ပြီးတော့ အဲ့ဒီ ကားပေါ် ပါလာတာဗျ”ဟု ကိုသန့်က ဆက်ပြောသည်။

ထိုနေ့က ဖြစ်စဉ်ကို သိရှိထားပြီး လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကလည်း အလားတူ ပြောသည်။

“ကျွန်တော်တို့ သိရသလောက်တော့ စစ်သားတွေက ကားပေါ်တက်လိုက်လို့ ဟိုကနေ ပစ်တယ်လို့ သိရတာ”ဟု သူက ဆိုသည်။

တော်လှန်ရေးအဖွဲ့များ ထုတ်ပြန်ထားသော ရုပ်သံ၊ ဓာတ်ပုံများအရ လမ်းဘေး တစ်ဖက်တစ်ချက်စီတွင်   နေရာယူထားပြီး ပစ်ခတ်နေကြသည်ကို တွေ့ရသည်။

အဆိုပါတိုက်ပွဲတွင် ပါဝင်ခဲ့သော ချောင်းဦး PDF ၏ တပ်ခွဲမှူး ကိုကြည်သိန်းက တိုက်ပွဲဖြစ်သည့် နေရာသို့ အဖြူရောင် Express ယာဉ် ရောက်ရှိလာသည်ဟု ပြောသည်။

“ Express က ဂျန်မာ (သံပြားကာ)ကားနား မရောက်ခင်မှာရပ်လိုက်တာ။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့က ဘာမှ မလုပ်သေးဘူး။ ပြည်သူတွေ ပါလား။ ကားထဲက ဖောက်တာရယ်၊ ကားအောက်ကိုဆင်းပြီး ကားရဲ့ အောက်ခြေပိုင်းဘက်က ဖောက်တာရယ်၊ နောက်ပြီးတော့ ကားရဲ့နောက်ဖျားကနေ နေရာယူပြီး ပစ်ကြတော့ ကျွန်တော်တို့ကလည်း ပစ်ကြတာ” ဟု သူက ပြောသည်။

ဗုံးဒဏ်ကြောင့် သားအမိ ၂ ဦး သေဆုံး

တော်လှန်ရေးအဖွဲ့များဘက်က အင်အားသာလွန်နေသောကြောင့် စစ်ကောင်စီတပ်များ ဆုတ်ခွာသွားရာ ကားထဲမှ ခရီးသည်များကို လမ်းဘေးလယ်ကွင်းထဲသို့ ကယ်ထုတ်ပေးနေစဉ် အင်ဂျင်တပ်လေထီး (ပါရာမိုတာ) တစ်စီးရောက်လာကာ ဗုံး ၂ လုံးကြဲချသည်ဟု ချောင်းဦး PDF ထံက သိရသည်။ 

“ကယ်ထုတ်တဲ့အချိန်မှာ သားအမိနှစ်ယောက်က အသက်မဆုံးရှုံးသေးဘူး။ ပါရာမိုတာလည်း ရှိနေတော့ ဘေးလွတ်ရာကို ကယ်ထုတ်ပြီးတော့ တိုက်ပွဲအတွင်းမှာ အန္တရာယ်ကင်းဖို့ဆိုပြီးတော့ မြောင်းတွေထဲမှာ ထားတဲ့အချိန်မှာ အပေါ်က ပါရာမိုတာ ချပြီးတော့ ထိသွားတာ” ဟု ကိုကြည်သိန်းက ပြောသည်။

ဗုံး ၁ လုံးမှာ လယ်ကန်သင်းရိုးဘောင်ပေါ်ကျရောက်ပေါက်ကွဲပြီး နောက် ၁ လုံးမှာ ထိုသားအမိနှင့် တော်လှန်ရေးတပ်ဖွဲ့များအနီးဝန်းကျင်တွင် ပေါက်ကွဲခဲ့သည်ဟု သိရသည်။

မုံရွာမှ ထိုအမျိုးသမီးမှာ နဖူးတွင် ဗုံးစထိမှန်ပြီး သေဆုံးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာရကြသည် ဟု  ချောင်းဦး PDF ၏ တပ်ခွဲမှူး ကိုကြည်သိန်းက ပြောသည်။

“ကျွန်တော်နဲ့သူ (ကလေးမိခင်)ကြားထဲကို ဘုန်း…..ဆို…ကျပြီးတော့ ဖုန်လုံးကြီးတွေထလာတာ။ သူ လဲတာကိုတော့ ကျွန်တော်မမြင်လိုက်ရဘူး။ ဖုန်တွေရှင်းလို့သွားတဲ့အချိန်မှာ သူက ထိသွားပြီ။ ထိသွားတာ ချက်ကောင်းထိသွားတာဆိုတော့ အဲ့ဒီကတည်းက မရတော့ဘူး” ဟု ကိုကြည်သိန်းက ပြောသည်။

“ကျည်ကာ ဦးထုပ်က (ခရီးသည်) အကုန်လုံးကို ဆောင်းပေးထားတာ။ ကားပေါ်ကနေ ဆင်းပြီး ရိုးထဲကို ရောက်ပြီဆိုတာနဲ့ ရဲဘော်တွေက ကျည်ကာ ဦးထုပ်တွေကို အကုန်ဆောင်းထားပေးတာ” 

ထိုနေ့က ချောင်းဦးမြို့ပေါ်ရှိ စစ်တပ်အခြေစိုက်သော စိုက်ကွင်းရုံးနှင့် မြပုလဲစခန်းတို့တွင် ရှိသော တပ်က  လက်နက်ကြီးဖြင့် အများအပြား ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ တက်လာသည့် အင်ဂျင်တပ်လေထီးဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ချောင်းဦးမြို့နယ် PDF က ထုတ် ပြန်ထားသည်။ 

တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ  ၁၇ ဦး သေဆုံးပြီး ပြန်ဆုတ်သွားသူ ၁၀ ဦးခန့် ရှိသည်၊ သေနတ် ၁၁ လက် သိမ်းဆည်းရမိသည်ဟု ဆိုသည်။

သေဆုံးခဲ့သော ခရီးသွား သားအမိနှင့် ချောင်းဦးတိုက်ပွဲမှ တော်လှန်ရေးအင်အားစု သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ- ပေးပို့) 


ခရီးသည်တင်ယာဉ်ကို တော်လှန်ရေးအင်အားစု မိုင်းဆွဲ တိုက်ခိုက်ခဲ့၍ အရပ်သားများသေဆုံးသည်ဟု စစ်တပ်ဝါဒဖြန့် တယ်လီဂရန်များက မတ် ၅ ရက်နေ့တွင် ဖော်ပြထားသည်။

တော်လှန်ရေးအင်အားစုကမူ ထိုစွပ်စွဲချက်ကို ငြင်းဆန်ထားသည်။

“ မိုင်းဆွဲတာ မဟုတ်ပါဘူးခင်ဗျာ။ မိုင်းဆွဲတာ ဟုတ်ခဲ့မယ်ဆိုရင် အဲ့ဒီ Express ကားပေါ်မှာ ၂ ဦးတင် မကဘူး။ အကုန်လုံးပါသေသွားနိုင်ပါတယ်” ဟု ချောင်းဦးပကဖ ကိုသန့်က တုံ့ပြန်သည်။ 

ထိုနေ့က တိုက်ပွဲအပြီး မြေပြင်စစ်ကြောင်းထိုးမှုမရှိသော်လည်း ယမန်နေ့ (မတ် ၆) က ချောင်းဦးမြို့မှ ကျီကုန်းရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကိုရင်တစ်ပါး ဒဏ်ရာ ရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ် စစ်ရေးအခြေအနေများကို ကွပ်ကဲသည့် စစ်ဌာနချုပ်တစ်ခုတည်ရှိရာ မုံရွာမြို့နှင့် မန္တလေးကို ဆက်သွယ်ထားသည့် မုံရွာ – မန္တလေး လမ်းမှာ အချက်အချာကျသည့် အဓိက လမ်းမကြီးဖြစ်ပြီး စစ်စခန်းများစွာချထားပြီး စစ်တပ်က နယ်မြေစိုးမိုးထားသည်။

စစ်တပ်က လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ ထိုလမ်းပေါ်တွင်  ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုများက မကြာခဏ ချုံခိုတိုက်ခိုက်လေ့ ရှိသည်။

ထိုလမ်းကြောင်းတွင် စစ်တပ်က ခရီးသည်တင်ကားများတွင် ရောနှောလိုက်ပါသွားလေ့ရှိကြောင်း  အခြေ အနေ သိရှိသည့် အထက်ပါဒေသခံက ပြောသည်။ 

“သူတို့ သွားမယ့်အချိန်မှာ ကြုံတဲ့ကားနဲ့တက်လိုက်ကြတာတွေရှိတယ်။ မေတ္တာရပ်ခံပေမယ့် သူတို့ကလည်း လိုက်မှာ၊ ဘယ်နေရာ၊ ဘယ်နေရာဆင်းမှာပေါ့။   ကားသမား အနေနဲ့လည်း မလိုက်ဖို့ရာ ထပ်ပြီးတော့ ပြောဖို့အတွက် ပြောလို့ မရတော့ဘူးပေါ့” 

“ဒီလမ်းပိုင်းကတော့ အမြဲတမ်းလိုလိုဖြစ်နေတာ။ လမ်းပေါ်တွေမှာကလည်း အဖွဲ့အစည်းနှစ်ဘက်လုံး က ရှိတာဆိုတော့လေ။ အတတ်နိုင်ဆုံးကတော့ အရေးမကြီးရင် ခရီးမသွားတာ ကောင်းတာပေါ့”ဟု ၎င်းက ဆိုသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF နှင့် ပကဖတပ်များ၊ ကျောင်းသားလက်ရုံး တပ်တော် (SAF)၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF)၊ ယင်းမာပင်၊ ဘုတလင်၊ ချောင်းဦး၊ မုံရွာ၊ မိတ္ထီလာ၊ ဆားလင်းကြီး ၊ မန္တလေးတို့မှ တပ်ဖွဲ့ များ ပါဝင်တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။ 

၂၀၂၄ ဩဂုတ်လ လားရှိုးမြို့တိုက်ပွဲအတွင်း လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်မျိုးမင်းထွေးသည် စစ်သုံ့ပန်းအဖြစ်မှ ပြန်လွှတ်လာရာ ၎င်းကို စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် နှစ်မကုန်မီ ပြန်တာဝန်ပေးခံ ထားရသည်။

တိုင်းမှူးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း နှစ်ဆန်းပိုင်းကစပြီး မုံရွာ နမခ မှ အင်ဂျင်တပ်လေထီးများ ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုပြီး မုံရွာ၊ ချောင်းဦး၊ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်တို့တွင် တိုက် ခိုက်မှုများ ဆက်တိုက်လုပ်နေရာ အရပ်သား  ၇ ဦးထက်မနည်းသေဆုံးခဲ့သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီတစ်လအတွင်း စစ်ကောင်စီကြောင့် တစ်နိုင်ငံလုံးတွင် အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့သည်၊ ထိုအထဲတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၅ ဦး ပါဝင်သည်ဟု ဖော်ပြထားသည်။

မုံရွာ – မန္တလေးလမ်းပေါ် ချောင်းဦးမြို့နယ်အနီး မတ် ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာ တည်နေရာပြမြေပုံ 

Show More

Related Articles

Back to top button