သတင်း

မကွေးတိုင်းတွင် လေတပ်တိုက်ခိုက်မှုကြောင့် တစ်လကျော်အတွင်း ၄၀ သေဆုံး

ရက်ပေါင်း ၃၀ ကျော်အတွင်း မကွေးတိုင်းမှ ကလေးနှင့် အမျိုးသမီးများအပါအဝင် အရပ်သား ၄၀ ကျော်မှာ စစ်တပ်၏ လေယာဉ်၊ အင်ဂျင်တပ်လေထီး အသုံးပြုတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည်။

စစ်ရေးပြင်းထန်နေသည့် မကွေးတိုင်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ် နေရာ အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာပြီး ဖေဖော်ဝါရီလမှ မတ်လဆန်းအတွင်း ကလေးနှင့် အမျိုးသမီးများအပါဝင် ၄၀ ကျော်သေဆုံးခဲ့သည်။

နိုင်ငံအလယ်ပိုင်း မကွေးတိုင်းအတွင်းရှိ ပေါက်နှင့်မြိုင်မြို့နယ် နယ်စပ်၊ ရခိုင်ရိုးမတောင်ခြေရှိ စေတုတ္တရာမြို့ နှင့် ယောမြို့ စသည့်ဒေသတို့တွင်   ကျေးရွာများကို ပစ်မှတ်ထားနေသဖြင့် သေဆုံးမှုသိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။

ပုံမှန်သုံးနေကျ စစ်လေယာဉ်များ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်အမျိုးအစား Y 12 တို့ကို သုံးပြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ၃၀ ဦးထက်မနည်းသေဆုံးသည်၊  အင်ဂျင်တပ်လေထီးများသုံးပြီး တိုက်ခိုက်မှုကြောင့် ၁၁ ဦးသေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များနှင့် တော်လှန်ရေး အင်အားစုက ပြောသည်။

ယမန်နေ့ (မတ် ၅) ရက် ညပိုင်းကလည်း ဂန့်ဂေါမြို့နယ်၊ ကန်ရွာကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ  အမျိုးသား၊ အမျိုးသမီး နှစ်ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရသည်။

ဂန့်ဂေါမြို့ မြောက်ဘက် မိုင် ၃၀ ခန့်အကွာ မြစ်သာမြစ်ဘေး ကန်ရွာရှိ ဆိုင်ကယ်ပြင်ဆိုင်ကို  ည ၇ နာရီခွဲဝန်းကျင်က  ဗုံး တစ်လုံး ကျရောက်ပေါက်ကွဲသည်။ 

ထိုတိုက်ခိုက်မှုကြောင့် အနီးဝန်းကျင်ရှိ နေအိမ်မှ အသက် ၄၀ အရွယ် ဒေါ်ထားမြင့်မှာ ဦးခေါင်း ဒဏ်ရာရကာ ထိုနေရာတွင်ပင် သေဆုံးသည်။ ခင်ပွန်းဖြစ်သူ အသက် ၅၀ အရွယ် ဦးအောင်ဖြိုးမှာ   ဆေးကုသမှုခံယူနေစဉ်  ညပိုင်းတွင် သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

ဝမ်းဗိုက်ပေါက်ထွက်သွားသည့် အထက်တန်းကျောင်းသားတစ်ဦး အပါအဝင် ဒေသခံ ၄ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ကုသမှုခံယူနေဆဲဖြစ်သည်ဟု အခြေအနေသိရှိသည့် ဂန့်ဂေါ ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။ 

“ညတုန်းက လေကြောင်းလာတဲ့အချိန်မှာ တချို့က ပုန်းခိုကျင်းထဲရောက်ခဲ့လို့လည်း အဲဒီလောက် ထိခိုက်နည်းတာလို့ ပြောလို့ရတယ်။ ဒီလိုမဟုတ်ရင် ထိခိုက်ပိုများနိုင်တယ်”ဟု ၎င်းက ပြောသည်။ 

ထိုတိုက်ခိုက်မှုမှာ မီးလောင်ဗုံးနှင့် တိုက်ခိုက်ခြင်း ဖြစ်သည်၊  ဆိုင်ကယ်ပြင်ဆိုင်အပါအဝင် လူနေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး အနီးဝန်းကျင်ရှိ နေအိမ် ၆ လုံး ပျက်စီးခဲ့သည်ဟု ဒေသတွင်း သတင်းများကို ဖော်ပြနေသည့် ယောအလင်းတန်းက ဓာတ်ပုံများနှင့်တကွ ယနေ့ (မတ်လ ၆ ရက်)တွင် ထုတ်ပြန်သည်။ 

ကန်ရွာတွင် ခြေကုပ်ယူထားသည့် စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ၂၀၂၃ နှစ်ကုန်ပိုင်းကပင် ဆုတ်ခွာသွားပြီး တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့်နောက် မြေပြင်တိုက်ပွဲမရှိဘဲ ယမန်နေ့ညက ရုတ်တရက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် ယောဒေသ၊ စစ်ကိုင်းတိုင်းတို့နှင့်ထိစပ်နေသည့် ပေါက်နှင့်မြိုင်မြို့နယ်တို့တွင် ဖေဖော်ဝါရီလ ကုန်ပိုင်းကစပြီး မတ်လဆန်းအထိ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ရာ  ၂၈ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီက အရပ်သားထိခိုက် သေဆုံးမှုများမှာ ၎င်းတို့၏ လက်ချက်ကြောင့် မဟုတ်ကြောင်း မကြာခဏ သတင်းထုတ်ပြန်လျက်ရှိသည်။ 

တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် ပေါက်နှင့်မြိုင်နယ်စပ်ရှိ ကုန်းတွင်း ရေနံလုပ်ငန်းများ လည်ပတ်နေသည့် လက်ပံတို၊ ကျောက်ခွက် ရေနံမှော် နှင့် မှော်အနီးဝန်းကျင်ကျေးရွာများရှိ အရပ်သား များ နေထိုင်ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ဖေဖော်ဝါရီ ၂၅ ရက်က ကျောက်ခွက်ရေနံမှော်အနီး ဆုံကုန်းရွာ ဘုန်းကြီးကျောင်းတွင် ကျင်းပသည့် မင်္ဂလာဆောင်အခမ်းအနားကို‌ လေကြောင်းမှ ပစ်ခတ်ခဲ့ရာ ချက်ပြုတ်ရေးတွင် ကူညီပေးနေသည့် ဒေသခံ ၁၂ ဦးသေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။

ထို့နောက်တစ်ပတ်နီးပါးအကြာ မတ် ၃ ရက်နေ့ ညပိုင်းတွင် ပေါက်နှင့် မြိုင်နယ်စပ်ရှိ ကျေးရွာ ၇ရွာ မနည်းကို တစ်နာရီနီးပါးကြာအောင် ရွာစဉ်လှည့်ပြီး လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ တစ်ဒါဇင်ကျော် သေဆုံးခဲ့ရသည်။ 

ထိုနေ့က လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသူအများစုမှာ ရေနံမှော်လုပ်သားအများစုဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ဦး အပါအဝင် ၁၅ ဦးသေဆုံးခဲ့သည်။ 

နောက်တနေ့ (မတ် ၄ရက်)တွင် မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်အနီး၊ ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းမှပစ်ခတ်ခဲ့ရာ ထိုကျောင်းတွင် ရောက်နေသည့် အမျိုးသား ၁ ဦးသေဆုံးခဲ့သည်။ 

မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်ကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အား စုများက ထိန်းချုပ်ခဲ့ပြီး ကပ်လျက် ပေါက်မြို့နယ်ရှိ လက်ပံတိုရေနံမြေအနီး ရဲစခန်းတစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နှစ် ဧပြီလက ဆုတ်ခွာသွားပြီးနောက် ထိုရေနံမြေကိုလည်း တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။ 

စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် မကွေးတိုင်းအတွင်းရှိ ပေါက်နှင့်မြိုင် မြို့နယ်စပ်၊ ရခိုင်ရိုးမတောင်ခြေရှိ စေတုတ္တရာမြို့ နှင့် ယောမြို့ စသည့်ဒေသများပြ မြေပုံ။

သယံဇာတ တူးဖော်ထုတ်လုပ်ပြီး လက်နက်ကိုင်များကို ထောက်ပံ့နေမှုများကို ချေမှုန်းသွားမည်ဟု ဖေဖော်ဝါရီလ တတိယပတ်တွင် စစ်တပ်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပေါက်နှင့်မြိုင်နယ်စပ်ရှိ ရေနံမှော်များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်လာခြင်းဖြစ်သည်။

“သူတို့ကဘယ်လိုအခြေ အနေနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်သွားတယ်တော့ မသိရဘူးပေါ့။ ကျွန်တော်မြို့နယ်မှာလေကြောင်းက ဖြတ်ပျံတာက နေ့တိုင်းဖြတ်ပျံနေတာပေါ့လေ။ လူထုကတော့ စိုးရိမ်စိတ်တွေများနေတာပေါ့”ဟု ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုစစ်မုန်းကပြောသည်။ 

တော်လှန်ရေးအင်အားစုများလှုပ်ရှားမှု အားကောင်းသည့် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင်  

ယခုလပိုင်းအတွင်း ပြုလုပ်သည့် လေကြောင်းတိုက်ခိုက်မှုများမှာမူ အရပ်သားများ နေထိုင်ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်သဖြင့် ထိခိုက်သေဆုံးမှုများပြားခဲ့ ခြင်းဖြစ်သည်ဟု ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုစစ်မုန်းကပြောသည်။ 

“ အရင်တုန်းက လေကြောင်းတိုက်ခိုက်မှုလုပ်တာတွေက တိုက်ပွဲဖြစ်တဲ့အချိန်မှာ လေကြောင်းပစ်ကူ ပေးတာ၊ လက်နက်ကြီးပစ်ကူပေးတာ ဒါမျိုးတွေပဲ ရှိခဲ့တယ်။ ဒီအတိုင်း လေကြောင်း တိုက်ခိုက်မှု လုပ်သွားတာဆိုရင်  စစ်ရေးလှုပ်ရှားတာ၊ ပစ်မှတ်၊ တည်နေရာတွေ အဲ့လိုမျိုး သတင်းရရင်တော့ ပစ်သွားတာမျိုးတွေရှိတယ်”ဟု ကိုစစ်မုန်းကပြောသည်။ 

“ဟိုရက်က Y 12 နဲ့ ကြဲတဲ့ ဖြစ်စဉ် ဆိုရင် ရွာစဉ်ကြီးကြဲသွားတာ ပြည်သူလူထုကြားထဲ။ ခုနောက်ပိုင်း တော့ ပြည်သူလူထုကြားထဲ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတာကြောင့်လည်း တချို့ဟာတွေ (ထိခိုက်သေဆုံးတာ)များသွားတာပေါ့”ဟု ၎င်းက ဆက်ပြောသည်။ 

အင်ဂျင်တပ် လေထီးများ၏ အန္တရာယ်

လေကြောင်းတိုက်ခိုက်မှုများသာမက မကွေတိုင်းတွင်  အင်ဂျင်တပ်လေထီးများကိုလည်း စစ်တပ်က ခပ်စိတ်စိတ် အသုံးပြုလာရာ ဖေဖော်ဝါရီလအတွင်း  ကလေးများအပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးခဲ့သည်။ 

စက်သုံးဆီဖြင့် ပျံသန်းနိုင်သဖြင့် ကုန်ကျစရိတ်သက်သာပြီး  နာရီနှင့်ချီ ပျံသန်းနိုင်သည့် အင်ဂျင်တပ် လေထီးများကို စစ်တပ်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ် တွင် စတင်အသုံးပြုခဲ့သည်။ ယင်းနောက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင်ပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည်။ 

အလူမီနီယံကုန်ကြမ်းများ ထုတ်လုပ်သည့် ကပစ (၂၁)၊လက်နက်ငယ်များ၊ လေယာဉ်ဗုံးသီးများထုတ် လုပ်သည့် လက်နက်စက်ရုံများအနီးရှိ ပေါက်မြို့နယ်တွင်လည်း အင်ဂျင်တပ်လေထီးများကို ဖေဖော်ဝါရီလဆန်းပိုင်းက စတင်အသုံးပြုလာသည်။ 

ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညပိုင်းက ပေါက်မြို့နယ်၊ ကင်းမရွာကို အင်ဂျင်တပ်လေထီးဖြင့် ဗုံးချတိုက်ခိုက် မှုကြောင့် အထက်တန်းကျောင်းသူ ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦး သေဆုံးခဲ့သည်။ 

စစ်ကောင်စီက အသုံးပြုနေသည့် စက်တပ်လေးထီးကို မြန်မာနိုင်ငံအလယ်ပိုင်း ကောင်းကင်ယံတွင်  ဖေဖော်ဝါရီ ဒုတိယပတ်က တွေ့ရစဉ် (ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများ)

ရခိုင်ရိုးမတောင်ခြေရှိ စေတုတ္တရာမြို့နယ်တွင်လည်း   ဖေဖော်ဝါရီ ၂၃ ရက် အရုဏ်တက်ချိန်တွင် အင်ဂျင်တပ်လေထီးဖြင့်တိုက်ခိုက်မှုကြောင့်  ၃ နှစ်အရွယ် ကလေး အပါအဝင် ၈ ဦး သေဆုံးသည်။ 

မကွေးတိုင်းနောက်ကျောဘက်ရှိ ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို စစ်တပ်က လက်လွှတ်ခဲ့ရသည်။ ယင်းနောက် ယမန်နှစ် နှစ်ကုန်ပိုင်းကစပြီး တော်လှန်ရေးအင်အားစုသည် လက်နက်စက်ရုံများရှိရာ မကွေးတိုင်းကို ထိုးဖောက်ဝင်ရန် ကြိုးပမ်းနေသည်၊ ထို့ကြောင့် ယခုနှစ်အတွင်း တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာနိုင်သည်ဟု တော်လှန်ရေးအင်အားစုက သုံးသပ်ထားသည်။ 

“သူတို့အတွက် အားသာချက်တစ်ခု အနေနဲ့ လေကြောင်းပဲရှိတော့မယ်ထင်တယ်။  တိုက်ပွဲတွေ ဖြစ် လာရင်လည်း စစ်ရေးပြင်းထန်လာလေလေ လေကြောင်းကို အသုံးပြုလာလေလေလုပ်မှာ”ဟု ဂန့်ဂေါ ဒေသခံ တစ်ဦးက မှတ်ချက်ပြုသည်။

ထိုသို့သောတိုက်ခိုက်မှုများ ဆက်တိုက်ရှိလာချိန်တွင် အင်ဂျင်တပ်လေထီးနှင့်ပတ်သက်ပြီး အသိပညာပေး စာစောင်များဖြန့်ဝေခြင်းအပါအဝင် ပုန်းခိုကျင်းများတူးရန် တော်လှန်ရေးအင်အားစုက လူထုကိုတိုက်တွန်းထားသည်။ 

“ အရင်တည်းက တူးခိုင်းထားတာမျိုးရှိတယ်။ ခုထပ်ပြီးတော့ လေကြောင်းတိုက်ခိုက်မှု ခပ်စိတ်စိတ် လုပ်တော့ ထပ်ပြီးတော့ ညွှန်ကြားထားတာပါ။ လက်နက်ကြီးကျတာမျိုးတွေ၊ လေကြောင်းအန္တရာယ် ကာကွယ်နိုင်အောင် အလုံးစုံမကာကွယ်နိုင်ရင်တောင် ခိုင်ခိုင်ခံ့ခံ့ဖြစ်အောင် အဆင့်ဆင့်လုပ်ကြတော့ ကုန်ကျစရိတ်ရှိတယ်” ဟု ပေါက်မြို့နယ် ပကဖ ပြန်ကြားရေး တာဝန်ခံ ကိုစစ်မုန်းက ပြောသည်။ 

“မိသားစုတွေရှိတယ်ဆိုတော့ ကျင်းတွေက ကြီးတာလည်းရှိ၊ ငယ်တာလည်းရှိ တယ်။ ၂ သိန်းဝန်းကျင်က စပြီးတော့ အမျိုးမျိုးရှိတာပေါ့” 

စစ်တပ်အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်အတွင်း နိုင်ငံအနှံ့ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃.၅ သန်းထိရှိလာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူညီများလိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထား သည်။ 



Show More

Related Articles

Back to top button