သတင်း

မင်းအောင်လှိုင်ခရီးစဉ်၌ ရုရှားနှင့် ပေါင်းလုပ်ရန် သဘောတူခဲ့သည့် စီးပွားရေးလုပ်ငန်းများ

ရုရှားတို့သည် မြန်မာနိုင်ငံတွင် ထားဝယ်အထူးစီးပွားရေးဇုန်၊ နျူကလီးယားဓာတ်အားစက်ရုံနှင့် စွမ်းအင်လုပ်ငန်း၊ နည်းပညာ၊ သတင်းအချက်လက်နှင့် ဆက်သွယ်ရေး၊ သတ္ထုတူးဖော်ရေး၊ စိုက်ပျိုးရေး၊ အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ အလုပ်သမားပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းတို့တွင်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် သဘောတူခဲ့သည်ဟု စစ်ကောင်စီဘက်ကဆိုသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယခုနှစ် မတ် ၃ ရက်တွင် စတင်သည့် ရုရှားခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းနယ်ပယ် ၁၀ ခုကျော်တွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသဘောတူခဲ့ကြသည်ဟု ရုရှားအစိုးရနှင့် စစ်ကောင်စီတို့၏ နှစ်ဖက်ထုတ်ပြန်ချက်များအရ သိရသည်။

စစ်ခေါင်းဆောင်၏ မော်စကိုခရီးစဉ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှားအစိုးရအဖွဲ့ဝင်များနှင့် ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပြီး ထားဝယ်အထူးစီးပွားရေးဇုန်၊ နျူကလီးယားဓာတ်အာပေးစက်ရုံနှင့် စွမ်းအင်လုပ်ငန်း၊ နည်းပညာ၊ သတင်းအချက်လက်နှင့် တယ်လီကွန် ဆက်သွယ်ရေး၊ သတ္ထုတူးဖော်ရေး၊ စိုက်ပျိုးရေး၊ အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ အလုပ်သမားပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းတို့တွင်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေးသဘောတူခဲ့သည်ဟု သိရသည်။ 

အမေရိကန်အပါဝင်အနောက်နိုင်ငံများ၏ စီပွားရေးပိတ်ဆို့မှုဒဏ်ခံနေရသော်လည်း ရုရှားနှင့်မြန်မာ အပြန်အလှန်ကုန်သွယ်ရေးနှင့် စီပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးတက်လာကြောင်း ရုရှားဝန်ကြီးချုပ် Mr. Mikhail Vladimirovich Mishustin က မတ်လ ၄ ရက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့စဉ် ပြောကြားခဲ့ကြောင်း ရုရှားအစိုးရဝဘ်ဆိုက်တွင် ဖော်ပြသည်။ 

မြန်မာတွင် ရုရှားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်ရန်အကြုံပြုထားကြောင်း ၎င်းက ပြောသည်။ 

“ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ရုရှားကုမ္ပဏီတွေ ပါဝင်လုပ်ကိုင်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ဒီမဟာဗျူဟာကျတဲ့စီမံကိန်းဟာ အသေးစားနဲ့ အလတ်စားစီပွားရေးလုပ်သန်းအတွက် အလုပ်အကိုင် အခွင့်အလမ်းဖန်းတီးပေးနိုင်တဲ့အပြင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏကိုလည်းကြီးထွားလာစေနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။ 

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း

အထူးသဖြင့် ရုရှားနိုင်ငံနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံတောင်ဘက်စွန်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် အဆင့်မြင့်တည်ဆောက်ရန် ခြေလှမ်းသစ်စနိုင်ခဲ့သဖြင့် များစွားအားရကျေနပ်မိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့တွင် မော်စကိုမြို့တွင်ပြုလုပ်သည့် မြန်မာ-ရုရှားစီပွားရေးဖို့ရမ်အခမ်းနားတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ရေနက်ဆိပ်ကမ်းနှင့် စွမ်းအင်စီမံကိန်းများပါဝင်သည့် ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်း ရုရှားစီးပွားရေးဝန်ကြီး Maxim Reshetnikov ၏ မြန်မာခရီးစဉ်တွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့သော်လည်း စစ်ကောင်စီက အသေးစိတ်မထုတ်ပြန်ခဲ့ဘဲ မင်းအောင်လှိုင် ရုရှားသို့ရောက်ရှိချိန်တွင် ထုတ်ပြောခြင်းဖြစ်သည်။ 

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် စတင်ခဲ့ပြီး ကာလရှည်ကြာ မအောင်မမြင်ဖြစ်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားနှင့်ပူးပေါင်းအကောင်အထည်ဖော်မည် ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားသတင်းဌာနများကို ပြောဆိုခဲ့သည်။

ထားဝယ်ရေးနက်ဆိပ်ကမ်းသည် ဗီယမ်နမ်ရှိ ဒါနန်း(Da Nang) ဆိပ်ကမ်း၊ အခြားဆိပ်ကမ်းများချိတ်၍ မလက္ကာရေလက်ကြားကို မဖြတ်ဘဲ သွားလာနိုင်သည့်လမ်းကြောင်းသစ်တစ်ခုပေါ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

၁၉၅ စတုရန်းကီလိုမီတာနီးပါး ကျယ်ဝန်းသည့် ထားဝယ်အထူးစီးပွားရေးဇုန်သည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၏ မြောက်ဘက် ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့အနီး မဟာဗျူဟာကျသည့် နေရာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းကြီး ဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်နှင့် အခြားစီမံကိန်းများပါဝင်သည်။

ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် အကောင်အထည်ဖော်မည့် အခြေအနေအသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိပေ။ ကနဦးအနေဖြင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း၊ ငွေးကြေးနှင့် နည်းပညာဆိုင်ရာအသေးစိတ်လေ့လာမှုများ ပြုလုပ်ရန်လိုအပ်ပြီး ထိုလုပ်ငန်းများပြီးပါက စီမံကိန်းဒီဇိုင်း၊ အရွယ်အစား၊ ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှု၊ ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများဖွဲ့စည်းနိုင်ရေး စသည့်လုပ်ငန်းစဉ်များဆောင်ရွက်ရမည်ဟု ထိုစီမံကိန်းနှင့် ပတ်သက်၍ သိရှိသည့် ထိုစီမံကိန်းစောင့်ကြည့်သူများက ပြောသည်။ 

နျူကလီးယားလျှပ်စစ်နှင့် စွမ်းအင်စီမံကိန်း 

စစ်ခေါင်းဆောင်၏ မော်စကိုခရီးစဉ်တွင် ဒါဇင်နှင့်ချီသည့်သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပြီး ထိုအထဲတွင် မြန်မာနိုင်ငံတွင် နျူကလီးယားစွမ်းအင်သုံး အသေးစားလျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် Small Modular Reactor (SMR) တည်ဆောက်လည်ပတ်ရေးစာချုပ်နှင့် နျူကလီးယားကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး စာချုပ်တို့လည်းပါဝင်သည်။

မြန်မာနိုင်ငံအတွက် ပထမဆုံး နျူကလီးယားလျှပ်စစ်စက်ရုံ တည်ဆောင်ရန်အတွက် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM)နှင့် စစ်ကောင်စီတို့အကြား ပြီးခဲ့သည့်နှစ်များအတွင်း အကြိုသဘောတူခဲ့ကြခြင်းဖြစ်သည်။ 

စီမံကိန်း အသေးစိတ်အချက်အလက်နှင့် တည်နေရာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ၁၁၀ မဂ္ဂါဝပ်အားရှိသည် နျူကလီးယားဓာတ်ပေါင်းဖိုကို ဆောက်လုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

ယခုသဘောတူညီသည့် စီမံကိန်းများအနက် နျူးကလီးယားဓာတ်အားပေးစက်ရုံကို ရုရှားအစိုးရဘက်က လက်တွေ့ လာရောက်လုပ်ကိုင်နိုင်ခြေရှိကြောင်း လျှပ်စစ်စွမ်းအင်နှင့် စီပွားရေးဆိုင်ရာစီမံကိန်းများကို ထဲထဲဝင်ဝင်သိသည့် သတင်းရင်းမြစ် တစ်ဦးက ပြောသည်။ 

“သဲလွန်စ မရသေးတာကတော့ မည်သည့်တည်နေရာမှာ တည်ဆောက်မလဲ ဆိုတာပါ။ ဖြစ်နိုင်ခြေက ကုန်းပေါ်မှာ တည်ဆောက်တာ ဖြစ်နိုင်သလို၊ ပင်လယ်ရေပြင်ကမ်းနီးမှာပဲ သင်္ဘောပေါ်တည်ဆောက် ထားတဲ့ နျူးကလီးယား power plant (Small Modular Reactor – SMR) 55 MW x 2, 110 MW ကို အသင့်ခုတ်မောင်းလာပြီး ဆောင်ရွက်တာ ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။ 

နျူကလီးယားဓာတ်အားပေးလုပ်ငန်းအပြင် အခြားစွမ်းအင်စီမံကိန်းများတွင်လည်း ပါဝင်လုပ်ကိုင်ရန် ရုရှားဘက်က စဉ်းစားမှုများရှိနေသည်။ 

ရုရှားသို့ မြန်မာအလုပ်သမားပို့ဆောင်ရေး 

ရုရှားကို မြန်မာအလုပ်သမားစေလွှတ်နိုင်ရန် နားလည်မှုစာချွန်လွှာ(MoU) စစ်ကောင်စီနှင့် ရုရှားတို့ လက်မှတ်ရေးထိုးရန်စီစဉ်နေပြီး ဗုဒ္ဓဟူးနေ့က စစ်ခေါင်းဆောင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံရာတွင် ရုရှားတွင်လုပ်သားရှားပါးသဖြင့် မြန်မာအလုပ်သမားများ ရုရှားခေါ်ယူရေးလည်း ဆွေးနွေးခဲ့သည်။ 

စစ်ခေါင်းဆောင် ရုရှားသို့ရောက်နေချိန် ပြည်တွင်းအလုပ်အကိုင်အေဂျင်စီ Vista International ကုမ္ပဏီက ရုရှားနိုင်ငံ Joint-Stock Company ‘Inturd’ ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်ရန် စေလွတ်မည့် မြန်မာလုပ်သား ၅၄ ဦးအနက် ၂၄ ဦးကို ယမန်နေ့က ကနဦးစေလွတ်ခဲ့ကြောင်း မတ် ၆ ရက်နေ့ထုတ် စစ်တပ်ထိန်းချုပ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။

ယူကရိန်းနိုင်ငံကို ကျုးကျော်စစ်ဆင်နွဲနေသည့် ရုရှားနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ရေးအတွက် စစ်ကောင်စီနှင့် နီးစပ်သည့် အေဂျင်စီ နှစ်ခုက ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကတည်းက ကြိုးပမ်းနေကြောင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ခေါင်းဆောင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံရာတွင် ရုရှားတွင်လုပ်သားရှားပါးသဖြင့် မြန်မာအလုပ်သမားများ ရုရှားခေါ်ယူရေးလည်းပါရှိကြောင်း ရုရှားစီးပွားရေးဝန်ကြီး ရက်ရှက်နစ်ကော့ (Reshetnikov) က အင်တာဖက်စ်သတင်းဌာနသို့ ပြောဆိုထားသည်။

ရုရှားသည် လုပ်သားလိုအပ်ချက်ဖြစ်ပေါ်နေသဖြင့် မြန်မာအပါအဝင် အာရှနိုင်ငံများရှိ ရွှေ့ပြောင်းလုပ်သားများကို ခေါ်ယူရေးအတွက် ကြိုးပမ်းနေသည်ဟု ၎င်းက  ရုရှား အောက်လွှတ်တော် တွင်လည်း အင်္ဂါနေ့ကပြောဆိုခဲ့သည်ဟု ရုရှားနိုင်ငံပိုင် Interfax သတင်းဌာနက ရေးသားထားသည်။

မြန်မာနိုင်ငံသည် လူဦးရေ ၅၅ သန်း ရှိသည့်အနက် ၆ သန်းမှာပြင်ပသို့ သွားရောက်အလုပ် လုပ်နေကြောင်း ထို့ကြောင့်မြန်မာမှ လုပ်သားခေါ်ယူသင့်ကြောင်းလည်း ဝန်ကြီးကဆိုသည်။

အောက်လွှတ်တော်တွင် ဝန်ကြီးက ပြောကြားရာ၌ အလုပ်လက်မဲ့နှုန်းသည် ယခုအခါစံချိန်တင် ၂ ဒသမ ၃ ရာခိုင်နှုန်းသို့ ထိုးကျနေကြောင်း၊ ယခင်ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်သွားသည့် နိုင်ငံများမှ လုပ်သားခေါ်ယူနေသည့် အခြေအနေကို အာရှထိ တိုးချဲ့သွားလိုသည်ဟု ဆိုသည်။

စီပွားရေးနယ်ပယ် ၃ ခုတွင် ဝင်ရောက်မည့် ရုရှားစီမံကိန်းအသစ် 

ရုရှားဝန်ကြီးချုပ် Mr. Mikhail Vladimirovich Mishustin ၏ အဆိုရ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနှင့် သတင်းအချက်လက် နည်းပညာလုပ်ငန်း၊ အစားအသောက်နှင့် သတ္ထုတူးဖော်ရေးလုပ်ငန်းများတွင် စီမံကိန်းအသစ်များ ဝင်ရောက်လုပ်ကိုင်ရန် စဉ်းစားနေကြောင်း ပြောဆိုထားသည်။ သို့သော် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိပေ။ 

ရုရှားသည် ဒစ်ဂျစ်တယ်တိုးတက်မှုထိပ်တန်းနိုင်ငံတစ်ခုဖြစ်ပြီး ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖိတ်ခေါ်ထားသည်။ 

သတ္ထုတူးဖော်ရေးတွင် ရုရှားက ဝင်ရောက်ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားသော်လည်း မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားနေခြင်း၊ သယံဇာတထွက်ရှိရာနေရာအများအပြားကို တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားခြင်းကြောင့် လက်တွေ့အကောင်အထည်ဖော်ရန် အခက်ခဲများရှိသည်။ 

ပညာရေး၊ ခရီးသွားနှင့် အခြားနယ်ပယ်များ 

ပညာရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည်ဖြစ်ပြီး မြန်မာကျောင်းသားများကို ရုရှားတက္ကသိုလ်များတွင် ပညာသင်ကြားခွင့်ပိုများလာရန်စီစဉ်မည်ဟု ဆိုသည်။ တက္ကသိုလ်ဘွဲ့လက်မှတ်၊ အရည်အချင်းများနှင့် ပညာရပ်ဆိုင်ရာဘွဲ့ဒီဂရီများကို အပြန်အလှန်အသိမှတ်ပြုနိုင်ရေးစီစဉ်မည်ဟု ဆိုသည်။ 

ထို့အပြင် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းတိုးတက်လာရန်လည်းဆွေးနွေးခဲ့သည်။ အာဏာသိမ်းပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရသည့် စစ်ကောင်စီက ရုရှားခရီးသွားများကို အသည်းအသန်ဖိတ်ခေါ်လျက်ရှိသည်။ ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိရေးနှင့် ပုံရိပ်ကောင်း ဖော်နိုင်ရေး အာဏာသိမ်းစစ်တပ်က ရုရှားအစိုးရ၊ ရန်ကုန်ရှိ ရုရှားသံရုံးနှင့် ပူးပေါင်းကာ မနားမနေ ကြိုးပမ်းနေသည်။

စစ်ကောင်စီ၏ ဦးစားပေးစီမံကိန်းတစ်ခုမှာ “Welcome Russia” အမည်ဖြင့် ရုရှားခရီးသွားများ ဖိတ်ခေါ်ရေးကြိုးပမ်းနေပြီ “Welcome Russia” အစီအစဉ်အရ ရုရှားအဆိုတော်များ၊ သတင်းထောက်များ၊ လူသိများသည့် ဆယ်လီများ၊ ခရီးသွားဘလော့ဂါများကို မြန်မာနိုင်ငံဖိတ်ခေါ်ကာ ရုရှားပြည်သူများထံ ဝါဒဖြန့်ချိရေးသတင်းစကားများ ပေးပို့နိုင်ရေးလည်း ပါဝင်သည်။ သို့သော်လည်း ရုရှားခရီးသွား ဝင်ရောက်မှုနည်းပါးနေဆဲဖြစ်သည်ဟု သိရသည်။ 

စိုက်ပျိုးရေးလုပ်ငန်းတွင် ဖရဲသီး၊ သရက်သီးနှင့်အခြားသီးနှံများတင်ပို့ရောင်းချရန်စီစဉ်ထားသည်။  ထိုအပြင် ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်လည်းစီစည်နေသည်ဟု စစ်ကောင်စီ ထုတ်ပြန်ချက်များတွင် တွေ့ရသည်။ လက်တလောတွင် ရုရှားဘဏ်ကတ်စနစ် MIR ကတ် များ မြန်မာနိုင်ငံတွင် အသုံးပြုရန်ဆောင်ရွက်လျှက်ရှိသည်။ 

လက်ရှိကြုံနေသည့် အခက်အခဲများကို ခေါင်းထဲမထည့်ဘဲ မြန်မာတွင် လာရောက်ရင်းနှီးလုပ်ကိုင်ရန် စစ်ခေါင်းဆောင်က ဖိတ်ခေါ်ခဲ့သည်။ စစ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်တွင် ၎င်းခန့်အပ်ထားသည့် စစ်အရာရှိကြီး၊ ဝန်ကြီးအဖွဲ့နှင့် စစ်ကောင်စီ ဩဇာခံ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)မှ ကုန်သည်များ လိုက်ပါသွားသည်။

ရုရှားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေသော်လည်း လက်တွေ့လာရောက်နိုင်ခြေနည်းပြီး စီးပွားရေးကို ဗန်းပြအယောင်ဆောင်သည့် စစ်ရေးအတွက် နယ်မြေ၊ ဆိပ်ကမ်းများ အချိန်မရွေးအသုံးချခွင့်ရနိုင်ရန် ပိုမိုအလေးသာနိုင်ကြောင်း လျှပ်စစ်စွမ်းအင်နှင့် စီပွားရေးဆိုင်ရာစီမံကိန်းများကို ထဲထဲဝင်ဝင်သိသည့် သတင်းရင်းမြစ် တစ်ဦးက ပြောသည်။ 

“ပင်လယ်ကြမ်းပြင်မှာချထားတဲ့ နိုင်ငံတကာ ဆက်သွယ်ရေး ဆက်ကြောင်းတွေကို ကြိုတင်တိုင်းတာ သိရှိနိုင်ဖို့ သူလျှိုလုပ်ငန်းတွေနဲ့၊ လိုအပ်ခဲ့ရင် အချိန်မရွေး ဖြတ်တောက်ဖျက်ဆီးနိုင်ဖို့ကို ရုရှားက အထူးအာရုံစိုက်လေ့ရှိပါတယ်” ဟု သူက ပြောသည်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အိမ်နီးချင်းတရုတ်ကို ကျော်၍ ရုရှားရင်းနှီးမြှုပ်နှံမှုများကို အသည်းအသန် ဖိတ်ခေါ်နေခြင်းမှာလည်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး အတွင်းရရှိခဲ့သည့် စိတ်ဒဏ်ရာများကြောင်း ဖြစ်နိုင်သည်ဟု သူက ဆိုသည်။

“တရုတ်ကိုက မြောက်ပိုင်းသုံးဖွဲ့နဲ့ စကစ ကြားမှာ  ၂ ဖက် ကစားခံရတယ်လို့ စကစ တွေးနိုင်တယ်။ ရုရှားကတော့ စကစ တဖက်ထဲကို ထောက်ခံတယ်လို့ စကစ ကတွေးနိုင်တယ်” ဟု သူက ဆိုသည်။ 


Show More

Related Articles

Back to top button