သတင်း

ပဲခူးရိုးမသတ်ဖြတ်မှုများ PDF ကျူးလွန်ကြောင်း စွပ်စွဲချက်ကို NUG စစ်ဆေးနေ

PDF အချင်းချင်း ဖမ်းဆီး၊ သတ်ဖြတ်သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု စတင်နေပြီဟု NUG အစိုးရ၏ အမှတ် (၂) စစ်ဒေသခွဲထံက သိရသည်။


နိုင်ငံအောက်ပိုင်း ပဲခူးရိုးမအခြေစိုက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏  သာယာဝတီခရိုင် တပ်ရင်းအမှတ် – ၃၈၀၁ က လူသတ်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံနေရသည်။

ထိုတပ်ရင်းသည်  နတ်တလင်း၊ ကြို့ပင်ကောက် အစရှိသည့် ဒေသတလျှောက်မှ စစ်ကောင်စီတပ်စခန်းများကို မကြာခဏစီးနင်းတိုက်ခိုက်လေ့ရှိပြီး ပဲခူးတိုင်းတွင် လူသိများသည့် ဒေသတွင်းအင်အားကြီးတပ်ရင်းတစ်ခုဖြစ်သည်။

ထိုတပ်ရင်း၏ ခေါင်းဆောင် ဗိုလ်မိုးကြိုးကြီးသည် ၂၀၂၄ ခုနှစ်တွင်  အရပ်သား ၅ဦးကိုသတ်ဖြတ်မှု၊ ၂၀၂၅ ဖေဖော်ဝါရီလ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တစ်ခု၏ ခေါင်းဆောင်ကို သတ်ဖြတ်ကာ   အဖွဲ့သား ၁၈ ဦးကို ဖမ်းဆီးမှုတို့တွင်  “တရားမဲ့လူသတ်မှု” ကျူးလွန်သည်ဟု စွပ်စွဲခံနေရသည်။

Myanmar Now က ဆက်သွယ် မေးမြန်းရာတွင် ဗိုလ်မိုးကြိုးကြီးက ထိုအမှုများနှင့် ပတ်သက်ပြီး  ၎င်းတွင်အပြစ်မရှိဟု  ကာကွယ်ပြောကြားခဲ့သည်။  PDF အချင်းချင်းသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်သည်လည်း စစ်ကောင်စီနှင့်ပျူစောထီးတို့၏ ချိန်သားကိုက် သတင်းမှားဖြန့်ဝေမှု ဖြစ်သည်ဟု  ကြေညာချက်ထုတ်ကာ တုံ့ပြန်ထားသည်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD)  ၏ ဒေသတွင်းစစ်ရေးခေါင်းဆောင်က ထိုတပ်ရင်း  လူသတ်မှု ကျူးလွန်သည်ဟူသော စွပ်စွဲတိုင်ကြားချက်တချို့ကို  လက်ခံရရှိထားကြောင်း Myanmar Now ကို အတည်ပြုခဲ့သည်။

ပဲခူး၊ရန်ကုန်၊ဧရာဝတီနှင့် နေပြည်တော်စစ်ဆင်ရေးများကို ကွပ်ကဲသည့်  NUG ၏ အမှတ် (၂) စစ်ဒေသခွဲ လက်အောက်ခံ တပ်ရင်းအမှတ် -၃၈၀၁ သည် ဖေဖော်ဝါရီအတွင်းက ပဲခူးရိုးမအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တခု၏ ခေါင်းဆောင်ကို ဖမ်းဆီးသတ်ဖြတ်ကာ နောက်လိုက်တပ်သား ၁၈ဦးကို ဖမ်းဆီးခဲ့သည်ဟု စွပ်စွဲခံနေရသည်။

ဖမ်းဆီးခံရသူများသည် ‘ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)’ အဖွဲ့ဝင်များဖြစ်ပြီး သတ်ဖြတ်ခံခဲ့ရသူမှာ အဖွဲ့ခေါင်းဆောင် ‘ကိုပိုင်’ ဖြစ်သည်ဟု သိရသည်။

တပ်ရင်း- ၃၈၀၁ ၏  ဖေဖော်ဝါရီ ၂၃ ရက်နေ့ ထုတ်ပြန်ချက်တွင် အဆိုပါတပ်သည် ပြည်သူ့ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့(ပကဖ/ပအဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တိုင်းရင်းသားတပ်၊ Free Burma Defence Group စသည့် အမည်အမျိုးမျိုး သုံးနေကြသူများဖြစ်ကြောင်း၊   ရိုးမအတွင်း သစ်ထုတ်ခြင်း၊ အရပ်သားများကို ဆက်ကြေးကောက် ဖမ်းဆီး သတ်ဖြတ်ကြောင်း၊ ထိုလုပ်ရပ်များအတွက် အရေးယူပေးရန် တိုင်ကြားမှုများ လက်ခံရရှိထားကြောင်း ဖော်ပြထားသည်။

‘ကိုပိုင်’နှင့်နီးစပ်သူအမျိုးသမီးက  တပ်ရင်း -၃၈၀၁ ၏ တပ်ရင်းမှူး ဗိုလ်မိုးကြိုးကြီးသည် အစည်းအဝေး အကြောင်းပြခေါ်ဆောင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။ နောက်ပိုင်းတွင် ဖမ်းဆီးခံတပ်ဖွဲ့၏ခေါင်းဆောင် ‘ကိုပိုင်’ ဖေဖော်ဝါရီ ၂၂ ရက်နေ့ထက် နောက်မကျသည့် တစ်ရက်ရက်တွင် သတ်ဖြတ်ခံခဲ့ရသည်ဟု သတင်းရခဲ့ကြောင်း ၎င်းကဆိုသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် (၂) စစ်ဒေသခွဲမှူး ဦးတင်ဦးက ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ခေါင်းဆောင် ကိုပိုင်သတ်ဖြတ်ခံရမှုကို အတည်ပြုပြီး စုံစမ်းစစ်ဆေးမှု စတင်နေပြီဟု ဆိုသည်။

“ဒီဖြစ်စဉ်ကို သိသိရခြင်းချက်ခြင်း ( ဖေဖော်ဝါရီ ၂၂ရက်နေ့) မှာ စစ်တိုင်းအဆင့် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုလုပ်ငန်းတွေ စတင်နေပါပြီ။ ဒီအဖွဲ့(ကိုပိုင်တို့အဖွဲ့)က ကွပ်ကဲမှုမရှိဘဲ ဆောင်ရွက်နေတာတွေရှိတယ်ဆိုပြီး ခေါ်ယူမေးမြန်း ညှိနှိုင်းဖို့ သက်ဆိုင်ရာဗျူဟာက ညွှန်ကြားထားတာရှိခဲ့တယ်။ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့ စိုင်းနော်ဖ၊ ကိုပိုင်တို့အဖွဲ့ကိုလည်း သေချာ စိစစ်နေပါတယ်” ဟု ဦးတင်ဦးက Myanmar Now ကို ပြောသည်။

အဖမ်းခံထားရသည့် ကိုစိုင်းနော်ဖ။

 Myanmar Now က  ၃၈၀၁  တပ်ရင်းမှူးကိုမိုးကြိုးကြီးကို  ဆက်သွယ်မေးမြန်းရာတွင် သူ့အပေါ်စွပ်စွဲချက်များကို ငြင်းဆန်ပြီး စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးချိန်တွင် အဖြေမှန်ထွက်မည်ဟု တုံ့ပြန်ခဲ့သည်။

“ဖြစ်စဉ်ကတော့မဟုတ်ပါဘူးခင်ဗျ။ ရဲဘော် ၁၉ ယောက်ဆိုတာတွေလဲ မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော်တို့ အနေနဲ့ အွန်လိုင်းပေါ်မှာပြန့်နှံနေတာတွေလဲ‌ တွေ့ရ မြင်ရတာတွေ စိတ်မကောင်းဖြစ်မိပါတယ်။ စစ်ဆေးဆောင်ရွက်ပြီးရင် အမှားအမှန်ဆိုတာ ထွက်ပေါ်လာမှာပါ။ ပကဖ အဖွဲ၀င်ဆိုတာလဲ မဟုတ်ပါဘူး။ PDF, ပကဖ၊ KNU အမျိုးမျိုးအမည်တပ်နေတဲ့ လူနဲစုပါ။ ၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းမှ မဟုတ်သလို KNU က တာ၀န်ယူပေးမယ်လိုပြောထားတဲ့ အသံဖိုင်တွေလဲရှိပါတယ်။ မဟုတ်မမှန်သတင်းတွေ ထွက်ပေါ်နေတာကလဲ NUG, MOD နဲ့ တော်လှန်အင်အားစုကို ဖောင်းထုနေတဲ့အဖွဲကနေ သတင်းတွေ  ဖြန့်ဝေကြတာပါ” ဟု ဗိုလ်မိုးကြိုးကြီးက Telegram မှတဆင့် စာရေးသားဖြေဆိုခဲ့သည်။

ဖမ်းဆီးခံအဖွဲ့ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့ခြင်းရှိ၊ မရှိဆိုသည့် မေးခွန်းကိုမူ အတိအကျ ပြန်လည် ဖြေကြားခြင်းမရှိပေ။

ကိုမိုးကြိုးကြီးက သူ၏ Facebook စာမျက်နှာတွင်လည်း ဖေဖော်ဝါရီ ၂၃ နေ့စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ခု မျှဝေထားပြီး ယင်းထုတ်ပြန်ချက်တွင် ကိုပိုင်နှင့်အဖွဲ့ကို  “စစ်ဥပဒေစည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်ခဲ့ပါသည်” ဟု ရေးသားထားသည်။

သို့သော်’ကိုပိုင်’သေဆုံးသွားခြင်းရှိမရှိ ဆိုသည်မှာ ထုတ်ပြန်ချက်တွင်မပါဝင်ပေ။

မိုးကြိုးကြီး Facebook တွင် တင်ထားသော ၃၈၀၁ တပ်ရင်း ထုတ်ပြန်ချက်။

‘ကိုပိုင်’နှင့်အဖွဲ့သည် တော်လှန်ရေးတပ်ဖွဲ့အမည်မျိုးစုံသုံးကာ ရိုးမအတွင်းသစ်ထုတ်ခြင်း၊ အရပ်သားများကို ဆက်ကြေးကောက် ဖမ်းဆီးသတ်ဖြတ်သည်၊ လုပ်ရပ်များအတွက် အရေးယူပေးရန် တိုင်ကြားမှုများ လက်ခံရရှိထားသည် ဟုလည်း ထိုသတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုအဖွဲ့ကို NUG လက်အောက်ဝင်ရောက်ရန် ၄ လ ကြာ ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ပဲခူးရိုးမအတွင်းစစ်ရေးသတင်းများ စစ်ကောင်စီထံသို့ ပေါက်ကြားမှုများအတွက် ‘ကိုပိုင်’တွင် တာဝန်ရှိကြောင်းလည်း တန်ပြန်စွပ်စွဲထားသည်။

“(ကိုပိုင်နဲ့အဖွဲ့က) လက်နက်ကိုင်ပြီးပြည်သူကို ခြိမ်းခြောက်မှုတွေ လုပ်ရုံတင်မကပါဘူး၊ ပြည်သူကိုပါ အကြောင်းမဲ့သတ်ဖြတ်ခဲ့တာတွေရှိတယ်။ ကျွန်တော်တို့ အားကိုးရတဲ့ နေရာဒေသ ပြည်သူတွေ မနေရဲတော့ဘဲ သူတိုရဲ့လုပ်ရပ်တွေကြောင့် ပြောင်းရွှေ့သွားကြတာကြောင့်ရယ်၊ ခဲယမ်းသယ်ဆောင်မှုတွေမှာ မလိုအပ်ဘဲ ဖောက်စစ်ဆေးတာတွေရှိတော့ သတင်းပေါက်ကြား မှုတွေ ဖြစ်လာတယ်” ဟု ကိုမိုးကြိုးကြီးက ဆိုသည်။

သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ထုတ်ပြန်ချက် (၁
 သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ထုတ်ပြန်ချက် (၂)

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ဘက် အခြေအနေများကို သိရှိသည့် ပဲခူးတိုင်း (NLD) သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ကိုလူအေးကလည်း ဖမ်းဆီးခံရသည့် ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ ရဲဘော်များနှင့် ဖမ်းဆီးခေါ်ဆောင်သွားသည့် တပ်ဖွဲ့သည် ယခင်ကတည်း ပဲခူးရိုးမအပေါ်တွင် သစ်ထုတ်လုပ်သည့်လုပ်ငန်း လုပ်ကိုင်သူများ ဖြစ်ကြောင်းပြောသည်။

“အဓိကတော့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို မလုပ်ဘဲနဲ့ သစ်ခိုးထုတ်တဲ့ဟာတွေကိုပဲ မိုးကြိုးကြီးတို့အဖွဲ့က ဦးဆောင်ပြီး လုပ်နေတယ်။ မိုးကြိုးကြီးအဖွဲ့အပြင် ၃၇၀၁ က ဒုရင်းမှူး ငြိမ်းချမ်းအောင်တို့က ရိုးမထဲအခြေချပြီး သစ်ဝိုင်းတွေထောင်ပြီး လုပ်နေတာ ဖြစ်တယ်။ အနောက်ပိုင်းခရိုင်က ရဲဘော်တွေ သူတို့လည်း သစ်လုပ်တယ်လို့ သိတယ်။ သစ်လုပ်တဲ့သူအချင်းချင်း ဖြစ်ကြတာပါ” ဟု ကိုလူအေးက ဆိုသည်။

ပဲခူးရိုးမတွင် တပ်ရင်း – ၃၈၀၁  သစ်ထုတ်သည့် လုပ်ငန်းများ လုပ်နေသည်ဟူသော အချက်ကို ကိုမိုးကြိုးကြီးက ငြင်းဆိုသည်။

“ကျွန်တော်တို့ တပ်ရင်းတွေက သစ်လုပ်ငန်း လုပ်မစားကြပါဘူးခင်ဗျာ၊ မလိုလားတဲ့သူတွေရဲ့ လုပ်ကြံသတင်းပါ။ မြေပြင်ဆင်းပြီး သေချာမလေ့လာဘဲ မဟုတ်တာတွေလျှောက်ပြောနေလို့ သတင်းဖောင်းပွမှုတွေဖြစ်နေတာပါ” ဟု ၎င်းက  ဆိုသည်။

 ပဲခူးတိုင်း (NLD) သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ကိုလူအေးကလည်း  ကိုမိုးကြိုးကြီးသည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့က ပဲခူးရိုးမအတွင်း  ဇီးကုန်းမြို့နယ် ၊ ဘော်ဘင်ရွာ ဒေသခံ ၅ ဦးကို သတ်ဖြတ်ထားကြောင်း ဆိုသည်။

ထိုသတ်ဖြတ်မှုအတွက် NUG ထံ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၃၅ ဖွဲ့က တိုင်ကြားထားသည်၊ ၂၀၂၄ သြဂုတ်လ ၃၁ ရက်စွဲဖြင့် NUG သမ္မတထံ လိပ်မူထားသည့်တိုင်ကြားမှုသည် လက်ရှိအချိန်အထိ ထူးခြားမှုမရှိသေးဟု ကိုလူအေးက ပြောသည်။

ဘော်ဘင်ရွာက ဒေသခံ ၅ ဦးအသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍မူ ကိုမိုးကြိုးကြီးက တိတိပပ ပြန်မဖြေဘဲ ၎င်းတို့အဖွဲ့ အတိုက်အခိုက်ခံနေရခြင်းသာဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

အဖွဲ့ ၃၀ တိုင်စာ (၁)
အဖွဲ့  ၃၀ တိုင်စာ (၂)
အဖွဲ့  ၃၀  တိုင်စာ (၃)

သာယာဝတီခရိုင်အတွင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအချို့ကမူ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှုများရှိနေပြီး သစ်ထုတ်သူတို့ထံမှ PDF များက အခွန်ကောက်နေသည်ဟုဆိုသည်။

“သစ်ဆွဲတဲ့ ဆိုင်ကယ် တစ်စီးကို ၂ သိန်း၊ သစ်ဖြတ်တဲ့ စက်အဝိုင်းဆိုရင် တစ်လကို သိန်း ၃၀ ၊ ကျွဲတစ်ရှည်းကို ၂ သိန်း အခွန်တွေယူစားနေကြတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

အမှတ် (၂) စစ်ဒေသခွဲမှူး ဦးတင်ဦးကမူ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်နေမှုကို တင်းတင်းကြပ်ကြပ် ပိတ်ပင်တားဆီးရန် ပဲခူးရိုးမအခြေစိုက် PDF များကို  ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့က ညွှန်ကြားခဲ့ကြောင်း Myanmar Now ကို ပြောသည်။

“အဲဒီမတိုင်ခင်မှာ သစ်ထုတ်လုပ်ရေးတွေရှိတယ်။ သစ်ခိုးထုတ်တာတွေရှိတယ်။ ဒါတွေမှာ ကျွန်တော်တို့တပ်ဖွဲ့တွေ ပါဝင်ပတ်သက်မှာ ကြောက်တဲ့အတွက် ၂၀၂၄ မှာ ဒါတွေကို မလုပ်ဖို့ ကျွန်တော်တို့ စာထုတ်ထားတယ်။ သို့ပေမယ့် တချို့ တပ်ရင်းတပ်ဖွဲ့တွေ ပါဝင်ပတ်သက်တယ်လို့ ကြားတော့ ထပ်ပြီးတော့  သတိပေးတာတွေရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ သစ်ထုတ်လုပ်ခွင့်ကို တားမြစ်ပိတ်ပင်ထားတယ်” ဟု ၎င်းက ဆိုသည်။

စစ်ဒေသခွဲညွှန်ကြားချက်ကို မလိုက်နာဘဲ သစ်ထုတ်လုပ်ရေးတွင် ပတ်သက်နေသူများကို အရေးယူမည်ဟုလည်း ဦးတင်ဦးက ဆိုသည်။

“တော်လှန်ရေးက တော်လှန်ရေး၊ မတရားမှုက မတရားမှုပေါ့။ မဆိုင်ဘူး။ တော်လှန်ရေးအကြောင်းပြပြီး မတရားမှုတွေ လုပ်လို့မရဘူး။ ဒီတစ်ချိန်မှာ တော်လှန်ရေးမှာ အခက်အခဲကြောင့် အလှမ်းဝေးနေမှုကြောင့် အရေးမယူနိုင်သေးရင်တောင် စနစ်တကျ မှတ်တမ်းမှတ်ရာနဲ့ ရှိပြီး တစ်ချိန်ကျရင် ဒီတရားမျှတမှုအတွက် ပြန်လည်ဖော်ထုတ်ရမှာပဲ” ဟု  ဦးတင်ဦးက ဆိုသည်။

လက်ရှိတွင် ပဲခူးတိုင်းအရှေ့ပိုင်း စစ်တောင်းမြစ်ဝှမ်းရှိ တော်လှန်ရေးတပ်များသည် ရန်ကုန်-မန္တလေး အမှတ် (၂) လမ်းနှင့် ရန်ကုန်-နေပြည်တော်အမြန်လမ်းကို ကျော်ကာ ပဲခူးရိုးမပေါ်အထိ လမ်းပေါက်နိုင်ရန် ရှေ့တိုးတိုက်ခိုက်နေသည်။

Show More

Related Articles

Back to top button