သတင်း

မြိတ်နှင့်သရက်ချောင်း ဗုံးကြဲခံရ၊ ဒဏ်ရာရသူများထဲတွင် ကလေး ၃ ဦး ပါဝင်

တနင်္သာရီတိုင်းအတွင်း မြို့နယ်နှစ်ခုကို စစ်လေယာဉ် ဗုံးကြဲရာ ဒဏ်ရာရသူ အများအပြားရှိသည်၊ ခြိမ်းခြောက်လိုသဖြင့် တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟု တော်လှန်ရေးအဖွဲ့က ယူဆသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် အဓိကကျသော အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး တည်ရှိ ရာ တနင်္သာရီတိုင်းရှိ မြို့နယ် ၂ ခုကို ယမန်နေ့ ( မတ် ၃) တွင် စစ်လေယာဉ်က  ဗုံးကြဲခဲ့ရာ ကလေးများ အပါအဝင် ၇ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့ပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။

မွန်းတည့် ၁၂ နာရီခန့်တွင် မြိတ်မြို့နယ်၊ တကူတိုက်နယ်၊ ကော်တောရွာ၊ မွန်းလွဲ ၁  နာရီခန့်တွင် သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ ဝင်းကဖော်ရွာတို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်။ 

ဝင်းကဖော်ရွာမှ ထိခိုက်သူတို့မှာ အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး၊ ၃၇ နှစ် အရွယ် အမျိုးသား နှင့် ၎င်း၏ သားဖြစ်သူ ၁၀ နှစ်အရွယ် ကလေးတို့ ဖြစ်သည်ဟု ထိုဒေသခြေစိုက် ဒေါင်းညီနောင်စစ်ကြောင်းမှ ရဲဘော် ကျောက်ခဲက ပြောသည်။ 

“ကံကောင်းထောက်မစွာနဲ့ သေတော့ မသေဘူး။ ဒဏ်ရာရတာတော့ ၄ ဦး ရှိတယ်။ တောစွန်ကို ကျတာ ဆိုတော့ အိမ်က နည်းနည်းခြားတယ်။ ရွာလမ်းဘေးက ခြံလမ်းဘေးကိုကျတယ်။ တခြား လူမရှိတဲ့ အိမ်တွေဘက်လည်း ဗုံးစ စင်တာ တွေ့ရတယ်”  ဟု ရဲဘော်ကျောက်ခဲက ပြောသည်။ 

“ဒီမှာ ဘာမှ လှုပ်ရှားမှု မရှိဘဲနဲ့ ဘာရည်ရွယ်ချက်နဲ့တိုက်မှန်းကို မှန်းဆလို့ မရဘူး ဖြစ်နေတယ်။ ခုလို လာတိုက်တာကတော့ လေကြောင်းနဲ့ အချိန်မရွေးတိုက်ခိုက်နိုင်တယ်ဆိုတာကို ပြချင်တာလို့ ထင်ပါတယ်”

ကော်တောရွာကို ဗုံးကြဲစဉ် ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရကြောင်း ဒေသခံများက ပြောကြသည်။ အသေးစိတ် အခြေအနေကို မသိရသေးပေ။

အွန်လိုင်းလူမှုကွန်ရက်တွင်မူ ထိုသုံးဦးမှာ အမျိုးသမီးများဖြစ်သည်၊ ကလေးများမှာ အသက် ၁၂ နှစ်နှင့် ၁၄ နှစ်အရွယ် ဖြစ်သည်ဟု ရေးသားနေကြသည်။

နေအိမ်နှင့် သစ်ပင်များ ထိခိုက်ပျက်စီးသည့်ဓာတ်ပုံများကိုလည်း အဆိုပါသတင်းတွင် တွေ့ရသည်။

ထိုနေရာနှစ်ခုကို လေယာဉ်တစ်စီးတည်းက  တိုက်ခိုက်သွား ခြင်း ဖြစ်မည်ဟု ဒေါင်းညီနောင်စစ်ကြောင်း မှ ရဲဘော်ကျောက်ခဲက  ယူဆသည်။

“အဲဒီဟာက ဆက်စပ်မှုရှိတယ်။ တစ်စီးတည်းများလားလို့ ကျွန်တော်တို့က  တွက်ဆလို့ရတယ်။ မြိတ် လေယာဉ်ကွင်းက တက်လာပြီးတော့ ဒီတခွင်လုံး လိုက်ကြဲနေတဲ့သဘောပဲ” ဟု ၎င်းက ပြောသည်။ 

တနင်္သာရီမြို့နှင့် ၁၀ မိုင်သာ ဝေးသည့် တကူတိုက်နယ်ကျေးရွာအုပ်စုသည် တနင်္သာရီမြစ်ကမ်းဘေး တွင် တည်ရှိပြီး အင်းရှည်ကုန်း၊ ပြည်အေး၊ ရွာမ၊ သံတိုက်၊ လမိုင်းကော့၊ အလယ်ပိုင်း၊ သာရဘွင်၊ တကူ၊ ကိုးမိုင်၊ သမီးလှ ၊ ကော်တော ကျေးရွာများဖြင့် ဖွဲ့စည်းထားသည်။

ထိုင်း-မြန်မာ နယ်စပ် အနီးတွင်တည်ရှိသည့် တကူတိုက်နယ်မှာ တောတောင်ထူထပ်ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုကာ မကြာခဏတိုက်ခိုက်လေ့ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့က တကူတိုက်နယ်ဆေးရုံအနီးဝန်းကျင်ကို စစ်လေယာဉ်က ၂ ကြိမ် ဗုံးကြဲခဲ့ရာ ဒေသခံ ၅ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်၊

လေကြောင်းမှ တိုက်ခိုက်ရသည့် အကြောင်းရင်းကို မသိရသေးသလို ဒေသခံ ၇  ဦး ထိခိုက်သွားသည့် အခြေအနေနှင့်ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

နိုင်ငံ၏ တောင်ဘက်စွန်းတွင် တည်ရှိပြီး ထိုင်း-မြန်မာ အဓိကကုန်သွယ်ရေး အချက်အချာလမ်းမကြီး ဖြစ်သည့် အမှတ် (၈) ပြည်​ထောင်စုလမ်းမကြီး ရှိရာ တနင်္သာရီတိုင်းသည် နှစ်ဖက်တပ်များအတွက် စစ်ရေးအရ အရေးပါသည်။

နယ်စပ်တွင် အဓိကကုန်သွယ်ရေးလမ်းမဖြစ်သည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကို တော်လှန်ရေး တပ်ဖွဲများက စိုးမိုးထားရာ နယ်စပ်ကုန်သွယ်ရေးမြို့ မောတောင်ကို ထိန်းချုပ်လိုသည့် စစ်ကောင်စီက တနင်္သာရီ- မောတောင်လမ်းတစ်လျှောက် စစ်ကြောင်းထိုးနေ၍ ၂၀၂၄ ဒီဇင်ဘာ တတိယပတ်ကတည်း က တိုက်ပွဲများ ဖြစ်နေသည်။  ထိုဒေသမှ အနည်းဆုံး ၁၃ ရွာခန့်မှ ဒေသခံများ ထွက်ပြေးနေရသည်။

အမျိုးသားညီညွတ်အစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တပ်ရင်း ၅ ရင်း၊ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄) ၊ ကော်သူးလေအာမီ (KTLA) တို့အပြင် ဒေသအခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များပါ အခြေစိုက်ထားသည့် တနင်္သာရီတိုင်းသည် တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးထားနိုင်သည့် ဒေသ ဖြစ်သည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၅၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး မိုင်းဆွဲ တိုက်ခိုက်မှု  ၇ ကြိမ်၊  လေကြောင်းတိုက်ခိုက်မှု ၂၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်သူ ၇၇,၂၀၀ ဦးအထိ ရှိနေသည်ဟု တနင်္သာရီတိုင်းတိုက်ပွဲအခြေအနေများ မှတ်တမ်းတင်နေသည့် FE5 Tanintharyi က ဖေဖော်ဝါရီ  ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက လေယာဉ် အပါအဝင် လက်နက်ပစ္စည်း ဝယ်ယူသည့် နိုင်ငံများထဲတွင် ရုရှားနိုင်ငံလည်း ပါဝင်သည်။

နိုင်ငံတကာက အာဏာသိမ်းစစ်ကောင်စီကို နီးကပ်စွာ ဆက်ဆံခြင်း မပြုသော်လည်း ရုရှားက တရင်းတနှီး ဆက်ဆံလေ့ ရှိသည်။

ယခုအခါ အာဏာသိမ်းခေါင်းဆောင် ရုရှားနိုင်ငံသို့ ၇ ရက်ကြာ သွားရောက် လည်ပတ်လျက်ရှိသည်။

Show More

Related Articles

Back to top button