
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၇) က စစ်တပ်နှင့် ပြည်သူ့စစ်များ စစ်ကြောင်း ထိုးစဉ် သက်ကြီးပိုင်း ၂ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့သွားသည်ဟု တော်လှန် ရေးအင်အားစုများနှင့် ဒေသခံများက ပြောသည်။
မြို့နှင့် ၁၀ မိုင်ခန့်အကွာ ဇီးဖြူကုန်းရွာမှ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းသည် ထိုရွာမြောက်ဘက် ကပ်လျက်ရှိ နှမစားရစ်ရွာကို နံနက် ၆ နာရီ ဝန်းကျင်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်စီးနင်းခဲ့ကြသည်။
၅ နာရီကျော်ကြာစီးနင်းပြီး စစ်ကြောင်းပြန်ထွက်သွားချိန် တော်လှန်ရေးအင်အားစုက ရွာအတွင်း နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် ရုပ်အလောင်း နှစ်ခု တွေ့လိုက်ကြသည်။
လေဖြတ်နေသည့် အသက် ၉၀ အရွယ် ဒေါ်နွဲ့ကြည်၏ရုပ်အလောင်း မီးကျွမ်းနေသည်၊ အသက် ၅၀ အရွယ် ဦးအောင်စိုးတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာတို့ ရှိနေသဖြင့် နှိပ်စက်ခံ ထားရသည်ဟု ယူဆနေကြသည်။
ရုပ်အလောင်း ကောက်ယူရာတွင် ပါဝင်သည့် ဒေသခံတစ်ဦးက အလောင်းများကို နေအိမ်များအတွင်း တွေ့ရသည်ဟု ဆိုသည်။
“စစ်ကြောင်းကလည်း မနက်မိုးလင်းစ ဗြုန်းစားကြီးဝင်လာတာဆိုတော့ သူတို့အိမ်ကလူတွေကလည်း ဗြုန်းစားပြေးရတာဆိုတော့ အဘွားလည်း မီးရှို့မယ်လို့ မထင်လောက်ဘူးနေမှာပေါ့။ အဘွားလည်း ဒီအတိုင်းပဲ ထားခဲ့ရတာ။ လေဖြတ်လူနာဆိုတော့ ရှိလည်း သူ့ ဘာမှမလုပ်လောက်ဘူးထင်ပြီး ထားခဲ့လိုက်တာနေမှာပေါ့”ဟု ၎င်းက ပြောသည်။
“(ဦးအောင်စိုး ခန္ဓာကိုယ်မှာ) ဗိုက်တွေ၊ အရှိုက်တွေက ဖိနပ်နဲ့ကန်ထားခံရတဲ့ပုံစံမျိုး၊ ညိုမည်းဒဏ်ရာတွေတော့ တွေ့ခဲ့တယ်။ ခြေထောက်တွေ ဓားနဲ့လှီးထားတာတွေ့တယ်”
အဆိုပါကျေးရွာရှိ သတ်ဖြတ်မှု၊ မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်ထုတ်ပြန်ချက်များတွင်လည်း ထိုဖြစ်ရပ် ပါဝင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့်ရက်ပိုင်း စစ်တပ် ထုတ်ပြန်ချက်များတွင် ရွှေဘိုမြို့ အကြမ်းဖက်မှုများအကြောင်း ဖော်ပြထားပြီး ထိုလုပ်ရပ်များမှာ တော်လှန်ရေးအဖွဲ့များ၏လက်ချက်ဖြစ်သည်ဟု ဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ဇီးဖြူကုန်းရွာမှာ လာရောက်အခြေချတပ်စွဲထားသောကြောင့် ဒေသခံများမှာ ကာလရှည်ကြာ နယ်မြေစွန့်ခွာထွက်ပြေးနေရသည်။
ထို့ပြင် တော်လှန်ရေး အင်အားစုများ၏ ကာလရှည်ပိတ်ဆို့မှုကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက စခန်းစွန့်ခွာ ထွက်ပြေးခဲ့ရသည့် မူးမြစ်အရှေ့ဘက်ကမ်းရှိ ညောင်ကိုင်းရွာနှင့် တည်သီးတောရွာတို့မှ ပြည်သူ့စစ်များ (အရပ်အခေါ် ပျူစောထီး)ပါ ဇီးဖြူကုန်းရွာတွင် ပူးတွဲအခြေစိုက်ထားသဖြင့် အင်အား ၁၀၀ ကျော်ရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုထံက သိရသည်။
ဧရာဝတီမြစ်နှင့်မူးမြစ်ကြား ရွှေဘိုမြို့နယ်မှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု အားကောင်းသည့်နည်းတူ တစ်ဘက်တွင်လည်း ဇီးဖြူကုန်း၊ ပန်းရံ၊ လိပ်ချင်း၊ ခွန်းတောင်းကြီး၊ မြင်းချင်း စသည့် ကျေးရွာများနှင့် ဧရာဝတီမြစ်ကမ်းဘေး ကျောက်မြောင်းနှင့်မြို့ပေါ်တို့တွင် စစ်တပ်နှင့်ပြည်သူ့စစ် များက ခြေကုပ်ယူထားသည်။
အိမ်ခြေ ၄၀၀ ခန့်ရှိသည့် နှမစားရစ်ရွာမှာ ၄ ကြိမ်မြောက်မီးရှို့ခံရခြင်းဖြစ်ပြီး အိမ်ကြီးအိမ်ကောင်းများ အပါအဝင် ယခင်က မီးရှို့ဖျက်ဆီးခံထားရသဖြင့် ပြန်လည်တည်ဆောက်ထားသည့် နေအိမ်များလည်း ပါဝင်သွားကြောင်း သိရသည်။
“ ရှို့ခံထားရတဲ့အိမ်တွေရဲ့ ၈၀ ရာခိုင်နှုန်းကတော့ ဘာမှငြှိမ်းစရာကို မလိုဘူး။ အကုန်လုံးက လောင်ပြီး သားချည်းကို ဖြစ်နေပြီ။ ဘယ်လိုရှို့လည်းတော့မသိဘူး။ ငြှိမ်းနိုင်သေးရင် ရနိုင်တယ်ဆိုတဲ့အိမ်မျိုးကို မရှိတာ။ တော်တော်များများက ကုန်ရက်လဲနေပြီ။ အိမ်ကြီးအိမ်ကောင်းတွေချည်း ရွေးရှို့တာ။ တချို့အိမ် တွေ တိုက်အိမ်တွေတောင် ပုံလျက်လဲလို့” ဟု အထက်ပါ ဒေသခံက ပြောသည်။
ဒေသခံ ၁ ဦးပေးပို့လာသည့် ရုပ်သံဖိုင်အရ မီးခိုးများအူနေသည့် တိုက်ခံအိမ် တစ်အိမ်ကို ဒေသခံများက ရေပိုက်၊ ရေပုံးတို့ ဖြင့် ပက်ဖျန်းပြီး အလုံးစုံမီးသတ်နိုင်အောင် ကြိုးပမ်းနေသည်ကို တွေ့ရ သည်။
စစ်ကြောင်းကို ရွာကို စီးနင်းထားချိန်တွင် အဝတ်အထည်နှင့် စားနပ်ရိက္ခာအချို့ကို မွှေနှောက်ယူဆောင် သွားကြောင်း ဒေသခံများကဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရမှုအခြေအနေကို စာရင်း ကောက်ယူထားသည့် Data for Myanmar အဖွဲ့မှ အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလအထိ ၄ နှစ်နီးပါးကာလအတွင်း နေအိမ် တစ်သိန်းတစ်သောင်းကျော်ပြာကျခဲ့ရပြီး ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း ထိုအဖွဲ့ ထုတ်ပြန်သည့်အစီရင်ခံစာအရ သိရသည်။
