
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) စတင်ပြန့်နှံ့ခဲ့စဥ်က ထိုဗိုင်းရပ်စ်၏ဇစ်မြစ်နှင့် ပတ်သက်ပြီး ပဟေဠိဆန်ဆန် အငြင်းပွားမှုများ ရှိခဲ့သည်။ လျှို့ဝှက်သိုသိပ်သော ကွန်မြူနစ်အာဏာရှင်စနစ်ကြောင့် တရုတ် နိုင်ငံအတွင်း ဗိုင်းရပ်စ်ပြန့်နှံ့ခြင်းကို ကမ္ဘာကြီးက အချိန်မီ သိရှိမှုနောက်ကျခဲ့၍ လူအသက်ပေါင်းများစွာကို ကယ်တင်ရန် နှောင့်နှေးခဲ့ရသည်ဟု တရုတ်အစိုးရကို ဝေဖန်ပြစ်တင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါသည်။
ယခုတဖန် တရုတ်လူမျိုးများ အဓိကဦးဆောင်နေသည့် ကျားဖြန့် သို့မဟုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် တရုတ်နိုင်ငံတွင် စတင်မြစ်ဖျားခံပြီး မဲခေါင်ဒေသတွင်းနိုင်ငံများအထိ ပြန့်နှံ့လာကာ ဒေသတွင်းပြဿနာကြီး အဖြစ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများတွင် ခြေကုပ်ယူသောင်းကျန်းနေသော ၎င်းတို့၏ နိုင်ငံ သားများကို လေယာဥ်များစွာဖြင့် စင်းလုံးတိုက် ဖမ်းဆီးပြန်ပို့နေရသော တရုတ်အစိုးရ၏အဖြစ်မှာ ထွန်းသစ်စ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအတွက် သိက္ခာကျစရာ ဖြစ်ရပ်ကြီး ဖြစ်လာသည်။
ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်ဗိုင်းရပ်စ် (Chinese Virus) ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲ ခေါ်ဝေါ်ခဲ့စဥ်က တရုတ်ခေါင်းဆောင်များ အကြီးအကျယ် ဒေါသထွက်ခဲ့ကြဖူးသည်။ ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကဲ့သို့ပင် ကြောက်စရာကောင်းသဖြင့် “တရုတ်ကျားဖြန့်” ဟုခေါ်လျှင် မည်သို့တုံ့ပြန်ကြမည်နည်း။
၁၉၉၀ ပြည့်လွန်နှစ်များမှစတင်၍ တရုတ်လူ့အဖွဲ့အစည်းအတွင်း တစတစ လှိုက်စားပြန့်နှံ့ကြီးထွားလာသော “ကျားဖြန့်” သို့မဟုတ် တရုတ်ဘာသာဖြင့် “လိမ်လည်မှု” ဟု အဓိပ္ပာယ်ရသော 诈骗 (Zhàpiàn) ဂိုဏ်းများကို တရုတ်အစိုးရက နိုင်ငံအတွင်း ပြင်းပြင်းထန်ထန် ဖမ်းဆီးနှိမ်နှင်းနေသည်။ ထိုအခြေအနေကို ကွန်မြူနစ်အာဏာရှင်စနစ်၏ ပြည်တွင်းရေး သတင်းအချက်အလက်များ ပိတ်ဆို့ထိန်းချုပ်ထားမှုများကြောင့် တရုတ်နိုင်ငံပြင်ပမှ သတိပြုမိသူ နည်းပါးလှသည်။

တရုတ်ကျားဖြန့် ဂိုဏ်းများသည် တရုတ်နိုင်ငံအတွင်း ရပ်တည်ရခက်ခဲလာသည့်အခါ တရုတ်အစိုးရ အန္တရာယ်မှ လွတ်ကင်းပြီး၊ ပိုမိုလုံခြုံစိတ်ချရသော မဲခေါင်မြစ်ဝှမ်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် နိုင်ငံများသို့ အသွင်အမျိုးမျိုးဖြင့် ပြန့်နှံ့ရောက်ရှိခဲ့ပြီး၊ ရှုပ်ထွေးကျယ်ပြန့်သော ကွန်ရက်ဖွဲ့စည်းမှုများဖြင့် ဆက်လက်ကြီးထွား ရှင်သန်လာခဲ့ကြသည်။ တရုတ်နိုင်ငံ၏ နည်းပညာဖွံ့ဖြိုးလာမှုကို “တရုတ်ကျားဖြန့်” ဂိုဏ်းများက ကောင်းစွာအသုံးချပြီး၊ အွန်လိုင်းလိမ်လည်မှုမျိုးစုံ ကျူးလွန်လာကြသည်။
တရုတ်နိုင်ငံသားများကို အဓိကပစ်မှတ်ထား အွန်လိုင်းငွေလိမ်မှုများ ကျူးလွန်ခဲ့ရာမှ နိုင်ငံများစွာမှ နိုင်ငံသား များကိုပါ အွန်လိုင်းငွေလိမ်လုပ်ငန်းခွင်သို့ နည်းလမ်းမျိုးစုံဖြင့် ဆွဲဆောင်လှည့်ဖျား နိုင်ခဲ့ကြပြီး၊ ကမ္ဘာလုံးဆိုင်ရာ ငွေလိမ်လုပ်ငန်းကြီးအဖြစ် ထူထောင်လာကြသည်။ တချို့က ထိုငွေလိမ်ခြင်းအလုပ်ကို လိုလားစွာ လုပ်ကိုင် ကြပြီး၊ တချို့က ငြင်းဆန်ကြသဖြင့် နှိပ်စက်ညှဉ်းပန်းကာ အတင်းအဓမ္မ စေခိုင်းကြသည်။ ၎င်းတို့ကို ဖမ်းဆီးမိသည့်အခါ မည်သူက သားကောင်၊ မည်သူက ရာဇဝတ်သား အခါခပ်သိမ်း အလွယ်တကူခွဲခြားရန် ခက်လှပါသည်။
စင်စစ် ၎င်းတို့၏ နိုင်ငံသားတိုင်းကို လုံခြုံရေးစနစ်အမျိုးမျိုးဖြင့် အမြဲစောင့်ကြည့်နေတတ်သော ကွန်မြူနစ် အာဏာရှင်စနစ်အောက် တရုတ်လူ့အဖွဲ့အစည်းအတွင်း “တရုတ်ကျားဖြန့်” ဂိုဏ်းများ မွေးဖွားအမြစ်တွယ် လှိုက်စားနေသော လူ့ကျင့်ဝတ်ဆိုင်ရာ ပြဿနာကြီး မဟုတ်ပါလား။ ဒေသတွင်းနိုင်ငံများ အရှက်ရ၊ သိက္ခာကျသည်အထိ ကြုံတွေ့နေရသော တရုတ်ကျားဖြန့်ဂိုဏ်းများ၏ သောင်းကျန်းနေမှုအတွက် တရုတ်အစိုးရ ခေါင်းဆောင်များအနေဖြင့် လူသိရှင်ကြား တောင်းပန်သင့်သည် မဟုတ်ပါလား။
သို့သော် စီးပွားရေးအင်အား အဆမတန်ကြီးထွားလာသော တရုတ်အစိုးရကို မဲခေါင်ဒေသတွင်း နိုင်ငံအစိုးရများက ထိုကဲ့သို့ တောင်းဆိုရဲသောသတ္တိ ရှိရန်ဝေးစွ၊ တရုတ်ခေါင်းဆောင်များ အမျက်ရှမည်ကိုပင် စိုးရိမ်နေကြသည့် အခြေအနေ ဖြစ်နေသည်။ ယင်းအစား တရုတ်ကျားဖြန့်ဂိုဏ်းများကို လက်ခံထားသည့် ဒေသတွင်းနိုင်ငံများကသာ ကမ္ဘာ့သတင်းစာမျက်နှာများတွင် အမည်ပျက်လျက်ရှိပြီး၊ မြန်မာက အမည်အပျက်ဆုံး ဖြစ်သည်။
လောက်ကိုင် မှသည် မြဝတီသို့
တရုတ်နိုင်ငံအတွင်း ပြည်သူအချင်းချင်းထံမှ ယွမ်ငွေဘီလီယံနှင့်ချီ လိမ်လည်သောင်းကျန်းနေသော “တရုတ် ကျားဖြန့်” ရာဇဝတ်ဂိုဏ်းများ ပြဿနာကြီးကို နှစ်ပေါင်းများစွာ အတွင်းကြိတ် နှိမ်နှင်းနေရာမှ ယခုအခါ အိမ်နီးချင်းနိုင်ငံများအထိ နိုင်ငံဖြတ်ကျော်ကာ ၎င်းတို့၏နိုင်ငံသားများကို လူဖမ်းပွဲကြီး ဆင်နွှဲလာရသည့် အဖြစ် ကို တရုတ်အစိုးရခေါင်းဆောင်များ နှစ်ခြိုက်မှု အလျှင်းရှိလိမ့်မည် မထင်ပါ။
သို့သော် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လာသည့် ပြဿနာကြီးအဖြစ် သတ်မှတ်လာရသော တရုတ်ခေါင်း ဆောင်များသည် ၂၀၂၃ ခုနှစ်နှောင်းပိုင်း မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်မြို့မှစ၍ “တရုတ်ကျားဖြန့်” နှိမ်နင်းမှုကို ဟိုးလေးတကျော် ပြုလုပ်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ် နှစ်ဆန်းမှစ၍ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အထိ ရောက်ရှိလာပြီ ဖြစ်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ ကိုးကန့်ဒေသမှ စတင်ခဲ့သော အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင် သည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက “၁၀၂၇ စစ်ဆင်ရေး” ကို စတင်ဆင်နွှဲလာရာ၊ ထိုဖြစ်စဥ်ကို အခွင့်ကောင်းယူ၍ တရုတ်အစိုးရသည် လောက်ကိုင်မြို့တွင်း ခြေကုပ်ယူ ကျက်စားနေသော တရုတ် ကျားဖြန့်ဂိုဏ်းများကို စတင်ဖြိုခွင်းခဲ့သည်။
ထိုအချိန်ကျမှ မြန်မာပြည်အနှံ့ရှိ ပြည်သူများလည်း “ကျားဖြန့်” ဆိုသည့် အသုံးအနှုန်းကို စတင်သိရှိခဲ့ကြရပြီး၊ ကိုးကန့်ဒေသတွင် ဤမျှများပြားသော တရုတ်နိုင်ငံသား အမြောက်အများအပြင် နိုင်ငံစုံမှ နိုင်ငံခြားသားများ ရောက်ရှိနေခြင်းကို တအံ့တဩ သိရှိခဲ့ရသည်။
ထိုပြဿနာကြီးကို တရုတ်အစိုးရသည် မည်သည့်အချိန်ကာလ ကတည်းက ရင်ဆိုင်နေရပြီး၊ တရုတ်နိုင်ငံ အတွင်း ကျားဖြန့်ဂိုဏ်းများ လှုပ်ရှားကျက်စားနေခဲ့ပုံ အခြေအနေ သိရှိနိုင်ရန် ရနိုင်သမျှအချက်အလက်များကို ရှာဖွေလျက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က ဖော်ပြခဲ့သော သမိုင်းထဲက လောက်ကိုင် သို့မဟုတ် ကိုးကန့်တရုတ်တို့၏ ဌာနေ ဆောင်းပါးတွင် Myanmar Now က အကျဥ်းမျှ တင်ပြခဲ့ဖူးသည်။
ကမ္ဘာကျော် Financial Times သတင်းစာကြီး၏ China fights a financial fraud explosion ဆောင်းပါးတွင် တရုတ်နိုင်ငံအတွင်းမှ အွန်လိုင်းငွေလိမ်မှု ပြဿနာကြီးသည် ၁၉၉၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၂၅နှစ်နီးပါးကြာ ကြီးထွားပြန့်နှံ့နေခဲ့သည့် အခြေအနေကို ကိန်းဂဏန်းအချက်အလက်များနှင့်တကွ ဖော်ပြချက်ထားမှုများကို လေ့လာတွေ့ရှိရသည်။
၁၉၉၅ -၂၀၁၉ ခုနှစ်အတွင်း တရုတ်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးခဲ့ရသော ကျားဖြန့်အမှုပေါင်း
ရင်းမြစ်။ ။ Financial Times
ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်နှံ့ခဲ့သော ၂၀၁၉ ခုနှစ် တစ်နှစ်တည်းတွင် တရုတ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ရ သော တရုတ်နိုင်ငံအတွင်း အွန်လိုင်းငွေလိမ်မှု အမှုပေါင်း ၁.၄ သန်း ကျော်အထိ စံချိန်တင် အမြင့်ဆုံးရောက်ရှိခဲ့ သည်ကို တရုတ်အစိုးရ၏ ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးဌာန မှတ်တမ်းများအရ တွေ့ရှိရသည်။
ယခုအခါ မြန်မာ-တရုတ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ထောင်သောင်းချီသော “တရုတ်ကျားဖြန့်” ဂိုဏ်းများတွင် လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးပြီး၊ တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်နေရသည့် ဖြစ်စဥ်သည် ယခင်က မြင်တွေ့ဖူးခြင်းမရှိသော မြင်ကွင်းများဖြစ်ပြီး၊ တရုတ်အစိုးရ ဖုံးကွယ်နိုင်စွမ်း မရှိတော့သည့် တရုတ်နိုင်ငံသားများ၏ လူမှုပြဿနာကြီးအဖြစ် ပေါ်ထွက်လာပါသည်။
အကြောင်းမှာ တရုတ်ကျားဖြန့်ဂိုဏ်း များက တရုတ်နိုင်ငံသားများကို သားကောင်အဖြစ် လိမ်လည်လှည့်ဖျား ကျွန်ပြုခိုင်းစေပြီး၊ တရုတ်နိုင်ငံသားများထံမှပင် ငွေကြေးလိမ်လည်မှုများ ကျူးလွန်နေခဲ့ခြင်းကြောင့် ဖြစ်ပြီး၊ ထိုမှသည် နိုင်ငံတကာ အွန်လိုင်းငွေလိမ်လုပ်ငန်းကြီးအဖြစ် ကျယ်ပြန့်လာခြင်း ဖြစ်သည်။
ယနေ့အချိန်ထိ တရုတ်ကျားဖြန့် ဂိုဏ်းများ ဖွဲ့စည်းပုံ၊ ကွန်ရက်ဖြန့်ကျက်ပုံနှင့် ဂိုဏ်းခေါင်းဆောင်များ မည်သူ မည်ဝါ ဆိုသည်ကို တရုတ်အစိုးရက ထုတ်ဖော်ပြသခဲ့ခြင်း မရှိသလို၊ ဒေသတွင်းနိုင်ငံ အစိုးရများကလည်း ထုတ်ဖော်ပြသနိုင်ခြင်း မရှိသေးပါ။ သို့သော် တရုတ်ကျားဖြန့်ဂိုဏ်းများကို လက်ခံထားသော လောက်ကိုင်မြို့မှ ကိုးကန့်သူဌေး မိသားစု ၄ ခုမှ မိသားစုဝင်များကိုမူ တရုတ်အစိုးရက ကမ္ဘာသိ လူသိရှင်ကြား ဖမ်းဝရမ်းထုတ် ဖမ်းဆီးခဲ့သည်။ မကြာသေးမီက ၎င်းတို့အထဲမှ “မြီ” မိသားစုဝင်များကို တရုတ်တရားရုံးက ရုံးထုတ်စစ်ဆေးသည့်သတင်း တရုတ်မီဒီယာများတွင် ဖော်ပြကြသည်။
အဆိုပါ ကျူးလွန်ခဲ့သော ကိုးကန့်မိသားစု ၄ ခုသည် မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် စသည့် လက်နက်ကိုင်အဖွဲ့များ၏ အကြီးအကဲများလည်း ဖြစ်နေကြ၍ စစ်ခေါင်းဆောင်မင်းအောင်လှိုင် အကြီးအကျယ် သိက္ခာကျ အရှက်ကွဲခဲ့ရသည်။ ထိုမျှမက အာဏာရမ္မက်ဇောတိုက် နိုင်ငံအာဏာကို အဓမ္မသိမ်းထားယူပြီး၊ နိုင်ငံ အမည်ပျက်ခဲ့ရသလို၊ ဒေသတွင်းနိုင်ငံများရှိ သန်းနှင့်ချီသည့် မြန်မာနိုင်ငံသားများပါ သံသယဖြင့် နှိမ်ချဆက်ဆံ ခံရခြင်းများ တစတစ တိုးပွားလာလျက်ရှိသည်။
Wang Xing ပြဿနာအပေါ် ထိုင်းနိုင်ငံကို အပြစ်ဖို့ခဲ့သော စစ်ကောင်စီ
၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် တရုတ်နိုင်ငံတွင် လူသိများထင်ရှားသော ရုပ်ရှင်သရုပ်ဆောင် Wang Xing ကို တရုတ်ကျားဖြန့်ဂိုဏ်းတစ်ခုက တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေကြောင်းဖြင့်၊ ထိုမှတစ်ဆင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ကားဖြင့်၊ ထိုမှ သောင်ရင်းမြစ်ကို လှေဖြင့် ဖြတ်ကူးပြီး မြန်မာ နယ်စပ် မြဝတီမြို့သို့ အဆင့်ဆင့် လိမ်ညာလှည့်ဖျား ခေါ်ဆောင်သွားခဲ့သည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်က အင်မတန် ရုပ်ရှင်ဆန်လှသည်။
စစ်ကောင်စီ ထုတ်ပြန်သော ကျားဖျန့်ဖမ်းမိစာရင်း
(၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ – ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃)
ရင်းမြစ်။ ။ မြန်မာ့အလင်းသတင်းစာ (ဇန်နဝါရီလ ၂၁ ရက်နေ့၊ ၂၀၂၅ ခုနှစ်)
ထိုဖြစ်ရပ်ကို အကြောင်းပြုပြီး မြဝတီအခြေစိုက် တရုတ်ကျားဖြန့်ဂိုဏ်းများ အသုံးပြုနေသော လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများကို အိမ်နီးချင်းနိုင်ငံက ရရှိနေသည်ဟု စစ်ကောင်စီက ထိုင်းနိုင်ငံကို ရည်ညွန်း အပြစ်ဖို့ခဲ့ သည်။ ထို့အပြင် ၎င်းတို့အနေဖြင့် ကျားဖြန့်နှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟုဆိုကာ မြန်မာနိုင်ငံ အတွင်း ကျားဖြန့်ဖမ်းမိစာရင်းတစ်ခုကို ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာမှ တစ်ဆင့် ဇန်နဝါရီလ ၂၁ ရက်နေ့ တွင် ထုတ်ပြန်လာပါသည်။
စစ်ကောင်စီ ထုတ်ပြန်ခဲ့သောစာရင်းအရ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ (၁၀၂၇ စစ်ဆင်ရေး မစတင် မီ ၃ပတ်အလို) မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း တရုတ်ကျားဖြန့်ဂိုဏ်းများတွင် အတင်းအဓမ္မ စေခိုင်းခံရ၍ဖြစ်စေ၊ လိုလိုလားလား လုပ်ကိုင်နေကြ၍ဖြစ်စေ ဖမ်းဆီးရမိသူ အရေအတွက်မှာ ၅၅,၇၁၁ ဦး ရှိသည်ဟု သိရပါသည်။ ထိုကိန်းဂဏန်းသည် လတ်တလော မြဝတီမြို့ တရုတ်ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းမှုတွင် ဖမ်းဆီးမိသော အရေအတွက် မပါဝင်သေးပါ။
ဖမ်းဆီးရမိသူ ၉၅ ရာခိုင်နှုန်းကျော်သော အများစုမှာ တရုတ်လူမျိုးဖြစ်ပြီး၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ အီသီယိုးပီးယား၊ နီပေါ၊ လာအို၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ရုရှား၊ မော်ရိုကို စသဖြင့် နိုင်ငံပေါင်း ၃၀ မှ နိုင်ငံခြားသားများ ပါဝင်ကြောင်း တွေ့ရှိရသည်။
အဆိုပါ အချင်းအရာကို လေ့လာခြင်းအားဖြင့် တရုတ်ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို တရုတ်နိုင်ငံသားများ အဓိကလုပ်ကိုင်ပြီး၊ တရုတ်လူမျိုးများကို ပစ်မှတ်ထား စုဆောင်းရုံမျှမက၊ နိုင်ငံစုံမှ နိုင်ငံသားများကိုပါ လိမ်ညာလှည့်ဖျား စုဆောင်းနေပုံကို အထင်အရှားတွေ့မြင်ရမည် ဖြစ်သည်။
ထို့အပြင် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ရန်ကုန်အခြေစိုက် သံရုံးများမှတစ်ဆင့် လည်း ကောင်း၊ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်မှတစ်ဆင့် လည်းကောင်း၊ ၎င်းတို့၏ ပျောက်ဆုံးနိုင်ငံသား များကို ရှာဖွေပေးရန် အကူအညီတောင်းခံခဲ့သော နိုင်ငံပေါင်း ၃၈ နိုင်ငံရှိပြီး၊ ပျောက်ဆုံးလူဦးရေ ၄,၁၇၆ ဦး ရှိကြောင်း၊ ၁,၂၉၂ ဦးကိုသာ ရှာဖွေနိုင်ခဲ့ပြီး ၂,၈၈၄ ဦးကို ရှာဖွေနိုင်ခြင်းမရှိဟု စစ်ကောင်စီက ကိန်းဂဏန်းများကို ရှားရှား ပါးပါး ထုတ်ပြန်ခဲ့သည်။
မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသ လောက်ကိုင်မြို့မှ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ တရုတ်ကျားဖြန့် ဂိုဏ်း များကို အောင်မြင်စွာနှိမ်နှင်းနိုင်ခဲ့ပြီဟု တရုတ်အစိုးရ ကြွေးကြော်ခဲ့ချိန်က ထိုဂိုဏ်းများမှ အဓိကကျသူများ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သို့ ရွှေ့ပြောင်းနေကြကြောင်း သတင်းမီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။ သို့သော် တရုတ်အစိုးရ၏ ကျားဖြန့်နှိမ်နှင်းရေးသည် လောက်ကိုင်မြို့ပြီးနောက် ငြိမ်သက်ရပ်တန့်သွားခဲ့သည်။
ယခုတစ်ကြိမ် သရုပ်ဆောင် Wang Xing အမှုကို အကြောင်းပြုပြီး တရုတ်အစိုးရသည် ၎င်း၏ ဩဇာသုံး၍ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်ဂိုဏ်းများကို နှိမ်နှင်းရန် ထိုင်းအစိုးရကို ဖိအားပေးမှုများ အကြီးအကျယ် ပြုလုပ်လာခဲ့သည်။
Wang Xing ဖြစ်ရပ် ဖြစ်ပွားချိန်သည် တရုတ်နှစ်သစ်ကူး ရက်ရှည်ရုံးပိတ်ရက်ကာလနီးချိန်ဖြစ်ပြီး၊ တရုတ်ခရီးသွားများ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ရန် ထိုင်းအစိုးရ အကြီးအကျယ် မျှော်လင့်နေချိန်လည်း ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ကိုယ်တိုင် တရုတ်ဘာသာစကားဖြင့် တောင်းပန်ခဲ့ရသည်။
မြဝတီမြို့ကို အလုံးစုံ ပိတ်ဆို့ဖြတ်တောက်ရေး တရုတ်အစိုးရက ထိုင်းကို ဖိအားပေးခဲ့
Wang Xing ကဲ့သို့ သရုပ်ဆောင်တစ်ဦးကို တရုတ်ကျားဖြန့်ဂိုဏ်းက ပိပိရိရိ လိမ်ညာလှည့်ဖျား ခေါ်ဆောင်ခြင်းခံရသည့် ဖြစ်ရပ်က တရုတ်အစိုးရခေါင်းဆောင်များကို သရော်လှောင်ပြောင်လိုက်သကဲ့သို့ ဖြစ် ခဲ့သည်။
အကြောင်းမှာ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ် ရုံတင်ပြသခဲ့ပြီး၊ ရက်ပိုင်း အတွင်း သန်းနှင့်ချီသော တရုတ်ပြည်သူများအကြား တုန်လှုပ်ဖွယ် ရေပန်းစားခဲ့သော တရုတ်ကျားဖြန့် ဂိုဏ်း အကြောင်း ရိုက်ကူးထားသည့် တရုတ်အစိုးရ၏ ဝါဒဖြန့် ရုပ်ရှင် No More Bets ဇာတ်ကားအတိုင်း၊ Wang Xing ကို ရုပ်ရှင်ဆန်ဆန် လှည့်စားပြလိုက်၍ ဖြစ်သည်။
ထိုင်းနှင့် မြန်မာ မီဒီယာများတွင် ဟိုးလေးတကျော် ဖြစ်ခဲ့သော Wang Xing အမှုကို တရုတ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ အလေးဂရုပြုခဲ့ရပြီး၊ မြဝတီမြို့မှ တရုတ်ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းရေးကို စတင်လုပ်ဆောင် လာသည်။
ထိုအချိန် စစ်ကောင်စီ၏ လက်ညိုးထိုး အပြစ်ဖို့ခြင်းခံနေရသော ထိုင်းညွှန့်ပေါင်းအစိုးရအတွင်း မြဝတီမြို့ကို လျှပ်စစ်မီးနှင့် အင်တာနက် ဖြတ်တောက်ရေး မည်သူ့တွင် တာဝန်ရှိကြောင်း အပြန်အလှန် အငြင်းပွားလျက် ရှိသည်။
ထိုင်းအစိုးရသည် မြဝတီမြို့အပါအဝင် ထိုင်းနှင့်ထိစပ်နေသော မြန်မာနယ်စပ်မြို့များဖြစ်သည့် တာချီလိတ်နှင့် ဘုရားသုံးဆူမြို့များကို လျှပ်စစ်မီး ရောင်းနေခဲ့သည်မှာ နှစ်ကာလအတော်ကြာနေပြီ ဖြစ်ပြီး၊ ထိုင်းပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ Provincial Electricity Authority (PEA) သည် တာဝန်ရှိသော အေဂျင်စီ ဖြစ် သည်။
ပြည်ထဲရေးဝန်ကြီးဌာနကို ထိုင်းညွှန့်ပေါင်းအစိုးရအတွင်း ဒုတိယအင်အားအကြီးဆုံး Bhumjaithai Party ခေါင်းဆောင် Anutin Charnvirakul က ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးရာထူးဖြင့် ဦးဆောင်နေရာ မြဝတီမြို့ကို လျှပ်စစ်မီး ဖြတ် မဖြတ်ကိစ္စကို ဆုံးဖြတ်ရန် Anutin တွင် တာဝန်ရှိကြောင်း၊ ဝန်ကြီးချုပ် ဟောင်း သက်ဆင်က ထိုင်းမီဒီယာများသို့ ပြောကြားခဲ့ရာ Anutin ပစ်မှတ်ထားခြင်း ခံလာရသည်။
ထိုအခါ Anutin က မြဝတီကို လျှပ်စစ်ရောင်းရန် PEA ကို ညွှန်ကြားခဲ့သည်မှာ အစိုးရအဖွဲ့ ဖြစ်ခြင်းကြောင့် ယင်းကိစ္စသည် ဝန်ကြီးချုပ် Paetongtarn Shinawatra (သက်ဆင်၏ သမီး) ကိုယ်တိုင် ဆုံးဖြတ်ရမည် ဖြစ်ကြောင်း သက်ဆင်၏ပြောဆိုချက်ကို တုံ့ပြန်ခဲ့သည်။
ထိုကဲ့သို့ လျှပ်စစ်မီးဖြတ်လျှင် ထိုင်းဖက်က စာချုပ်ဖောက်ဖျက်ရာကြမည် ဖြစ်ပြီး၊ ကျားဖြန့်ဂိုဏ်းများ သာမက မြန်မာနိုင်ငံသား သာမန်ပြည်သူများပါ ထိခိုက်လိမ့်မည် ဟု Anutin က ပြန်လည်တုံ့ပြန်ခဲ့ရာ၊ ညွှန်ပေါင်းအစိုးရ ကို ဦးဆောင်နေသည့် Pheu Thai Party နှင့် Bhumjaithai Party ခေါင်းဆောင်များအကြား အပြန်အလှန် လက်ညိုးထိုး ပြောဆိုမှုများ ထိုင်းမီဒီယာများတွင် မြင်မကောင်းစွာ တွေ့မြင်လာရပါသည်။
ဘန်ကောက်ပို့စ်သတင်းစာကြီးက မှတ်တမ်းတင်ခဲ့သော မြဝတီမြို့ကို လျှပ်စစ်မီးဖြတ်ရေး မဖြတ်ရေး ထိုင်းအစိုးရအဖွဲ့ထဲ အပြန်အလှန်တာဝန်လွှဲချမှုများ
ရင်းမြစ်။ ။ Bangkok Post
ထိုအချိန်ထိ ထိုင်းအစိုးရသည် ပါတီများစွာဖြင့် ညွှန့်ပေါင်းဖွဲ့စည်းထားခြင်းကြောင့် မြဝတီမြို့ကို လျှပ်စစ်မီး ဖြတ်ရေး မဖြတ်ရေး အမြင်အမျိုးမျိုးကွဲပြားနေခြင်းဖြစ်ပြီး၊ မတူညီသောပါတီများက မတူညီသော ဝန်ကြီးဌာနများကို ခွဲဝေအုပ်ချုပ်နေခြင်းကြောင့်ဟုသာ အကဲခတ် ယူဆသုံးသပ်မိခဲ့သည်။
သို့သော် ထိုဖြစ်ရပ် နောက်ကွယ်တွင် တရုတ်အစိုးရ၏ ဖိအားပေးမှုများ ရှိနေခဲ့သည်ကို ထိုင်းမီဒီယာများက တဖြည်းဖြည်း ထုတ်ဖော်ရေးသားလာကြသည်။ ထိုအချက်ကို ထိုင်းအစိုးရ အထောက်အပံ့ပေးထားသည့် Thai PBS World သတင်းဌာန၏ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ရက်စွဲတပ် သတင်းတစ်ပုဒ်တွင် တွေ့နိုင်သည်၊ မြန်မာစစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF) တို့က ထိုင်းအစိုးရကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားခြင်း ရပ်ဆိုင်းပေးရန် တောင်းဆိုထားချိန် မြဝတီမြို့ ကျားဖြန့်နှိမ်နင်းရေးအတွက် တရုတ်အစိုးရက အထူးတာဝန်ပေးစေလွှတ်ထားသော တရုတ် ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi က ထိုင်းအစိုးရကို နယ်စပ် ပိတ်ဆို့မှုများ ဆက်ရှိနေရေး တောင်းဆိုသည်ဟု ရေးသားဖော်ပြခဲ့သည်။
Liu Zhongyi က ထိုင်းအစိုးရကို ကျားဖြန့်နှိမ်နင်းရေး အဆိုပြုချက် ၄ ခု အဆိုပြုထားကြောင်း၊ ယင်းတို့အထဲမှ ပထမ အချက်မှာ ထိုင်းနိုင်ငံမှ မြဝတီမြို့ဖက်သို့ လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီ ဖြတ်တောက်ထားမှုကို ဆက်လက်ထားရှိရေး၊ ဒုတိယအချက်မှာ ကျားဖြန့်ဂိုဏ်းဝင်များ နယ်စပ်ဖြတ်သန်း ထွက်ပြေးမှုမပြု နိုင်ရန် နယ်စပ်ဒေသတစ်ခုလုံးကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထိန်းချုပ်ရေးနှင့် တတိယအချက်မှာ ကျားဖြန့် ဂိုဏ်းများလက်ထဲ ပိတ်မိနေသော တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံ သို့ ပြန်လည်ပို့ဆောင်ရေး ကူညီပေးရန် တို့ပါဝင်သည်။
ထို့အပြင် Thai PBS World သတင်းဌာနကက ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သော တရုတ်နိုင်ငံ၏ ကျားဖြန့်နှိမ်နင်းရေးက ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခဲ့သလား ဆိုသည့် သတင်းတွင် Liu Zhongyi တောင်းဆိုခဲ့သော စတုတ္ထအချက်ကို တွေ့ရှိခဲ့ရသည်။ ယင်းမှာ သာမန်ပြည်သူများ မဖြစ်မနေအသုံးပြုရန် လိုအပ်သောကုန်ပစ္စည်းများကိုပါ မြန်မာဖက်စီးဆင်းမှု ပိတ်ဆို့ဖြတ်တောက်ရေးအထိ တရုတ်က ထိုင်း အစိုးရကို ဖိအားပေးတောင်းဆိုခဲ့သည်။
အဆိုပါ တောင်းဆိုချက်သည် ထိုင်း-မြန်မာ နှစ်နိုင်ငံလုံးမှ သာမန်ပြည်သူများကို ဘေးဒုက္ခရောက်စေမည့် အချက်ဖြစ်၍ မလိုလားဟုဆိုကာ ထိုင်းအစိုးရက လူသားချင်းစာနာမှုရှုထောင့်မှ ပယ်ချခဲ့သည်ဟု သတင်းတွင် ဖော်ပြ ထားသည်ကို လေ့လာတွေ့ရှိရသည်။
စင်စစ် တရုတ်အစိုးရသည် မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသတွင်ကျင့်သုံးခဲ့သော “ဖြတ် ၅ဖြတ်” နည်းလမ်း အတိုင်း မြဝတီမြို့ကို လျှပ်စစ်မီး၊ အင်တာနက်၊ လောင်စာဆီ၊ မရှိမဖြစ်ကုန်ပစ္စည်းများနှင့် နယ်စပ်တစ်လျှောက် လူဝင်လူထွက် မလုပ်နိုင်စေရေးအတွက် အလုံးစုံ ပိတ်ဆို့ဖြတ်တောက်ရန် ထိုင်းအစိုးရကို ဖိအားပေးနေခဲ့သည်။
ထိုဖိအားများကြောင့် ထိုင်းအစိုးရအတွင်း သဘောထားကွဲပြားမှုများ သတင်းစာမျက်နှာများပေါ်အထိ ထင်သာမြင်သာ ရှိခဲ့ ပြီး၊ နောက်ဆုံး သာမန်ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများနှင့် နယ်စပ်လူဝင်လူထွက် ပိတ်ဆို့ဖြတ်တောက်ခြင်း ၂ချက်ကို ထိုင်းအစိုးရဖက်က ငြင်းပယ်ခဲ့ခြင်းကြောင့်၊ မြဝတီနှင့် တာချီလိတ်မြို့ များမှ မဲဆောက်နှင့် မယ်ဆိုင်မြို့များသို့ လာရောက်ပြီး လောင်စာဆီ ဖြည့်ကြသည့် မြန်မာပြည်သူများ၏ ယာဥ်တန်းရှည်ကြီးကို ထိုင်းဖက်က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
တရုတ်အစိုးရ၏ဖိအားပေးမှုနှင့် တရုတ်လက်ထောက်ဝန်ကြီး Liu Zhongyi ၏ အပြုအမူများကို ထိုင်းအတိုက်အခံ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တက္ကသိုလ်ပညာရှင်အသိုင်းအဝန်းက စတင်မေးခွန်းထုတ်လာကြသည်မှာ မြဝတီ ကျားဖြန့်နှိမ်နင်းရေးတွင် တရုတ်နိုင်ငံက ထိုင်းအစိုးရ၏ အချုပ်အခြာအာဏာကို လေးစာခြင်းမရှိ၊ ချိုးဖောက် နေသလား ဆိုသည့်အချက် ဖြစ်သည်။
ထိုမေးခွန်းကို ညွန့်ပေါင်းအစိုးရ ဦးဆောင်သူ Pheu Thai Party ၏ ဒုတိယခေါင်းဆောင်လည်းဖြစ်၊ ထိုင်း အစိုးရ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ Phumtham Wechayachai က ခုခံကာကွယ်နေရပြီး၊ Liu Zhongyi ကိုယ်တိုင်ကလည်း ၎င်း၏အပြုအမူအကြောင့် ထိုင်းပြည်သူများ နားလည်မှုလွဲမှားခဲ့မှုအတွက် တောင်းပန်ခဲ့ရသည်။

မြဝတီကျားဖြန့်နှိမ်နင်းမှု နောက်ဆုံးအခြေအနေ
ယခုနောက်ဆုံး ထွက်ပေါ်လာသော မြဝတီမြို့တွင်း တရုတ်ကျားဖြန့်ဂိုဏ်းများတွင် လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ကရင်နယ်ခြားစောင့်တပ် BGF က ဖမ်းဆီးထိန်းသိမ်းထားမှု စုစုပေါင်း ၇,၁၁၈ဦး ရှိပြီး၊ တရုတ် နိုင်ငံသား ၄,၈၆၀ဦး ဖြင့် အများစုဖြစ်ကြောင်း တွေ့ရှိရသည်။ ထိုအရေအတွက်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ က မဲဆောက်လေဆိပ် မှ တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့သော တရုတ်နိုင်ငံသား ၂၆၁ ဦး ပါဝင်ခြင်းရှိမရှိ မသိရပါ။
မြဝတီမြို့ တရုတ်ကျားဖြန့်ဂိုဏ်းများထံမှ ကရင်နယ်ခြားစောင့်တပ် BGF က ဖမ်းဆီးထိန်းသိမ်းထားခဲ့သော နိုင်ငံပေါင်း ၂၉ နိုင်ငံမှ နိုင်ငံခြားသား အရေအတွက်
ရင်းမြစ်။ ။ Thai Enquirer
မြန်မာစစ်ကောင်စီက ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ၂၀၂၃ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသရှိ တရုတ်ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းမှု အတွင်း ဖမ်းဆီးရရှိခဲ့သော နိုင်ငံ ၃၀ မှ နိုင်ငံခြားသား ၅၅,၇၁၁ ဦးစာရင်းတွင် ထိုင်းနိုင်ငံသား ၆၄၈ဦး ပါဝင်ခဲ့သည်။
သို့သော် အထက်ပါ မြန်မာ-ထိုင်း နယ်စပ် တရုတ်ကျားဖြန့်ဂိုဏ်းများနှိမ်နင်းမှုအတွင်း ဖမ်းဆီးခံရသူ နိုင်ငံခြား သားများစာရင်းကို ထိုင်းမီဒီယာများက ဖော်ပြရာတွင် ထိုင်းလူမျိုး တစ်ဦးတစ်ယောက်မျှ ပါဝင်ခြင်းမရှိသည့် အချက်မှာ မေးခွန်းထုတ်စရာ ဖြစ်သည်။
မြဝတီ ကျားဖြန့်ဂိုဏ်းများတွင် လုပ်ကိုင်နေသော ထိုင်းလူမျိုးများ နယ်စပ်ဖြတ်ကျော်ပြီး ကိုယ့်နိုင်ငံအတွင်း ဝင်ရောက်ကာ ကိုယ်ရောင်ဖျောက်သွားခြင်းလား၊ သို့ဆိုလျှင် ကျားဖြန့်နှိမ်နင်းရေးတွင် ဂယ်ပေါက်များရှိနေပြီ ဖြစ်သည်။ သို့မဟုတ် ထိုင်းအစိုးရက ၎င်းတို့၏နိုင်ငံသားများ ဖမ်းဆီးရမိမှု ကိန်းဂဏန်းများကို မထုတ်ပြန်ဘဲ ချန်ထားခြင်းလား၊ သို့မဟုတ် ထိုင်းမီဒီယာများကပဲ နိုင်ငံအမည်ပျက်မည်စိုး၍ မဖော်ပြခြင်းလား စဥ်းစားစရာ အမျိုးမျိုး ဖြစ်လာပါသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာ-တရုတ်နယ်စပ်တွင်ဖြစ်စေ၊ မြန်မာ-ထိုင်းနယ်စပ်တွင်ဖြစ်စေ ကျားဖြန့်အွန်လိုင်း ငွေလိမ်ရာဇဝတ်ဂိုဏ်းများကို ဦးစီးလုပ်ကိုင်နေကြသူများမှာ တရုတ်နိုင်ငံသားများဖြစ်သည် ဆိုသည့်အချက်က ကိုရိုနာဗိုင်းရပ်စ်ကဲ့သို့ အငြင်းပွားစရာမရှိသော အမှန်တရား ဖြစ်ပြီး၊ ကွန်မြူနစ်အာဏာရှင်စနစ်အောက် တရုတ်လူ့အဖွဲ့အစည်းအတွင်းမှ မွေးဖွားပေးလိုက်သော လူမှုပြဿနာကြီးအဖြစ် တည့်တည့်ရှုမြင် သုံးသပ်ကြရန် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါသည်။
