သတင်း

ဂွမြို့နယ်တွင် ဒေသခံ ၄၀၀၀ ခန့် အရေပြားယားနာ ဖြစ်ပွားနေ

ဂွဒေသခံစစ်ဘေးရှောင်များသည် လူနေထူထပ်ပြီး သောက်သုံးရေမသန့်ရှင်းမှုများကြောင့် အရေပြား ယားနာများ ခံစားနေရပြီး ထိုအထဲ အသက် ၁၈ နှစ်အောက် ကလေး ၁၀၀၀ ကျော် ပါဝင်နေသည်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း စစ်ဘေးရှောင်နှင့် ဒေသခံ  ၄၀၀၀ ခန့်သည် အရေပြားယားနာဝေဒနာ ခံစားနေရပြီး ဆေးဝါးအကူအညီများအရေးပေါ်လိုအပ်နေကြောင်း သိရသည်။

အရေပြားယားနာဝေဒနာခံစားနေသူ အသက် ၁၀ နှစ်အောက် ၆၀၀ ဦး ၊ အသက် ၁၀ နှစ်မှ ၁၈ နှစ် အထိ ၆၀၁ ဦး၊ အသက် ၁၈ နှစ်အထက် ၁၂ ၉၆ ဦး စုစုပေါင်း ၃၇၉၇ ဦး ရှိကြောင်း ဂွမြို့နယ် စစ်ဘေးရှောင် ကူညီရေးပူးပေါင်းအဖွဲ့က ပြောသည်။

မြေပြင်ရှိကူညီရေးအဖွဲ့များက ဆေးဝါးကုသရေးဆောင်ရွက်နေသော်လည်း လုံလောက်သောဆေးဝါး၊ ထောက်ပံကူညီမှုများရရှိရန်ခက်ခဲနေသည်ဟု ယင်းအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခုလက်ရှိမှာ ဆေးဝါးတွေက စျေးများတယ်။ ရှားပါးတယ်ဆိုတော့ အခုမြေပြင်မှာက လိုအပ်တဲ့ ဆေးဝါးကုသမှုအထောက်ပံ့တွေတော့ မရသေးပါ။ ဆိုတော့ ဆေးဝါးအထောက်ပံ့တွေ၊ အကူအညီတွေ အများအပြားလိုအပ်ချက်တွေ ရှိနေပါသေးတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် ၂၀၂၃ နိုဝင်ဘာ ၁၃ မှ စတင်သော အာရက္ခတပ်တော် (AA) ၏ ထိုးစစ်အတွင်း ရခိုင် ဒေသကို ကုန်းလမ်း၊ ရေလမ်းမှ ပိတ်ဆို့ထားရာ ကုန်စည်၊ ဆေးဝါး၊ အခြေခံလူသုံးပစ္စည်းများ ရှားပါး ပြတ်လပ်နေသည်။

ကျန်းမာရေးဝန်ထမ်းများ၏လမ်းညွှန်ချက်အရ လူတစ်ဦးလျှင် သောက်ဆေး၊ လိမ်းဆေး ၅ ရက်စာ ဆေးဝါးကုန်ကျစရိတ် ကျပ်၂၀၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

ထိုသို့အရေပြားရောဂါဖြစ်ပွားရခြင်းမှာ စစ်ဘေးရှောင်များအနေဖြင့် လူဦးရေထူထပ်စွာနေရပြီး ကျန်း မာရေးစောင့်ရှောက်မှုအပြည့်အဝမရ၍ ဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် စစ်ကောင်စီလေတပ်ကလည်း ဗုံးကြဲမှုများရှိနေသောကြောင့် ရေတွင်းရေကန်များ မသန့်ရှင်းမှု များကြောင့်လည်း ဖြစ်သည်ဟု ဆိုသည်။

” စစ်ကောင်စီကနေပြီးတော့ အရပ်သားနေအိမ်ဆောက်အုံတွေ၊ ဘုန်းကြီးကျောင်းတွေကို လေယာဥ် တွေနဲ့ဗုံးကြဲတာ တာတွေရှိတော့ ပြည်သူတွေရဲ့ ရေတွင်းရေကန်တွေထဲကို ဗုံးတွေ၊ ယမ်းဆိပ်ယမ်းငွေ့ တွေက ကျပြီးတော့မှ ပြည်သူတွေက သောက်သုံးပြီး တော့ အဲလိုမျိုး အရေပြားယားနာတို့ ဖြစ်လာ တယ် ထင်ပါတယ် “ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှလည်း ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ‌ကွင်းဆင်းစစ်ဆေးခြင်း ၊စစ်တမ်းကောက်ယူခြင်း၊ အရေပြားယားနာနှင့်ပတ်သက်၍ ဆောင်ရန်‌ရှောင်ရန်အသိပညာပေးမျှဝေခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ညွှန်ကြားထားသော ဆေးဝါးများကိုဝယ်ယူပြီး အရေပြားယားနာဝေဒနာခံစားနေရသူများထံ ဖြန့်ဝေကူညီလျှက်ရှိသည်ဟု သိရသည်။

ပြည်နယ်တောင်ပိုင်းစွန်ဆုံး ဂွမြို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၉ ရက်တွင် AA သိမ်းပိုက်ခဲ့သည့် မြို့ ဖြစ်ပြီး စစ်ကောင်စီသည် ဂွမြို့အပြင် တခြား AA ထိန်းချုပ် မြို့၊ ရွာများကိုဗုံးကြဲမှုများရှိနေရာ အရပ် သားများထိခိုက်သေဆုံးမှုများရှိနေကြသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာအထိ အစိုးရစာရင်းများအရ ဂွမြို့နယ်တွင် စုစုပေါင်း လူဦးရေမှာ ၆၅,၀၀၀ ကျော် ရှိပြီး ကျိန္တလီမြို့နှင့် ဂွမြို့တို့ရှိသည်။ သံတွဲ-ဂွ- ငါးသိုင်းချောင်း- ရန်ကုန် အဝေးပြေးလမ်းပေါ်ရှိ သော ဂွမြို့သည် ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့မှာ မိုင် ၅၀ ကျော်ဝေးပြီး ရခိုင်ရိုးမသာ ခြားသည်။

လက်ရှိတွင် အိန္ဒိယ-ပလက်ဝနယ်စပ်နှင့်ဘင်္ဂလားဒေ့ရှ် -မောင်တောနယ်စပ်ကို AA က ထိန်းချုပ်ထားပြီး ဖြစ်ရာ ဆေးဝါးနှင့်ကုန်ပစ္စည်းတချို့ ထိုဘက်မှ တင်သွင်းနေရသော်လည်း ဈေးနှုန်းကြီးမြင့်နေသည်။

စစ်ရှောင်များယားနာဖြစ်ပွားမှုသည် ကယား(ကရင်နီ) ပြည်နယ်တွင်လည်း အဖြစ်များပြီး အထူးသဖြင့် ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်များတွင် အဖြစ်များကာ လနှင့်ချီ ကြာ ဖြစ်ပွားနေသူများလည်းရှိနေကြ သည်။​

ကရင်နီဒေသတွင် နှစ်စဉ် ဖေဖော်ဝါရီမှ နှစ်လယ်အတွင်း ရေရှားမှုကြုံတွေ့နေရရာ ယခုကာလတွင် ထိုယားနာ အဖြစ်များကြသည်ဟု ကရင်နီ  ဒေသတွင်းသတင်းဌာနများက ဖော်ပြထားကြသည်။

Show More

Related Articles

Back to top button