သတင်း

မကွေးတိုင်း စေတုတ္တရာကို စစ်တပ်ဗုံးကြဲ၊ သေဆုံးသူများတွင် ကလေး ၂ဦးပါဝင်

မကွေးတိုင်းအတွင်း စက်တပ်လေထီးသုံးပြီး တိုက်ခိုက်မှုတွင် အရပ်သားသေဆုံးမှု များပြားသည်၊ တိုက်ပွဲတစ်ခုတွင် AA က စက်တပ်လေထီး ၂ စီး ပစ်ချခဲ့သည်ဟု ဆိုသည်။

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ကို စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor) အသုံးပြု၍ ဖေဖော်ဝါရီ ၂၃ တွင်  ဗုံးကြဲတိုက်ခိုက်ရာ သေဆုံးသွားသည့် ဒေသခံများထဲတွင် ကလေး ၂  ဦး ပါဝင်သည်ဟု သိရသည်။ 

ထိုနေ့နံနက် ၃း၁၅ နှင့် ၃း၁၈ နာရီတို့တွင်  မြို့တောင်ဘက် ၁၈ မိုင်ခန့်ရှိ မုန်ညှင်းရွာအနီး စိုက်ခင်းအတွင်း တောင်သူများ  နေထိုင်သည့် မင်းလမ်းယာတဲစုကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်၊ ထိုနေရာတွင်  တဲ ၃၀ ခန့်ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ပါရာမော်တာနှစ်စီးနဲ့ ပထမအကြိမ် တစ်လုံးနောက် ၂ လုံးသုံးလုံးကျဲတာ။ နေအိမ်ငါးလုံးကနေ ဆယ်လုံးထိခိုက်တယ်။ ၃ လုံး၊ လုံးဝပျက်စီးတယ်။ ယာတဲ့စုပုံစံပေါ်ကို တည့်တည့်ကျတာ။ အဲနေရာက တောင်သူတွေပဲရှိတာ” ၎င်းက ပြောသည်။

“စုပြီးယာလုပ်ကြတာ။ နေအိမ်တွေကခြံဝိုင်းမရှိဘူး။ ကပ်ကပ်လေးတွေ။ တဲလေးတွေ ထိုးထားကြပြီး နေကြတာ။ ရွာအသေးလေးလိုဖြစ်နေတာပါ”

သေဆုံးသူတို့မှာ အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၂ ဦး ဖြစ်သည်၊ ကလေးများမှာ  ၃ နှစ်အရွယ် မိန်းကလေးနှင့်   ၁၀ နှစ်အရွယ် ယောကျ်ားလေးဖြစ်သည်ဟု သိရသည်။ 

စစ်တပ်ကလေထီးဖြင့် ညဉ့်နက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ယာတဲတွင် နေထိုင်သူ ရှစ်ဦးသေဆုံးခဲ့သည် (ဓာတ်ပုံ ပေးပို့)

လုပ်ငန်းသုံး နွား ၂၄ ကောင်လည်း သေဆုံးခဲ့သည်ဟု ဒေသခံက ဆိုသည်။ 

မှတ်တမ်းဓာတ်ပုံများတွင်  စောင်ဖြင့်အုပ်ထားသော ရုပ်အလောင်း ၇ ခု တွေ့ရသည်၊ ထို့အပြင်   တဲအိမ်အပျက်အစီးများကြား လဲကျသေဆုံးနေသော နွားများကိုလည်း တွေ့ရသည်။

မကြာသေးခင်ကလည်း   စေတုတ္တရာမြို့အတွင်း   စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ရှိကြောင်း သိရသည်။ ထိုဖြစ်ရပ်အတွင်း မည်သို့ထိခိုက်မှုရှိကြောင်း မသိရသေးပေ။

စေတုတ္တရာမြို့နယ်သည် ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ မင်းပြားမြို့နယ်နှင့် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တို့နှင့် ထိစပ်နေသည့် ဒေသဖြစ်သည်။

ဒေသတွင်း ပန်းတောင်းမြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

ပန်းတောင်းမြို့နယ်တိုက်ပွဲ

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ပန်းတောင်းမြို့နယ်အတွင်း စခန်းတစ်ခုကို   ဖေဖော်ဝါရီ ၂၂ တွင် သိမ်းပိုက်ထားသည်၊   ညောင်ကျိုးကျေးရွာတွင် တိုက်ပွဲဆက်ဖြစ်နေရာ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်က စက်တပ်လေထီး သုံးနေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောဆိုကြောင်း  DMG သတင်းဌာန သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

“လက်ရှိ ညောင်ကျိုးတပ်စခန်းကို AA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာ။ စစ်ကောင်စီကလည်း ဂျက်တွေနဲ့ရော စက်တပ်လေထီးတွေနဲ့ပါ ဗုံးကြဲနေတာရှိတယ်” ဟု သူက ပြောသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် AA က  စက်တပ်လေထီးနှစ်စင်းကို  ပစ်ချနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်ဟု ထိုသတင်းတွင် ဖော်ပြထားသည်။

ထိုသတင်းနှင့် ပတ်သက်ပြီး AA ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ 

စစ်တပ်က ရွေ့လျားမှုနှေးကွေးပြီး ထင်သာမြင်သာရှိသော စက်တပ်လေထီးကို 

အလင်းရောင်နည်းပါးချိန်၊ လူအများ အိပ်စက်နေကြချိန်တွင် အသုံးပြုလေ့ရှိသည်ဟု ဒေသခံတို့က Myanmar Now ကို ပြောသည်။

စစ်ကောင်စီတပ်သည် နိုင်ငံအနှံ့ ရင်ဆိုင်နေရသည့် ခုခံတွန်းလှန်မှုကို တိုက်ခိုက်ရေးလေယာဉ်များကို တရစပ်သုံးစွဲ၍ တုန့်ပြန်လျက်ရှိသလို လောင်စာစွမ်းအင် အသုံးပြုမှု နည်းပါးပြီး စျေးသက်သော  စက်တပ်လေထီးများကိုပါ ယမန်နှစ် ဒီဇင်ဘာတွင် စတင် အသုံးပြုနေခြင်းဖြစ်သည်။

မိတ္ထီလာရှမ်းတဲလေတပ်မှတက်လာသည့် အင်ဂျင်တပ်လေထီးများကို အနီးဝန်းကျင် တောင်သာ၊ နွားထိုးကြီးမြို့နယ်များတွင် စတင်အသုံးပြုပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး စစ်ကိုင်းတိုင်းတွင်ပါ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုက ဆိုသည်။







Show More

Related Articles

Back to top button