ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်းနှင့်အနောက်ဖရုံကာကျွန်း၊ မြို့ပေါ်တို့ကို ယမန်နေ့ ( ဖေဖော်ဝါရီ ၂၀) တွင် စစ်ကောင်စီ ထောက်ပို့လေယာဉ်က ဗုံးကြဲသဖြင့် ဒေသခံ ၄ ဦး သေဆုံးကာ ၂၂ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။
မွန်းလွဲ ၁ နာရီခွဲခန့်က အလယ်ဖရုံကာကျွန်းရှိ ကျောက်တောင် ၊ မညင်းကိုင်း၊ ပြင်မ၊ တောင်ချောင်၊ တောင်ဦးမော်၊ အနောက်ရဲ၊ အနောက်ဖရုံကာကျွန်းရှိ သဲခုံရွာနှင့်ငပြီကျွန်းရွာတို့ကို ဗုံးကြဲချခဲ့သည်ဟု ပေါက်တောဒေသခံတစ်ဦးကပြောသည်။
“စစ်ကောင်စီရဲ့ Y -12 ဗုံးကြဲလေယာဥ်က အလယ်ဖရုံကာကျွန်း တောင်ရိုးအတိုင်း တည့်တည့် ဆင်းလာတယ်။ အရင်ဆုံးအနောက်ရဲ (ရွာ) ကို ပစ်တယ်။ ပြီးတော့ဆင်တက်မော်ရွာကို ပစ်တယ်။ အချိန်တိုအတွင်း အပြစ်မဲ့ပြည်သူတွေနေတဲ့ရွာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲခဲ့တယ် “ဟု ၎င်းကဆိုသည်။
“သူ (Y-12) ကတော့ တောက်လျောက်ဝဲတယ်။ သွားတယ်။ ပစ်တယ်။ ဆိုတော့ လူတွေကလည်း လုံခြုံမဲ့နေရာတွေမှာ ပုန်းနေရတယ်။ ဆင်တက်မော်၊ အနောက်ရဲမွတ်ဆလင်ရွာတွေမှာလည်း လူတွေ ဒဏ်ရာရတာတွေရှိတယ်။ လူသေတာတွေ ရှိတယ် “
သေဆုံးသွားသူများမှာ ကျောက်တောင်ရွာမှ မခိုင်ဇင်လှိုင် (၁၂ နှစ်)၊ ဒေါ်မလုံး (၅၀ နှစ်)၊ မောင်အောင်ငြိမ်းနိုင် (၅ နှစ်) နှင့် မညှင်းကိုင်းရွာမှ ကိုကိုလင်း (၂၄ နှစ်)တို့ ဖြစ်သည်။
ကျောက်တောင်ရွာမှ ၄ ဦး၊ မညင်းကိုင်းရွာမှ ၄ ဦး၊ ဆင်တက်မော်ရွာမှ ၇ ဦး၊ အနောက်ရဲရွာမှ ၂ ဦး စုစုပေါင်း ၂၂ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။
ထိုလေယာဥ်သည် ပေါက်တောမြို့ပေါ်ကိုလည်း ဗုံးကြဲချခဲ့ရာ နေအိမ်တချို့ပျက်စီးသွားပြီး အရပ်သား များ နေထိုင်ခြင်းမရှိသဖြင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
“သူတို့(စစ်ကောင်စီ)က အရပ်သားပြည်သူတွေနေထိုင်တဲ့ရွာတွေကိုသိလျက်နဲ့ တမင်ဗုံးကြဲတာ။ အခု ပြည်သူတွေဟာ ကြောက်ကြောက်လန့်လန့်နဲ့နေနေရတယ် “
မြို့တော်စစ်တွေ၏ အရှေ့ဘက် ရေမိုင် ၁၆ မိုင်ခန့်အကွာ အမြန်ရေယာဉ်ဖြင့် တစ်နာရီခန့်သာ ဝေးသော ပေါက်တောမြို့ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ဇန်နဝါရီ ၁၉ ရက်နေ့တွင် သိမ်းယူခဲ့သည်။
ထို့နောက် နောက် စစ်တွေအခြေစိုက်တပ်များက လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကြဲခြင်းတို့ကြောင့် မြို့ပေါ်တွင် နေထိုင်သူ ကင်းမဲ့နေသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ရှုံးနေသောစစ်ကောင်စီသည် အရပ်သားပြည်သူများနေသော မြို့ရွာများကို မကြာခဏဗုံးကြဲတိုက်ခိုက်မှုရှိနေသည်။
လက်ရှိတွင် AA သည် စစ်တွေမြို့အခြေစိုက် စစ်ကောင်စီစခန်းများကို လက်နက်ကြီးဖြင့် တိုက်ခိုက်နေသည်။ အလားတူ စစ်ကောင်စီသည် စစ်တွေမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲခြင်းများပြုလုပ်နေသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင် ကျေးရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ပေါက်တောမြို့နယ်၊ သဲခုံ နှင့်ငပြီကျွန်းရွာတို့ကို ဗုံးကြဲချခဲ့ပြီး လူအထိအခိုက်မရှိခဲ့ပေ။
အာရက္ခတပ်တော် (AA)၊ တအာင်းတပ် (TNLA) ၊ ကိုးကန့်တပ် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ထိုးစစ်ကြောင့် ရှမ်းမြောက်ဒေသတစ်ခုလုံးနီးပါး လက်လွှတ်လိုက်ရသည့် စစ်ကောင်စီသည် AA, TNLA ထိန်းချုပ်နယ်မြေများကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်နေသည်။
တရုတ်၏ ကြားဝင်မှုဖြင့် စစ်ကောင်စီသည် MNDAA နှင့်သာ အပစ်ရပ်ရေး ဆွေးနွေးထားနိုင်ပြီး TNLA နှင့် မကြာသေးခင်က ဆွေးနွေးခဲ့သော်လည်း လုံလောက်သော သဘောတူညီချက်မရသေးဘဲ လာမည့် ဧပြီလတွင် ထပ်မံဆွေးနွေးမည်ဖြစ်သည်။



