
ဖေဖော်ဝါရီလအတွင်း ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) မှ ၉ ဦး ဘက်ပြောင်းခိုလှုံလာကြောင်း စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
ဟုမ္မလင်းမြို့နယ် နမ်တောဒေသတွင် လှုပ်ရှားနေသည့် အမှတ် ၇၅၃ တပ်ရင်းမှ ထွက်ပြေးလာသည့် တပ်ဖွဲ့ဝင်များဖြစ်ပြီး သေနတ် ၆ လက်နှင့် ခဲယမ်းများပါဝင်ကြောင်းလည်း ထိုအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
နမ်တောဒေသဝန်းကျင်တွင် SNA က တော်လှန်ရေးအင်အားစုနှင့် တပ်ဆိုင်ထားကြောင်း၊ ရှေ့တန်းတွင် တာဝန်ကျစဉ် ထွက်ပြေးလာ ခြင်းဖြစ်ကြောင်း ဟုမ္မလင်း ပကဖ တာဝန်ခံက ပြောသည်။
“သူတို့မှာ ဖုန်းကိုင်ခွင့်မပေးထားတော့ သူတို့နည်းသူတို့ဟန်နဲ့ လစ်ထွက်လာရတာ။ .. လက်နက်နဲ့ လာလိုက်တယ်ဆိုရင် ရှေ့ပွိုင့်တွေမှာထင်ယောင်ထင်မှားနဲ့ပစ်ခတ်မှုတွေဖြစ်မှာစိုးလို့ လက်နက်မပါဘဲ နဲ့လာတယ်” ဟု ပကဖ တာဝန်ခံက ပြောသည်။
“အလင်းဝင်တဲ့အကြောင်းပြောပြီးမှ ဘယ်နားမှာ လက်နက်ဖွက်ထားတယ်ဆိုတာ သွားယူ ရတာပါ”
တစုတည်းထွက်ပြေးလာခြင်း မဟုတ်ဘဲ သီးခြားစီ ရောက်လာကြခြင်းဖြစ်သည်၊ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် ပေးထားသည်ဟု ဆိုသည်။
“သူတို့နေရပ်ဌာနေက အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထားတဲ့ကျေးရွာဖြစ်တဲ့အတွက် သူတို့နေရပ် မှာပဲပြန်ပြီးတော့ အခြေချနေထိုင်ခွင့်ပြုတယ်” ဟု ၎င်းက ဆိုသည်။
ဟုမ္မလင်းမှ ရဲဘော် ၉ ဦး ဘက်ပြောင်းသွားသည်ဆိုသောထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး SNA ထံမှ တုံ့ပြန်ချက် ရယူ ဖော်ပြနိုင်ခြင်း မရှိသေးပေ။
၁၉၈၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် SNA သည် စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်နှင့် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ မြစ်ကြီးနားတို့တွင် အဓိက လှုပ်ရှားသည်။
စစ်တပ်အာဏာသိမ်းပြီးကာစတွင် လက်နက်ကိုင်တော်လှန်လိုသူ လူငယ်များကို စစ်သင်တန်းပေးခဲ့သော်လည်း နောက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်နှင့် နီးကပ်သွားသည်။
ဟုမ္မလင်းမြို့နယ်တွင် ပါဝင်သည့် ချင်းတွင်းမြစ်ကမ်းဘေးရှိ ရွှေပြည်အေးမြို့ကို တော်လှန်ရေး အင်အားစုက ၂၀၂၃ နှစ်ကုန်ပိုင်းတွင် သိမ်းပိုက်ထိန်းချုပ်ထားသည်။ မြို့နယ်တွင်းရှိ ကျေးရွာပေါင်း ၃၀၀ ကျော်အနက် လေးပုံတစ်ပုံခန့်ဖြစ်သည့် ကျေးရွာ ၈၀ နီးပါးတွင် တော်လှန်ရေး အင်အားစုက နယ်မြေစိုးမိုးထားကြောင်း ပကဖ တာဝန်ခံက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းထိ စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် တစ်သောင်းခွဲနီးပါး ဘက်ပြောင်းခိုလှုံခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်သည့် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေအစီရင်ခံစာတွင် ဖော်ပြထားသည်။