
နိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း၊ တောင်သာမြို့နယ် ထနောင်းကုန်းကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီဩဇာခံ ပျူစောထီးတပ်စခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် မဟာမိတ် ပူးပေါင်းတပ်များက ယမန်နေ့(ဖေဖော်ဝါရီ ၁၉) နံနက်ပိုင်းတွင် စီးနင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
တောင်သာမြို့၏ အနောက်တောင်ဘက် ၁၄ မိုင်အကွာ ဝဲလောင်-ဇဂျမ်းလမ်းပေါ်တွင်ရှိသည် ထိုရွာတွင် ခံကတုတ်အခိုက်မာတည်ဆောက်၍ စစ်သားနှင့် ပျူစောထီးပူးပေါင်းအင်အား ၄၀ ခန့်က တပ်စွဲထားပြီး ယမန်နေ့တွင် တစ်နာရီကျော်ကြာ စီးနင်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနောက်မြောက်စစ်ဒေသ ပြောခွင့်ရ ရဲဘော်မြင့်နိုင်က Myanmar Now ကို ပြောသည်။
“ရွာရဲ့တဝက်ကျော်ကျော်လောက်ကို ကျွန်တော်တို့ စီးနင်းနိုင်ခဲ့တယ်။ နှစ်ဖက်ထိခိုက်အခြေအနေက ရန်သူ့ဘက်က ကျွန်တော်တို့ရှင်းလင်းထားတဲ့ ဘန်ကာတွေထဲမှာ ရန်သူအလောင်းနှစ်လောင်းရတယ်။ ပြီးတော့ သူတို့ဘက်က ဒဏ်ရာရနိုင်တဲ့အခြေအနေမျိုးလည်းရှိတယ်” ဟု ၎င်းက ပြောသည်။
ထို့တိုက်ပွဲတွင် လက်နက်နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီသည် မြင်းခြံနှင့် တောင်သာမှ စစ်ကူစေလွှတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ရန်ပြင်ဆင်လာခြင်းတို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း တော်လှန်ရေးတပ်များဘက်မှ အထိခိုက်မရှိကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ဇဂျမ်းရွာရဲစခန်း၊ ဝဲလောင်ရဲစခန်းတို့၏အလယ်တွင် တည်ရှိသည့် ထိုရွာသည် ပျူစောထီအားကောင်းသည့် ရွာဖြစ်သလို တော်လှန်ရေးတပ်များ၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအတွက် အန္တရာယ်ပေးနိုင်သည့်နေရာလည်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
တောင်သာမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက နည်မျိုးစုံဖြင့် တိုက်ခိုက်မှုများရှိပြီး စစ်ကောင်စီကလည်း ဒေသခံအရပ်သားများကို ပျူစောထီးအမည်ဖြင့် ပြည်သူ့စစ်တပ်ဖွဲ့များဖွဲ့ခိုင်းကာ ပြန်လည်တိုက်ခိုက်ခိုင်းနေသည်။
“ရန်သူကို ဘယ်နေရာမှာပဲရရ အမြဲတမ်းတိုက်ခိုက်တယ်။ ပျောက်ကြားတိုက်လို့ရတဲ့အခါမှာ တိုက်တယ်။ ပျူရွာတွေကို ဝင်လုံးပြီး တိုက်လို့ရတဲ့အခါတိုက်တယ်။ အဲလို အခြေအနေမျိုးစုံနဲ့ တိုက်နေရတဲ့ အခြေအနေပါ။ ရန်သူလှုပ်ရှားမှုကများသလို ကျွန်တော်တို့လှုပ်ရှားမှုလည်းများတယ်။ ရန်သူရဲ့ ကျွန်တော်တို့ပေါ်ထားနေတဲ့ အကြောက်တရားက တဖြည်းဖြည်းနဲ့ကြီးလာတယ်” ဟု ၎င်းက ဆိုသည်။

လူဦးရေ ၂ သိန်းခွဲနီးပါး နေထိုင်ပြီး မြို့ပေါ်ရပ်ကွက် ၆ ခု၊ ကျေးရွာပေါင်း ၂၄၀ ကျော်ရှိသည့် တောင်သာ မြို့နယ်သည် မလှိုင်၊ ကျောက်ပန်းတောင်း၊ ပုဂံညောင်းဦး၊ မြင်းခြံမြို့နယ်များနှင့် ထိစပ်နေသည်။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်း သုံးပွင့်ဆိုင်ရှိနေသည့် တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံမြို့နယ်တို့တွင် လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်များဖြင့် စုဖွဲ့ထားသည့် မဟာမိတ်များက စစ်ကောင်စီကို မကြာခဏထိုးစစ်ဆင်နေသည်။
ယခင်က ထိုဒေသတွင် စစ်ကောင်စီသည် မြေပြင်စစ်ကြောင်းများ မကြာခဏဝင်လေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် လေကြောင်း၊ အင်ဂျင်တပ်လေထီး (Paramotor) ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို အားကိုးလာသည်ဟု တောင်သာဒေသခံများထံမှ သိရသည်။
မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး နိုင်ငံရေးအဖွဲ့ဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ၎င်းတို့၏လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကိုပြန်လည်စုဖွဲ့ပြီး စစ်တပ်ကိုပြန်လည်တိုက်ခိုက်နေသည်။
PLA အနောက်မြောက်စစ်ဒေသသည် ယေဘူယျအားဖြင့် ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းး၊ မကွေးတိုင်းမြောက်ဖျား၊ မြင်းခြံ၊ တောင်သာ၊ မိတ္ထီလာစသည့်ဒေသများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများရှိကြောင်း သိရသည်။