သတင်း

AA ၏စစ်ဆေးမှုကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုရပ်ဆိုင်းနေ

စစ်တွေနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့ AA လက်အောက် ကျရောက်သွားရာ ရန်ကုန် ဆိပ်ကမ်းမှတဆင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုကို အားပြုလာရချိန် AA စစ်ဆေးမှုများကြောင့် ရပ်ဆိုင်းထားရကြောင်း ကုန်သည်များက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးထိန်းချုပ်ထားသည့် အာရက္ခတပ်တော်(AA) က ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့မည့် ကုန်တင်သင်္ဘောများကို တားဆီးစစ်ဆေးနေခြင်းကြောင့် နှစ်နိုင်ငံပင်လယ်ရေကြောင်းကုန်သွယ်မှုလည်း ရပ်ဆိုင်းနေကြောင်း စုံစမ်းသိရသည်။ 

၂၀၂၃ နိုဝင်ဘာလတွင် စတင်ခဲ့သည့် AA ၏ ရခိုင်ပြည်နယ်ထိုးစစ်ကြောင့် စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းများ လုပ်ငန်းများရပ်ဆိုင်းသွားသဖြင့် ရန်ကုန်ဆိပ်ကမ်းမှတဆင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုကိုအားပြုနေရချိန် နယ်မြေစိုးမိုးထားသော AA ၏ စစ်ဆေးမှုများကြောင့် ရပ်ဆိုင်းထားရကြောင်း ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်းဝင်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“စစ်တွေကလည်း ရပ်ထားတာကြာပြီလေ။ မောင်တောလည်းရပ်ထားတာကြာပြီလေ။ နောက်ဆုံးကတော့ ရန်ကုန်ကနေသွားတာရှိတယ်။ ခုနကပြောသလိုပဲ သွားတဲ့သင်္ဘောတွေက အစစ်ဆေးခံရတဲ့အနေအထား တွေလည်းရှိတဲ့အတွက် ဒီဘက်ကလည်း ရပ်ထားတယ်ဆိုတဲ့အနေအထားလောက်ပဲ။ အသေးစိတ်တော့ မသိရဘူးဗျ” ဟု ၎င်းက ပြောသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ၁၆၈ မိုင်ကျော် နယ်နိမိတ်ချင်းထိစပ်နေပြီး နယ်နမိတ်အဖြစ် နတ်မြစ် က ပိုင်းခြားထားကာ နှစ်နိုင်ငံကုန်သွယ်ရေးတွင် မောင်တောနှင့်စစ်တွေကုန်သွယ်ရေးစခန်းများမှ တဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဖ် ဆိပ်ကမ်းသို့ ကုန်စည်များ ကူးသန်းရောင်းဝယ်ကြခြင်းဖြစ်သည်။ 

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်၍ ရန်ကုန်အပါအဝင် ပြည်မဘက်မှ ကုန်ပစ္စည်းများတင်ပို့ရာ၌ မောင်တောနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ဖြတ်သန်းပြီးမှ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ခွင့်ရပြီး ၂၀၂၃ နှစ်ကုန်တွင် ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် ထိုစခန်းများကိုဝင်ရန်မလိုအပ်ဘဲ ရန်ကုန်မှ တက္ကနပ်ဖ်ဆိပ်ကမ်းသို့ ကုန်စည်များတိုက်ရိုက်တင်ပို့ခွင့်ပြုခဲ့သည်။ 

AA ၏ ရေကြောင်းတားမြစ်ပိတ်ပင်ချက်။

သို့သော် နယ်စပ်မြို့ဖြစ်သည့် မောင်တောကို AA က ၂၀၂၄ ဒီဇင်ဘာ ၈ ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့ ပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထိန်းချုပ်လိုက်သလို ထို့နေ့တည်းက နတ်မြစ် (အာရက္ခပြည် ဘက်အခြမ်း ရေပိုင်နက်) အတွင်း ရေကြောင်းခရီးသွားလာမှုများအား အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်ကြောင်း ထုတ်ပြန်ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ 

ရခိုင် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကိုထိန်းချုပ်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ဒေသတွင်း  အုပ်ချုပ်ရေးယန္တရားများ စတင်လည်ပတ်လာသည်။ 

ယင်းမတိုင်မီကတည်းက AA သည်  အာရက္ခကမ်းခြေစောင့်ရဲတပ်ဖွဲ့ကို ဖွဲ့စည်းပြီး  နယ်စပ်သွားကုန်တင် သင်္ဘောများကို စစ်ဆေးမှုများ လုပ်လာသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရားမဝင် ဝင်ရောက်လာသော ငါးဖမ်းလှေများကို ဖမ်းဆီး၍ ပြန်ပို့ခြင်းများရှိလာသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့တွင် ရန်ကုန်မှ တက္ကနပ်ဖ်ဆိပ်ကမ်းသို့ သွားရောက်မည့် ကုန်တင်သင်္ဘော ၃ စီးကို နတ်မြစ်အတွင်း AA က ထိန်းသိမ်းစစ်ဆေးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။ 

“ရန်ကုန်ကတော့ ပြီးခဲ့တဲ့လပိုင်းလောက်အထိ ထွက်ခဲ့တဲ့ဟာတွေ သတင်းတွေတော့ကြားရပါတယ်။ ကုန်သွယ်မှုကတော့ မလုပ်ဘူးဆိုရင်တော့ (ကုန်သွယ်မှုတန်ဖိုး) Zero လောက်အထိ ဆင်းသွားမှာပေါ့။ ကုန်သွယ်မှုတွေပြန်စဖို့ကတော့ အကြောင်းအရာအကုန်လုံးကို ဆက်စပ်ပြီးမှပဲ ခွင့်ပြုချက်ရပြီဆိုမှပဲ (လုပ်ခွင့်ရမယ်)” ဟု ၎င်းက ပြောသည်။

၂၀၂၄ ဇွန် ၃ ရက်က မောင်တောမြို့၊ ကျောက်ပန္ဒူကမ်းခြေအနီး တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-AA info Desk)

ဘင်္ဂလားဒေ့ရှ်သို့တင်ပို့မည့် ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်ခြင်းမရှိသေးပေ။  

မြန်မာဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်သည့် သင်္ဘောအဝင်အထွက်စာရင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားမည့် သင်္ဘောတစ်စင်းသာ ရှိသည်ကို တွေ့ရသည်။ Young An အမည်ရှိ  ထို သင်္ဘောက ဆန်တန်ချိန် ၂၃,၀၀၀ တင်ဆောင်မည်၊  ဖေဖော်ဝါရီ ၃ တွင် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိမည်ဟု စာရင်းသွင်းထားသည်။  

ယခုနှစ်ဆန်းပိုင်းတွင် ရန်ကုန်ဆိပ်ကမ်းများမှ ဘင်္ဂလားဒေ့ရှ်သို့ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ(MoU)ဖြင့် ဆန်တင်ပို့ခဲ့သည်ဟု သိရသည်။ 

မြန်မာနိုင်ငံအနေဖြင့် ပြည်ပကုန်သွယ်မှုသုံးပုံနှစ်ပုံကို ပင်လယ်ရေကြောင်းမှကုန်သွယ်ပြီး ကျန်တစ်ပုံကို နယ်စပ်ဂိတ်များမှ ကုန်သွယ်နေသည်။

တရုတ်နှင့် ထိုင်းအပါအဝင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုတို့နှင့် ထိဆက်နေသည့် မြန်မာနယ်စပ်ဂိတ်များ ကို တိုင်းရင်းသားတော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး ယခုအခါ ပင်လယ်ရေကြောင်းကုန်သွယ်မှု ကိုလည်း ရိုက်ခတ်လာကြောင်း အမည်မဖော်လိုသည့် စီးပွားရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ 

“AA က (ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ) အပြည့်အဝထိန်းချုပ်ခွင့် ရနေတယ်ဆိုတဲ့သဘောရှိတယ်။ ဧရာဝတီကို တိုက်နိုင်ရင် တော့ ပင်လယ်ထွက်ပေါက်က တော်တော်ပိတ်သွားမယ်။ ရန်ကုန်ရလို့ရှိရင်ကတော့ သေချာတယ်၊ ပင်လယ်ထွက်ပေါက်က လုံးဝပိတ်သွားပြီ” 

စစ်တပ်အာဏာသိမ်းစ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၆၂ သန်းကျော်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဆက်တိုက်ကျဆင်းခဲ့ပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၆၈ သန်းသာရှိကြောင်း စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးဆိုင်ရာကိန်းဂဏန်းများကို ပိတ်ပင်ထား၍ ကိန်းဂဏန်းအတိကျကို မသိရတော့ပေ။

ဘင်္ဂလားဒေ့ရှ်နှင့်ကုန်သွယ်ရာတွင် AA နှင့် မဖြစ်မနေဆက်သွယ်ရမည်အခြေအနေဖြစ်ပြီးအခြားတစ်ဖက် တွင်လည်း စစ်ကောင်စီဖိအားကြောင့် AA ၏ ကြီးကြပ်ခွင့်ပြုမှုဖြင့် နှစ်နိုင်ငံကုန်သွယ်ရန်လည်း အခက်ခဲ ရှိနေသည်ဟု ကုန်သည်များထံက သိရသည်။ 

၂၀၂၄ နှစ်ကုန်တွင် AA အကောက်ခွန်ဌာန၏ ခွင့်ပြုချက်၊ အခွန်ပြေစာဖြင့်တင်ပို့သည့် ဆန်သင်္ဘောကို ဘင်္ဂလားဒေ့ရှ်ဘက် လက်ခံရန်အကျပ်ရိုက်ခဲ့သည်။ သို့သော် ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါးနှင့် မိုင်းပေါင်း ၁၇၀ နီးပါးရှိသည့် နယ်စပ်ကိုထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) နှင့် ထိတွေ့ဆက်ဆံနေကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ဖော်ပြောဆိုထားသည်။

နယ်စပ်ကုန်သွယ်ရေးကိုင်တွယ်မှုနှင့်ပတ်သက်၍ အာရက္ခတပ်တော်ပြောခွင့်ရ ဦးခိုင်သုခကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်းတုန့်ပြန်ဖြေဆိုခြင်းမရှိပေ။ 

စစ်ကောင်စီက ကုန်စည်စီးဆင်းမှုဖြတ်တောက်ထားသည့် ရခိုင်ပြည်နယ်အတွင်း နယ်စပ်ချင်းထိစပ်သည့် နိုင်ငံများနှင့် ကုန်စည်များရောင်းဝယ်ဖောက်ကားနိုင်ရန် ကုန်သည်များကို AA က အကူညီပေးနေကြောင်း ရခိုင်နိုင်ငံရေးသမား မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။

“ထုတ်လုပ်နိုင်တဲ့ကုန်ပစ္စည်းတွေကို ထုတ်လုပ်လာကြသလို မထုတ်နိုင်တဲ့ ပစ္စည်းတွေကလည်း သူ့နည်း သူ့ဟန်နဲ့ ကုန်သည်တွေဆီက တစ်ဆင့်ဝင်လာတာရှိတယ်။ အာရက္ခတပ်တော်အနေနဲ့ကတော့ ကုန်သည် တွေကို အကူအညီပေးတာတို့၊ တစ်ဖက်နိုင်ငံနဲ့ ဟိုဘက်ဒီဘက်ပေါ့ ကုန်သည်ချင်း ရောင်းဝယ်ဖောက်ကား မှုတွေကို ကူညီပံ့ပိုးတာတွေရှိတာပေါ့” ဟု  ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် AA က မြို့အများစုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီသည်  စစ်တွေမြို့၊  ကျောက်ဖြူနှင့်မာန်အောင်မြို့နယ်တို့ကို ထိန်းချုပ်ထားသည်။ စစ်ကောင်စီရုံးစိုက်ရာ ပြည်နယ်မြို့တော် စစ်တွေကို ဖေဖော်ဝါရီ ၇ ရက် ညပိုင်းမှစတင်၍ AA က ပစ်ခတ်တိုက်ခိုက်မှုများရှိနေသည်။  

၂၀၂၃ ဩဂုတ်လအတွင်းက တွေ့ရသည့် စစ်တွေဆိပ်ကမ်း။ (ဓာတ်ပုံ- Myanmar Now)

Show More

Related Articles

Back to top button