
စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ယမန်နေ့ (ဖေဖော်ဝါရီ ၁၈) ရက်က စစ်ကောင်စီတပ်၏ အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့်အရပ်သား ၅ ဦးသေဆုံးသွားသည်ဟု သိရသည်။
ကနီမြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာ မုံရွာ – ယာကြီး− ကလေးဝ ကားလမ်းပေါ်ရှိ ချောင်းမရွာကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် မုံရွာမှ တက်လာသည့် စက်တပ်လေထီးဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ထိုရွာရှိ လက်ဘက်ရည်ဆိုင်နှင့် ကွမ်းယာဆိုင်များရှိသည့် လူစည်ကားရာလမ်းဆုံကို ဦးတည်ကြဲချခြင်းကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရသူများပြားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။
“ ၅ ယောက်သေတယ်။ အယောက် ၂၀ လောက်ထိခိုက်ဒဏ်ရာရတယ်။ ဘာမှကိုမရှိဘူး။ သက်သက် လုပ်သွားတာ။ လမ်းဆုံ လူစည်တဲ့နေရာ လက်ဘက်ရည်ဆိုင်တို့၊ ကွမ်းယာဆိုင်တို့ရှိတဲ့နေရာ လမ်းလယ်ခေါင်ကို သွားကျတာ အသီး (ဗုံး)က ၁၂၀ မမ ၂ လုံးချသွားတာ ”ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ Unioin Liberation Front −ULF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
သေဆုံးသူများ၏ အသက်အရွယ်၊ အမည်များနှင့် ကျား၊ မ တို့ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာ တစ်ဘက်ကမ်းရှိ ကနီမြို့နယ်မှာ မြို့ပေါ်မှအပ ကျေးလက် ဒေသအများစုတွင် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေသည်။
ပြီးခဲ့သည့်နှစ် မတ်လဆန်းတွင် ကနီမြို့ကို တော်လှန်ရေးအင်အားစုများ ၁၀ ရက်နီးပါးကြာထိုးစစ်ဆင် တိုက်ခိုက်ပြီး နေရာအများစုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်တပ်ကလေကြောင်းမှ အပြင်းအထန် တုံ့ပြန်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး လက်ရှိတွင် စစ်တပ်ကမြို့ကိုစိုးမိုးထားဆဲဖြစ်သည်။
ချင်းတွင်းမြစ်ကမ်းဘေး ကနီမြို့နယ်တွင် စစ်တပ်က ယခုလဆန်းပိုင်းက စပြီး အင်ဂျင်တပ်လေထီး အပါအဝင် လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ ၆ ဦး ထက်မနည်း သေဆုံးခဲ့သည်။
ဖေဖော်ဝါရီ ၂ ရက်ကလည်း မြစ်အရှေ့ဘက်ကမ်း၊ ထောက်ကြံ့ကုန်းရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၇ ဦးခန့်ရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၇ ရက်နေ့တွင်လည်း ကနီမြို့နယ်တွင်း အင်ဂျင်တပ်လေထီးဖြင့် တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရပြီး လေကြောင်းကိုအားပြုနေရသည့် စစ်တပ်သည် စက်သုံးဆီစားသက်သာပြီး ကုန်ကျစရိတ်ပိုမိုသက်သာသည့် စက်တပ်လေထီးများ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု လုပ်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်း တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုအားကောင်းသည့် ဒေသများတွင် ပြီးခဲ့ သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းက စက်တပ်လေထီးများ စတင်အသုံးပြုလာသည်ကို တွေ့ရသည်။
မိတ္ထီလာရှမ်းတဲလေတပ်မှတက်လာသည့် အင်ဂျင်တပ်လေထီးများကို အနီးဝန်းကျင် တောင်သာ၊ နွားထိုးကြီးမြို့နယ်များတွင် စတင်အသုံးပြုပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး စစ်ကိုင်းတိုင်းတွင်ပါ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများက ဆိုသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး မုံရွာ၊ ကနီအပါအဝင် အနီးဝန်းကျင်တဝိုက်တွင် စက်တပ် လေထီးများကို နေ့ရောညပါ ဆက်တိုက်အသုံးပြုလာသည်ဟုလည်း ဒေသတွင်းလှုပ်ရှားသည့် တော်လှန်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
“တစ်နေ့ကို သုံးစီးကတော့ တက်တယ်။ ဘုတလင် ဘက်တွေရော၊ မုံရွာဘက်တွေရောပဲ။ နမခ ကနေ ထွက်ရင် သိရတယ်။ မြင်နေရတယ်။ အသံကလည်း လေယာဉ်သံလိုပဲ မြည်တယ်။ ပစ်ချနိုင်တာတော့ မရှိသေးဘူး။ အဲ့ဒါပဲကြောက်နေရတယ်။ ပါရာမော်တာကလည်း လေယာဉ်တစ်စီး လိုပဲ”ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
အင်ဂျင်တပ်စက်တပ်လေထီးမှာ အမြင့်ပေ ၄၀၀ မှ ၂၀၀၀ ကြားပျံသန်းနိုင်ကြပြီး လတ်တလော အနေ အထားတွင် ပစ်ချတုံ့ပြန်နိုင်သည့်အခြေအနေမရှိသေး ကြောင်း တော်လှန်ရေးအင်အားစုများကဆို သည်။
“ပစ်ချတဲ့အနေအထားတွေတော့မမြင်ရသေးဘူး။ လက်နက်ငယ်နဲ့ဆိုရင်တော့ ကျည်ဖြုန်းရုံသက်သက် ပဲနေမှာ”ဟု ကနီမြို့နယ်တွင်လှုပ်ရှားသည့် တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးကဆိုသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ ၃ ရက်တာ အတွင်း လေကြောင်းမှ တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် ကလေး ၆ ဦးအပါအဝင် အရပ်သား ၁၅ ဦးသေဆုံးပြီး ၂၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်သည်။
၎င်းတို့အနက် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ချောင်းဦးမြို့နယ်၊ ညောင်ပင်သာရွာကို အင်ဂျင်တပ်လေထီး ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးအပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။