သတင်း

စစ်တွေမြို့ကို AA က လက်နက်ကြီးဖြင့်ပစ်ခတ်၊ စစ်တပ်က လေကြောင်းဖြင့်တုံ့ပြန်

စစ်တွေမြို့ကို AA က စတင်တိုက်ခိုက်မှုများ လုပ်လာရာ စစ်ကောင်စီကလည်း စစ်တွေအနီးဝန်းကျင် ပေါက်တော နှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုဖြင့် တုံ့ပြန်နေသည်။

ရခိုင်ပြည်နယ် မြို့တော်စစ်တွေရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် (AA) က ယခုရက်ပိုင်းအတွင်း လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေပြီးနောက် မြို့အနီးရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့  မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင် ကျေးရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၁၇ ရက် ၊ ည ၈ နာရီကျော်တွင် ပေါက်တောမြို့နယ်၊ သဲခုံ နှင့်ငပြီကျွန်းရွာတို့ကို ဗုံးကြဲချခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

” မနေ့က ပေါက်တောကို ဗုံးကြဲတယ်။ ဒီနေ့ ပုဏ္ဏားကျွန်းကို ဗုံးကြဲတယ်။ သွေးရူးသွေးတန်းနဲ့ စစ်တွေ မြို့ပတ်ပတ်လည်က ရွာတွေကို ဗုံးချနေတယ် “ဟု ၎င်းက ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဆိုသည်။

စစ်တွေမြို့မြောက်ဘက်တွင် ပုဏ္ဏားကျွန်း၊ အရှေ့ဘက်တွင် ပေါက်တောမြို့နယ်ရှိကာ ထိုဒေသများသည် AA ထိန်းချုပ်နယ်မြေများ ဖြစ်ကြသည်။ 

အထက်ပါလေကြောင်းတိုက်ခိုက်မှုများကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများမရှိဟု ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

ပြီးခဲ့သည့်  ဖေဖော်ဝါရီ ၈ နှင့် ၁၃ ရက်အတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ငယ် ပစ်ခတ်မှုတို့ကြောင့် ရခိုင်ပြည်နယ်အတွင်း အရပ်သား ၅ ဦး သေဆုံး၊ ၁၆ ဦး ဒဏ်ရာရခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစု သိမ်းပိုက်ထားသည့် AA သည် စစ်ကောင်စီအား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်တွေ့ဆုံဆွေးနွေးရန် ထုတ်ပြောထားသော်လည်း စစ်ကောင်စီက ရခိုင်ဒေသကို လေကြောင်းမှဗုံးကြဲမှုများ ဆက်ရှိနေသောကြောင့် တိုက်ပွဲများပြင်းထန်လာဖွယ် ရှိနေသည်။ 

လက်ရှိတွင် AA သည် စစ်တွေအခြေစိုက် စစ်ကောင်စီတပ်စခန်းများကို ဝိုင်းရံပိတ်ဆို့ထားပြီး အချိန်မရွေးတိုက်ခိုက်နိုင်အောင် ပြင်ဆင်ထားသည်ဟု AA နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“စစ်တွေကို ဝိုင်းပတ်ပိတ်ဆို့ပြီး ရန်သူ့နယ်မြေကို ကျုံ့လာအောင်လုပ်ထားပြီး အချိန်မရွေး တက်ထိုးနိုင်အောင် လုပ်ထားတဲ့အခြေအနေပါ”ဟု AA နှင့်နီးစပ်သူက ဆိုသည်။

၂၀၂၅ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်တွေဘက်မှ လာသည့် သံချပ်ကာယာဥ်တစ်စီးကို AA က တိုက်ခိုက် ဖျက်ဆီးခဲ့စဉ်။ (ဓာတ်ပုံ-ပေးပို့)

စစ်ကောင်စီရုံးစိုက်ရာ ပြည်နယ်မြို့တော် စစ်တွေကို ဖေဖော်ဝါရီ ၇ ရက် ညပိုင်းမှစတင်၍ AA ဘက်မှ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီး ၃ ရက်နီးပါး လက်နက်ကြီး ပစ်ခတ်မှုများရှိခဲ့သည်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကလည်း AA အနေဖြင့် လက်ကျန် ၃ မြို့နယ်အနက်မှ စစ်တွေကို စတင်တိုက်ခိုက်နေပြီဟု ဆိုသည်။

“ ဒီဖေဖော်ဝါရီလဆန်းပိုင်းကစပြီးတော့ AA က စစ်တွေမြို့ကိုဝိုင်းပတ်ပြီး ပိတ်ဆို့ထားပြီးတော့ အခြေအနေအရ စတင်ပြီးတော့ အဝေးကလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ၊ စစ်တွေမြို့ရဲ့ မြို့သိမ်း တိုက်ပွဲ စပြီလို့တော့ အားလုံး ကတွက်ဆနေကြတာပေါ့။ ဒါကလည်း ခုထက်ထိ နေ့စဥ်ရက်ဆက်ပါပဲ” ဟု ၎င်းက ပြောသည်။ 

“ ဆိုတော့ ကျန်တဲ့သုံးမြို့နယ်မှာ ပထမဆုံးစစ်တွေမြို့ဟာ တိုက်တော့မယ်။ (AA က) စစ်ရေးပြင်ဆင်မှု တွေ ရှိနေပြီ။ စစ်ကောင်စီဘက်ကလည်းအင်အားဖြည့်ဆည်းမှုတွေက အများကြီးလုပ်ထားတယ်။ သူတို့ဘက်ကလည်းခံစစ်ကို ကောင်းကောင်းပြင်ထားတဲ့သဘော” ဟု ဦးဖေသန်းက  ဆက်ပြောသည်။ 

ရခိုင်ပြည်နယ်တွင် AA က မြို့အများစုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီသည်  စစ်တွေမြို့၊  ကျောက်ဖြူနှင့်မာန်အောင်မြို့နယ်တို့ကို ထိန်းချုပ်ထားနိုင်သည်။ 

စစ်ကောင်စီနှင့်အပစ်ရပ် ဆွေးနွေးရန် မသေချာသေးသော်လည်း AA က မြို့သိမ်းတိုက်ပွဲများအတွင်းမှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းနှင့် သုံ့ပန်းမိသားစုဝင် ၁၉၈ ဦးကို ယခုရက်ပိုင်း လွှတ်ပေးခဲ့ပြီး စစ်သုံ့ပန်း မိသားစုဝင် ၁၉၇ ဦးနှင့် စစ်သုံ့ပန်း ဒုရဲမှူးကြီး ၁ ဦး ပါဝင်သည်။

ဖေဖော်ဝါရီပထမအပတ်အတွင်းကလည်း စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ဦးနှင့် အရပ်သား အကျဉ်းသား ၂၆ ဦး၊ စုစုပေါင်း ၁၄၂ ဦးကို ပြန်လွှတ်ပေးခဲ့သေးသည်။

ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်အနီး တိုက်ပွဲပြင်းထန်ခဲ့စဉ်။ (ဓာတ်ပုံ-ပေးပို့)

Show More

Related Articles

Back to top button