သတင်း

အချုပ်ကျနေသူများကို စော်ကားမှုအတွက် ကန့်ဘလူမှ ၃ ဦးကို စစ်ဆေးနေဟု NUG ဆို 

မုဒိမ်းမှုအပါအဝင် မတရားမှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် ကန့်ဘလူ မြို့နယ် အဆင့် တော်လှန်ရေး ခေါင်းဆောင်တချို့ကို တာဝန် ရပ်နားကာ စစ်ဆေးနေသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အချုပ်ကျနေသူ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုအပါအဝင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများ ကျူးလွန်သည်ဟု စွပ်စွဲတိုင်ကြားခံထားရသည့် မြို့နယ်တာဝန်ရှိသူများကို တာဝန်မှ ယာယီရပ်နားကာ စုံစမ်းစစ်ဆေးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

NUG က  တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့်ဒေသ တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှု အခြေအနေနှင့်ပတ်သက်ပြီး ယနေ့ (ဖေဖော်ဝါရီ ၁၈) ရက် နံနက်ပိုင်း   “ပြည်သူ လူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း” အစီအစဉ်ကို ထုတ်ပြန်စဉ် ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။  

စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး NUG ရဲချုပ် ဦးဆောင်ကာ အမှုကို ကိုင်တွယ်နေသည်ဟု ဦးကျော်ဇော်က ဆိုသည်။ 

“စုံစမ်းစစ်ဆေးရေးအဖွဲ့မှ မြေပြင်မှာ စုံစမ်းစစ်ဆေးနေစဉ်ကာလတွင် တိုင်ကြားခံထားရသူ ၃ ဦးကိုလည်း တာဝန်မှ ယာယီရပ်ဆိုင်းထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်”

၂၀၂၃ ခုနှစ်အတွင်း ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ အချုပ်ခန်းတွင် ထိန်းသိမ်းခံထားရသည့် အမျိုးသမီး ၃ ဦးကို NUG လက်အောက်ခံ မြို့နယ် ပအဖ နှင့် ပလဖ ထိပ်ပိုင်းတာဝန်ရှိသူများက လိင်ပိုင်း ဆိုင်ရာကျူးလွန်မှုများရှိခဲ့ကြောင်း တိုင်ကြားချက် ရှိနေသည်ဟု ဆိုသည်။ 

သက်ဆိုင်တဲ့သူတွေအားလုံး ကို တွေ့ဆုံမေးမြန်းပြီးတော့ လွတ်လပ်တဲ့ထွက်ဆိုမှုတွေရအောင်အတွက်လည်း အချုပ်သူတွေကိုလည်း တစ်နေရာကိုပြန်ရွှေ့ထားပြီးတော့ သူတို့ရဲ့လုံခြုံရေး၊ သူတို့ဆီက လွတ်လွတ်လပ်လပ်ထွက်ဆိုနိုင်အောင်လည်း စီစဉ်ပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ဦးကျော်ဇော်က Myanmar Now ကို ပြောသည်။

စစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်ပြီး တရားဥပဒေရေးရာ၊ ဝန်ထမ်းရေးရာ လုပ်ထုံးလုပ်နည်းများနှင့် အရေးယူဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။ 

ကန့်ဘလူမြို့နယ်မှ တိုင်ကြားခံရသူ ၃ ဦးကို တာဝန်မှ ယာယီရပ်နားထားသည်ဟု ဆိုသော်လည်း မည်သူ မည်ဝါနှင့် မည်သို့ ကျူးလွန်သည်ကို အသေးစိတ် မပြောပေ။

မကြာသေးမီက တာဝန် မှ ရပ်ဆိုင်းခံထားရသူ ၃ ဦးရှိသည်ဟု ကန့်ဘလူဒေသခံများက ပြောကြသည်။ 

“ပအဖအဖွဲ့ခေါင်းဆောင်၊ ပလဖ အဖွဲ့ခေါင်းဆောင် နှင့် ပလဖ စခန်းမှူး ဦးအောင်ဇေယျတို့ကို တာဝန် ကနေ ရပ်ခိုင်းထားတာ။ မြို့နယ်ဒုတာဝန်ခံတွေကို တာဝန် လွှဲပြောင်းပေးထားရမှာပေါ့။ အကြမ်းဖျဉ်း သိသလောက်တော့ ဇန်နဝါရီလကုန်ပိုင်း၊ ဖေဖော်ဝါရီလဆန်းပိုင်းလောက်ကလို့ ကြားတယ်”ဟု ကန့်ဘလူ ဒေသခံတစ်ဦးကပြောသည်။ 

ကျူးလွန်မှုများအနက် တစ်ခုမှာ ၂၀၂၃ ခုနှစ်က အချုပ်ကျနေသည့်‌  အမျိုးသမီးငယ်တစ်ဦးကို  အသက်အန္တရာယ်ခြိမ်းခြောက်ပြီး   အဓမ္မပြုကျင့်မှု ဖြစ်သည်ဟု ဆိုသည်။  

မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ရှိသူများ ကျူးလွန်သည်ဟူသော တိုင်ကြားချက်ရရှိပြီးနောက် ဗဟိုတိုင် ကြားစာကော်မတီက အွန်လိုင်းမှ ချက်ချင်းစစ်ဆေး မေးမြန်း အရေးယူဆောင်ရွက်ခဲ့သည်၊  မြေပြင် တွင်လည်း ရဲချုပ်ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးနေသည်ဟု  ဦးကျော်ဇော်က ဆိုသည်။ 

ကန့်ဘလူအချုပ်ခန်းအတွင်း လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများနှင့်ပတ်သက်ပြီး ဌာနတွင်း စုံစမ်းစစ်ဆေးမှုတချို့ ရှိခဲ့သော်လည်း ရလဒ်တစုံတရာမထွက်ဘဲ ကြန့်ကြာခဲ့သည်။ 

ထိုအမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူများကို ထိရောက်စွာ အရေးယူရန်၊ အမြန်ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ရန် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသည့်အဖွဲ့များက ဇန်နဝါရီလကုန်ပိုင်းတွင် စာထုတ်ပြန် တောင်းဆိုထားသည်။ 

“ပ သုံးလုံး” ဟု လူသိများသည့် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ထံ တိုင်ကြားထားသော အမှု ၈၀ ခန့် ရှိကြောင်း၊ ထိုအထဲမှ ၁၄ ရာခိုင်နှုန်းကို အရေးယူထားပြီး ကျန်အမှု ၇၀ ကျော်ကို စစ်ဆေးနေဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားထားသည်။

Related Articles

Back to top button