သတင်း

စစ်တပ်နှင့် TNLA တရုတ်တွင် တွေ့ဆုံ၊ နောင်ချိုတွင် စစ်ဆက်တိုက် 

စစ်ကောင်စီနှင့် TNLA တို့ တရုတ်အစိုးရစီစဉ်မှုဖြင့် အပစ်ရပ်ဆွေးနွေးနေကြ‌သော်လည်း နှစ်ဖက်တပ်များသည်နောင်ချိုမြို့နှင့် အချို့ဒေသများ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှစတင်ကာ စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)တို့ အပစ်ရပ်ရေးအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးနေသော်လည်း မြေပြင်တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်ဟု သိရသည်။

တရုတ်အစိုးရ စီစဉ်သည့် တွေ့ဆုံပွဲသို့ သွားရောက်သည့်  TNLA ကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယဗိုလ်ချုပ်ကြီး တာဂျူတ်ဂျား၊  မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းတို့ ပါဝင်သည်ဟု သိရသည်။

စစ်ကောင်စီတပ် ကိုယ်စားလှယ်အဖွဲ့တွင် ကိုးကန့်အဖွဲ့(MNDAA)နှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ကစခ(၁) မှူး၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ပါဝင်သည်ဟု သိရသည်။

ယနေ့အထိ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေသော်လည်း နောင်ချိုမြို့နှင့် အချို့ဒေသများ၌ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်လာမှုများကြောင့် TNLA နှင့် တိုက်ပွဲများ ပြင်းထန်နေသည်ဟု ရှေ့တန်း သတင်းရင်းမြစ်တစ်ခုထံက သိရသည်။

“(အမြောက်တပ်) ၄၀၆ ဘက်မှာတော့ အခုရက်ပိုင်းမှာကို စကစ ဘက်က ပြန်လည်ထိုးစစ်ဆင်လာတာရှိတယ်။   ထိုးစစ်ဆင်လာတာကြောင့် ထိတွေ့မှုပြန်ဖြစ်တယ်” ဟု တိုက်ပွဲအခြေအနေကို သိရှိသော အဆိုပါ အမျိုးသားက ပြောသည်။ 

“အခုရက်ပိုင်းဆိုရင် တော်တော်ကြာပြီ ဆက်တိုက် တိုက်ပွဲဖြစ်နေတယ်၊ အဲဲဒီမှာ လောလောဆယ် ပြင်းထန်နေတယ်” 

တောင်ခမ်းရှိ အမြောက်တပ်များအားလုံးတွင် စစ်ကောင်စီတပ်က ဆက်လက် တပ်စွဲထားဆဲဖြစ်သည်၊   ၉၀၂ နှင့် ၂၀၆ တပ်စခန်းများကို TNLA ပူးပေါင်းတပ်များက ပိတ်ဆို့ထားသည်ဟု သိရသည်။

MNDAA အဖွဲ့နှင့် သဘောတူညီချက်ရထားသည့် စစ်ကောင်စီတပ်က ဆွေးနွေးပွဲတွင် အပေါ်စီးမှ ဆွေးနွေးနိုင်သလို တောင်ခမ်း၊ နောင်ချို၊ သပိတ်ကျင်းမြို့နယ်တို့တွင် ထိုးစစ်များလုပ်နေကြောင်း TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က  Facebook တွင် ယမန်နေ့က ရေးထားသည်။

ယနေ့အထိ ဆွေးနွေးပွဲ နှစ်ရက်မြောက်ရှိလာပြီဖြစ်သော်လည်း ဆွေးနွေးသည့် အကြောင်းအရင်းများနှင့် ဆွေးနွေးပွဲရလဒ်များကို မသိရသေးပေ။ 

TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက စစ်ကောင်စီနှင့် တွေ့ရာတွင် ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် အကျိုးစီးပွားများအရေးအတွက် အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း Myanmar Now ကို  ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖြေကြားထားသည်။

သို့သော် ဆွေးနွေးပွဲအခြေအနေ အသေးစိတ်အချက်အလက်များနှင့် ဆွေးနွေးမည် အကြောင်းအရာများကို ထုတ်ဖော်ပြောကြားရန် ငြင်းဆန်သည်။

MNDAA အဖွဲ့ခေါင်းတောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ်ဖြင့် ထိန်းသိမ်းပြီး စစ်ကောင်စီနှင့် အပစ်ရပ်ရန် ဖိအားပေး အကြပ်ကိုင်ခံရသည်ဟု သတင်းများထွက်ခဲ့ပြီးနောက် MNDAA နှင့် စစ်ကောင်စီတို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အပစ်ရပ်ခဲ့ကြသည်။

MNDAA နှင့် TNLA တို့မှာ တရုတ်၏ ဖိအားကို ရင်ဆိုင်ရသည့် အခြေအနေခြင်း မတူညီကြောင်း၊  TNLA မှာ   တရုတ်၏နယ်စပ်ပိတ်ဖိအားပေးမှုများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့်အခြေအနေရှိသောကြောင့် စစ်ကောင်စီက တောင်းဆိုမှုများကို အလွယ်တကူ လက်ခံမည်မဟုတ်ကြောင်း  ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ၏ ရှမ်းပြည်နယ်မြောက်ပိုင်း လှုပ်ရှားနယ်မြေတွင် နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်းခဲ့ဖူးသည့် ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ခန့်မှန်းသည်။

TNLA နှင့် စစ်ကောင်စီဆွေးနွေးပွဲမှာ အောင်မြင်နိုင်ခြေအလွန်နည်းသည်ဟု သူက ဆက်ပြောသည်။

“တရုတ်ရဲ့ ဖိအားဟာ TNLA အပေါ်မှာတော့ MNDAA နဲ့ နိုင်းယှဉ်မှုအရ အတော့်ကို လက်လှမ်းမမီနိုင်တဲ့ အနေအထားတွေရှိတဲ့အတွက် MNDAA နဲ့ ရတဲ့ သဘောတူညီချက်မျိုး ရမယ်မထင်ဘူး၊ သို့သော် တရုတ်ဖြစ်ချင်တဲ့ မူဆယ်-မန္တလေး ကုန်စည်လမ်းကြောင်း ပြန်ဖွင့်ဖို့ ညှိနှိုင်းတာမျိုးတွေတော့ လုပ်နိုင်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

TNLA က ၎င်း၏ ထိန်းချုပ်နယ်မြေများရှိ အရပ်ဘက် ပစ်မှတ်များကို စစ်ကောင်စီလေတပ် တိုက်ခိုက်မှု ရပ်ဆိုင်းရန်  အဓိက တောင်းဆို ဆွေးနွေးနိုင်ချေရှိသည်၊ သို့သော်လည်း ရှမ်းမြောက်ရှိ မြို့အများအပြားအကို ဆုံးရှုံးထားသလို ပြန်လည်တိုက်ယူနိုင်ခြင်းလည်း မရှိသည့် စစ်ကောင်စီတပ်အတွက်ကလည်း လေကြောင်းနှင့် လက်နက်ကြီးကသာ ၎င်းတို့၏ စစ်ရေးထွက်ပေါက်ဖြစ်နေသည်ဟု သူက ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က စတင်ခဲ့ပြီးနောက် စစ်ကောင်စီတပ် အထိနာနေချိန်တွင် တရုတ်နိုင်ငံ၏ စီစဉ်မှုဖြင့် ၂၀၂၄ ဇန်နဝါရီလအတွင်း ဟိုင်ဂင်သဘောတူညီချက်တွင် လက်မှတ်ရေးထိုးပြီး  ရှမ်းမြောက်၌ အပစ်ရပ်ခဲ့ကြသည်။

သို့သော် စစ်ကောင်စီက ရှမ်းမြောက်ရှိ MNDAA နှင့် TNLA တို့၏ သိမ်းပိုက်နယ်မြေများနှင့် မြို့များကို လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သဘောတူညီချက် ပျက်ပြယ်ပြီး မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်းရှိ မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင် စသည့် မြို့များကို သိမ်းပိုက်ထားသည်။

Related Articles

Back to top button