
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကံကြီးတောကျေးရွာမှ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူဟု သံသယဖြစ်ခံရသူများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် တပ်ရင်း ၅ က ဖမ်းဆီး စစ်ဆေးလျက် ရှိနေကြောင်း သိရသည်။
ယခုလ ၁၄ ရက်နေ့ ညနေပိုင်းက ကံကြီးတောကျေးရွာ လုဒ်မယ်တော် သခင်မ ဘုရားကျောင်းမှ ဘုန်းတော်ကြီး Donald Martin ရဲနိုင်ဝင်းကို လက်နက်ကိုင်လူတစ်စုက အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလုပ်ကြံသတ်ဖြတ်မှုအတွက် လူ ၁၀ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ PDF တပ်ရင်းက အရေးယူထားကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် ရွှေဘိုမြို့နယ်အတွင်းနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ကျူးလွန်သူတွေအကုန်လုံးကို ဖမ်းထားပြီ၊ လက်နက်တွေလည်း အကုန်သိမ်းဆည်းထားပါပြီ၊ စစ်ဆေးမှုတွေ လုပ်တာကတော့ ခရိုင် တပ်ရင်း ၅ က လုပ်နေတာ”ဟု သူက ဆိုသည်။
ဖမ်းဆီးစစ်ဆေးခံနေရသူများသည် တအုံကျေးရွာမှ လက်နက်ကိုင်များဖြစ်ကြောင်း၊ NUG အစိုးရက ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်များကို မှတ်ပုံတင်ရန် အကြောင်းကြား၊ စာရင်းကောက်စဉ်က မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့ကြသည့် အဖွဲ့များအနက်မှ တစ်ဖွဲ့ဖြစ်ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“တင်ထားတယ်ပဲ ထင်နေတာ၊ အခုဖြစ်စဉ်ဖြစ်တော့မှ သူတို့တင်မထားမှန်းသိရတာ၊ စစ်ကြည့်လိုက်တော့ မှတ်ပုံတင်ထားတဲ့ရဲဘော် တစ်ယောက်မှ မပါဘူး”ဟု သူက ဆိုသည်။
ဘုန်းတော်ကြီးကို သတင်းပေးဒလန်အဖြစ် စွပ်စွဲကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဘုန်းတော်ကြီး Donald Martin ရဲနိုင်ဝင်းသည် ကံကြီးတော ကျေးရွာရှိ ဘုရားကျောင်းမှာပင် ဒေသခံ ကလေးများကို စာသင်ကြားပေးနေသူဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ်လခန့်က စာသင်ခန်းအတွင်း သင်ပုန်းတွင် “NUG ပညာရေးသည် Zero ပညာရေး”ဟု ရေးသားထားမှုကို ကျေးရွာ ပကဖနှင့် ပအဖများက ကျေနပ်မှုမရှိဘဲ ကျေးရွာမှ နှင်ထုတ်လိုခဲ့ကြကြောင်း၊ ယင်းသို့ နှင်ထုတ်လိုမှုကိုလည်း မြို့နယ် ပကဖ ထံ အသိပေးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူ အထက်ပါဒေသခံက ဆိုသည်။
ဤသို့ တင်းတင်းမာမာ ဖြစ်နေစဉ် ယခုလဆန်းပိုင်းမှာပင် လေတပ်က ကံကြီးတော ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ခံ၏ နေအိမ်နှင့် စိုက်ခင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။
“ရွာမှာ မထားနိုင်ဘူးဆိုတာမျိုးဖြစ်နေချိန်မှာ ဖိုက်တာလာကြဲတယ်၊ ကြဲတာက ပအဖ အိမ်နှင့် ကြက်သွန်ခင်းကိုကြဲတာ၊ အဲ့ဒီကနေ သံသယတွေနဲ့ ဖြစ်ကုန်တာ”ဟု အထက်ပါ ဒေသခံက ဆိုသည်။
သတ်ဖြတ်ခံရသူသည် မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ အသက် ၄၄ နှစ်၊ ဝါ ၇ ဝါရှိ ဘုန်းတော်ကြီးတစ်ပါးဖြစ်ကြောင်း၊ ဘုန်းတော်ကြီး၏ ရုပ်အလောင်းကို ပြင်ဦးလွင်မြို့သို့ ပို့ဆောင်ကာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
Donald Martin ရဲနိုင်ဝင်း သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး အလွယ်တကူမေ့ပျောက်သင့်သည့် ကိစ္စရပ်မဟုတ်ကြောင်း၊ နောင်တွင် အလားတူဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်စေရေးအတွက် ကျူးလွန်သူတို့ကို အရေးယူကာ တရားမျှတမှုဖော်ဆောင်ပေးကြရန် တာဝန်ရှိသူတို့ကို တိုက်တွန်းကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
အမှုစစ်ဆေးနေသည့် ရွှေဘိုခရိုင် တပ်ရင်း ၅ တာဝန်ရှိသူများကို Myanmar Now က မေးမြန်းရန် ကြိုးစားနေသော်လည်း အဆက်အသွယ်မရရှိသေးပေ။
စုံစမ်းစစ်ဆေးမှုကို တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်ဟု NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
“ကျူးလွန်တယ်လို့ ယူဆရသူများကို ဖမ်းဆီးထားပြီးပြီလို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်း တွေ့ရှိချက်တွေ ထွက်ပေါ်လာမှ ပြောလို့ရပါမယ်”ဟု ဦးအောင်မျိုးမင်းက ပြောသည်။