
ဖေဖော်ဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဂြင်းဒွေကျေးရွာမှ လူငယ်များ ကောက်ရသည့် ဗုံးသီးတစ်လုံးကို စမ်းသပ်ထုခွဲကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားစဉ် ၂ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရသွားသည်။
ပွဲချင်းပြီးသေဆုံးသွားသူတို့မှာ အသက် ၂၀ အရွယ် မောင်ချက်ချေ၊ အသက် ၁၈ အရွယ် မောင်ကိုကိုနိုင်တို့ ဖြစ်သည်၊ ဒဏ်ရာရသွားသူတို့မှာ အသက် ၁၅ နှစ်အရွယ်များဖြစ်ကြသည့် မောင်ငြိမ်းစိုးလင်း နှင့် မောင်ဟိန်းစိုးနိုင်၊ ၁၇ နှစ်အရွယ် မောင်မင်းစိုးထွန်း၊ အသက်၂၀ အရွယ် မမြတ်အေးခိုင်တို့ ဖြစ်သည် ဟု ပေါက်တောဒေသခံတစ်ဦးက ပြောသည်။
ပေါက်ကွဲသည့် ဗုံးသီးအမျိုးအစား၊ စတင်တွေ့ရှိသည့် နေရာတို့ကို မသိရသေးပေ။
အာရက္ခတပ်တော် (AA) က ဒေသတချို့တွင် မိုင်းသတိပေးဆိုင်းဘုတ်များ တပ်ဆင်ထားပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် အလားတူ မတော်တဆမှု မကြာခဏဖြစ်ပွားနေသဖြင့် ကလေးများ၊ လူငယ်များ အန္တရာယ်ကို ပိုမိုသတိပြုမိကြစေရန် ကြိုးစားကြရဦးမည်ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။
“စစ်ကျန်လက်နက်တွေကို မထိရ၊ မကိုင်ရဆိုပြီး AA ကလည်း သတိပေးတာ၊ အသိပညာပေးတာ ရှိပါတယ်။ ဒါပေမယ့် လူငယ်တွေက စစ်ကျန်လက်နက်တွေကို ကောက်ရခဲ့လို့ ထုခွဲမိတာမျိုး ရှိနေတယ်။ အဲဒါကို မိဘလူကြီးတွေကလည်း သေချာနားလည်အောင်ရှင်းပြဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးဒဏ်ရာရမှု
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ငယ်ပစ်ခတ်မှုတို့ကြောင့် ဖေဖော်ဝါရီ ၈ ရက်နေ့နှင့် ၁၃ ရက်အတွင်း အရပ်သား ၅ ဦးသေဆုံး၊ ၁၆ ဦးဒဏ်ရာရသွားသည်ဟု သိရသည်။

ဖေဖော်ဝါရီ ၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်က ဂွမြို့နယ်၊ ကျိန္တလီမြို့ကို လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိသွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
သေဆုံးသူမှာ အသက် ၁၉ နှစ်အရွယ် မောင်မင်းဆက်ပိုင်ဖြစ်ပြီး ၅ နှစ်အရွယ် မထက်အိလှိုင်၊ ၁၁ နှစ် အရွယ် မောင်ထက်အောင်လှိုင် ၊ ၁၈ နှစ်အရွယ် မောင်ပြည့်ဖြိုးအောင်၊ ၂၆ နှစ် အရွယ် မောင်နိုင်လင်းဦး၊ အသက် ၃၂ နှစ်အရွယ် မစုလှိုင်ဝင်းတို့ ဒဏ်ရာရသွားကြသည်။
ဖေဖော်ဝါရီ ၁၂ နှင့် ၁၃ ရက်နေ့တို့တွင် ထိုမြို့ကို ထပ်မံ ဗုံးကြဲပြန်သည်၊ ၁၂ ရက်နေ့တွင် အမှတ် (၂ ) ရပ်ကွက်မှ အသက် ၄၁ နှစ်အရွယ် ဦးချစ်ကြီး ဒဏ်ရာရသွားပြီး နေအိမ် ၂ လုံး ပျက်စီးသွားသည်။
၁၃ ရက်နေ့ တွင် သားအမိ ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရခဲ့ကြောင်း AA နှင့် နီးစပ်သော အာရက္ခမင်းသမီးမီဒီယာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
အမှတ်(၁) သဖန်းကွင်းရပ်ကွက်တွင် ပွဲချင်းပြီး သေဆုံးသူတို့မှာ ၃ နှစ်အရွယ် မောင်ဖြူလေး၊ ၎င်း၏ မိခင် အသက် ၄၀ အရွယ် ဒေါ်လှအေးတို့ ဖြစ်သည်။ ၆၃ နှစ်အရွယ် ဦးတင်သိန်း၊ ၃၇ နှစ်အရွယ် ဦးမြင့်နိုင်၊ ၃၅ နှစ်အရွယ် ဦးလှတင်၊ ၄၅ နှစ်အရွယ်ဒေါ်ညွှန့်ညွှန့်စန်းတို့ ဒဏ်ရာရခဲ့သည်။
ဖေဖော်ဝါရီ ၉ ရက်နေ့ ကျောက်တော်မြို့နယ်၊ နန်းတက်ကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရသွားသည်ဟု ဒေသခံ များထံက သိရသည်။
အလားတူ ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းကျေးရွာအနီးတွင် သွားလာနေကြသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်သဖြင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိသွားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ ကြီးကြီးမားမားတိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။
ရခိုင်ပြည်နယ်တွင် AA က မြို့အများစုကို တိုက်ခိုက် သိမ်းပိုက်ထားပြီး စစ်ကောင်စီက စစ်တွေမြို့၊ ကျောက်ဖြူနှင့်မာန်အောင်မြို့နယ်တို့ကို ထိန်းချုပ်ထားသည်။
