သတင်း

မုံရွာမြို့အနီး ညလုံးပေါက်တိုက်ခိုက်ခံရ၊ အရပ်သား ၁၂ ဦးသေဆုံး

လက်နက်ကြီး၊ လေတပ်တိုက်ခိုက်မှုတို့ ၂ ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည့် မုံရွာတွင် အရပ်သား ထိခိုက်မှု အများအပြား ရှိနေသည်။ ကနဦး သတင်းများအရ သေဆုံးသူများထဲတွင် ကလေး ၃ ဦး ပါဝင်သည်။

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ချောင်းဦးမြို့နယ်တို့ကို  နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်သဖြင့် ကလေးများ အပါအဝင် အရပ်သား ၁၂ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ယမန် (ဖေဖော်ဝါရီ ၁၃) တွင် ပြောသည်။ 

စစ်လေယာဉ်က မုံရွာတောင်ဘက် နှင့် ချောင်းဦးချငကြားရှိ ကျေးရွာများကို ယမန်နေ့ ည ၁၀ နာရီဝန်းကျင်မှ စပြီး  ဗုံးသီး ဆယ်နှင့်ချီ ကြဲချခဲ့သည်၊ အခြေစိုက်တပ်စခန်းများက လက်နက်ကြီးများဖြင့်  ပစ်ခတ်ကြသည်၊  ယနေ့ နံနက် ၅ နာရီဝန်းကျင်တွင်လည်း စစ်လေယာဉ် လာရောက်ပစ်ခတ်သွားသည်ဟု သိရသည်။

သေဆုံးသူ၊ ဒဏ်ရာရသူ များပြားသည်ဟု ဒေသခံ တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

“ထိခိုက်မှုက စုစုပေါင်း ကလေးငယ်တွေ အပါအဝင် ၁၂ ဦးရှိပြီ။ ဒဏ်ရာရ ၂၀ ကျော်တယ်။ တချို့စိုးရိမ် ရတွေ ပါတယ်” ဟု သူက ပြောသည်။

သေဆုံးသူများထဲတွင် အသက် ၅ နှစ်အရွယ်မှ အသက် ၁၃ နှစ်ကြား ကလေး ၃ ဦးထက်မနည်း ပါဝင် ကြောင်း ဒေသတွင်းကူညီပေးနေသူများထံက သိရသည်။ 

သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရသူများ၏ အသေးစိတ်အခြေအနေနှင့်ပတ်သက်ပြီး သိရှိနိုင်ရန် ဆက်လက် မေးမြန်းနေဆဲဖြစ်သည်။ 

စစ်ဘေးရှောင်သူများ ရှိနေသည့်နေရာ တိုက်ခိုက်ခံလိုက်ရသည်ဟု သိရကြောင်း  ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

“စစ်ရှောင်မိသားစုတဲပေါ်ကျပြီး မိသားစုအကုန်လုံးထိတယ်။ ၆ ယောက်လောက်ရှိမယ်။ ကနဦးရထားတာ ၅ နှစ်အရွယ်ကလေး ကျား ၁ ဦး၊ အသက် ၈ နှစ်အရွယ် မ ၁ ဦး၊ အသက် ၇၀ အရွယ်ကျား ၁ ဦး သေဆုံး တယ်” ဟု သူက ပြောသည်။

 မုံရွာတိုက်ခိုက်မှုမှ သေဆုံးသူ ကလေးငယ် ၂ ဦး။ (ဓာတ်ပုံ- Sagaing Scout Network)

မုံရွာမြို့ပေါ်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အခြေစိုက်ထားသဖြင့် စစ်ကောင်စီတပ်က စိုးမိုးထား သော်လည်း အနီးဝန်းကျင်ကျေးရွာများတွင်   မုံရွာ – ချောင်းဦးနယ်တဝိုက် တော်လှန်ရေးအင်အားစုများ လှုပ်ရှားနေသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ည ၉ နာရီ ဝန်းကျင်တွင် မုံရွာတောင်ဘက်အစွန် မအူဂိတ်တွင် အထိုင်ချထားသည့် စစ်ကောင်စီစခန်းက ဟောင်ဝစ်ဇာအမြောက်များဖြင့်  ကျေးရွာများသို့ စတင်ပစ်ခတ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ စတင်ခဲ့သည်။

ထို့နောက် ညသန်းခေါင်ခန့်တွင် လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ပြီး နောက်တစ်နေ့ နံနက် အရုဏ်တက်တွင် လေတပ် ထပ်မံ ရောက်လာပြီး  ပစ်ခတ်ပြန်သည်ဟု သိရသည်။ 

“အသံတွေကတော့ တစ်ညလုံးပဲ။ ခဏ နားသွားပြီး လေယာဥ် လာဝဲတာပဲ။ ပစ်တာလည်းဆက်တိုက်။ ရွာခံတွေ ဝရုန်းသုန်းကား ညတွင်းချင်းပြေးကြရတယ်” ဟု မုံရွာတောင်နယ်ခံ အမျိုးသားတစ်ဦးက ပြော သည်။ 

ယနေ့နံနက်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွင် မုံရွာ၊ ချောင်းဦးသာမက ချင်းတွင်းမြစ်တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်ထဲမှ ကျေးရွာတချို့လည်း ပါဝင်ကြောင်း ဒေသခံများက ဆိုသည်။ 

ဆားလင်းကြီးမြို့နယ်မှ အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါနယ်မှ စစ်ရှောင်အရေးကူညီသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ထိုအထဲတွင် ဆယ်ကျော်သက်အရွယ် ကျောင်းသူ ၂ ဦး ပါဝင်သည်ဟု ဆိုသည်။

ယခင်က မုံရွာမြို့ဝန်းကျင်ကျေးရွာများကို မြေပြင်စစ်ကြောင်းထိုးခြင်း၊ မအူဂိတ်က လက်နက်ကြီး ပစ်ခတ်ခြင်း၊ တိုက်ပွဲဖြစ်ချိန်တွင် လေတပ် လာရောက်ပစ်ခတ်ခြင်းတို့ ရှိခဲ့သည်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့ညက  တိုက်ခိုက်မှုမှာ ထိုဒေသတွင် အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်သည်ဟု ဆိုကြသည်။ 

“တိုင်းရင်းသားဒေသတွေလိုမျိုး လေယာဉ်သံကြားရင်ကို ကြောက်နေရတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်သွားတာ၊ မနေ့ညအနေအထားက။ လေယာဉ်သံကြားရင်ကို ဘယ်ပြေးလို့ ဘယ်လွှား ရမှန်း မသိဘူး”ဟု မုံရွာတောင်နယ်မှ သက်လတ်ပိုင်းအရွယ် အမျိုးသား နောက်တစ်ဦးက ပြောသည်။ 

မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ရေး လှုပ်ရှားခြင်းမရှိဘဲ အရပ်သားများ၊ စစ်ရှောင်များ နေထိုင်ရာကျေးရွာများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မုံရွာ တောင်နယ်တွင် လှုပ်ရှားသည့် တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ 

 “ထိတွေ့မှုလည်း မရှိဘူး။ သူတို့က စစ်ရေးပစ်မှတ်ထားတာဆိုရင်လည်း ခုက အရပ်သားတွေ” ဟု သူက ဆိုသည်။ 

လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်သလို ယနေ့ နံနက်တွင် စစ်တပ်ကအင်အား ၁၀၀ ခန့်ဖြင့်  မုံရွာ တောင်ဘက်ခြမ်း ကျေးရွာ များသို့ စစ်ကြောင်း ထိုးလာသည်ဟု ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။  

“တောပုပျူရွာကနေ အင်အား တစ်ရာလောက် စစ်ကြောင်းက မနက်ပိုင်းဝေလီ ဝေလင်းလောက်မှာ တောပု ကနေ မုံရွာအနောက်တောင်ဆီကိုဆင်းလာပြီးတော့ ဘုဘတို့၊ ညောင်ပင်ကွင်းတို့ ပတ်ချာလည်မှာ စစ်ကြောင်းကတော့ ရောက်နေတယ်” ဟု သူက ဆိုသည်။

“လောလော ဆယ်တော့ဘယ်ရွာတွေကို မီးရှို့နေတယ်၊ ဘယ်ရွာတွေ ဝင်နေတယ်ဆိုတာမျိုး မရှိသေးဘူး ”

မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသည့် အင်ဂျင်တပ်လေထီးတစ်စီး (ဓာတ်ပုံ -ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း) 

ယနေ့ ညနေပိုင်းတွင် နမခမှ စစ်ကောင်စီတပ်က စက်တပ်လေထီးသုံးပြီး ချောင်းဦးနယ်ထဲကို  ဗုံးသီးချ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ဒေသခံတို့ထံက သိရသည်။

ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုရှိနိုင်သည်ဟူသော ယူဆချက်ဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုက ဆိုသည်။

“အဖွဲ့အစည်းတချို့ စခန်းသိမ်း မယ်ဆိုပြီး စုဖွဲ့ ပြင်ဆင်နေတာတွေရှိတယ်၊ သိုသိုသိပ်သိပ်မရှိဘဲ သတင်းပေါက်တော့ အဲဒီ တော်လှန်ရေးရဲဘော်တွေ ရှိမယ်ထင်တဲ့နေရာတွေ လိုက်ကြဲနေတာပဲ။ ဒါပေမယ့် ရွာတွေထဲကျပြီး ပြည်သူတွေ အထိအခိုက်များနေတယ်” ဟု ဒေသခံ တော်လှန်ရေးသမားတစ်ဦးက ပြောသည်။

မုံရွာနှင့် ချောင်းဦးနယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ အခြေပြုထားရာ (အရပ်အခေါ် ပျူစောထီးရွာများ) တောပု၊ ညောင်ပင်သာရွာ စသည့်ကျေးရွာများမှအပ အများစုမှာတော်လှန်ရေး အား ကောင်းရာနယ်မြေဖြစ်သည်။

လတ်တလောတွင် မုံရွာ၊ ချောင်းဦးနှင့် ဆားလင်းကြီးမြို့ နယ်တို့မှ ကျေးရွာ ၁၅ ရွာထက်မနည်းမှ လူဦးရေ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

“လွတ်မယ်ထင်ရတဲ့ရွာလေးတွေ သွားပြီးရှောင်ရရှားရပေါ့။ အဲ့ဒီမှာ ရှိတာလေး မျှတစားကြပေါ့။ အဓိက တော့ အေးတဲ့ကာလဆိုတော့ စောင်အထုပ်အထည်လေးပါအောင်တင်ရင်း ပြေးကြ လွှားကြရတာ” ဟု စစ်ဘေးရှောင်နေရသည့် အထက်ပါ မုံရွာတောင်နယ် ဒေသခံအမျိုးသားက ပြောသည်။ 

“လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်မလုပ်နိုင်ဘူးလို့ထင်တဲ့ ရွာတွေမှာ သွားပြီးရှောင်နေရတာပေါ့”

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် လေတပ်က စစ်ကိုင်းတိုင်းတွင်း တော်လှန်ရေးအင်အားစု အားကောင်းသည့် ကနီမြို့နယ်၊ ကလေးမြို့နယ်တို့ကိုလည်း တိုက်ခိုက်ခဲ့သည်။ 

နိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်သည် တိုက်လေယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ် များသာမက ဒရုန်းများ၊ ကုန်ကျစရိတ် ပိုမိုသက်သာသည့် အင်ဂျင်တပ်လေထီးများကိုပါ ပိုမို အသုံးပြုလာသည်။

ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလကုန်တွင် မန္တလေးတိုင်းအတွင်း မိတ္ထီလာလေတပ်က အင်ဂျင်တပ် လေထီးများကို စတင်အသုံးပြုလာပြီးနောက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင်ပါ အသုံးပြုလာသည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ 

စစ်ကိုင်းတိုင်းအတွင်း ကနီမြို့နယ် နတ်လာပို့မြောက်ရွာတွင် မုံရွာမြို့ နမခမှ တက်လာသည့် အင်ဂျင်တပ် လေထီးတစ်စီးဖြင့် ဗုံးချ တိုက်ခိုက်ရာ အသက် ၅၀ ဝန်းကျင် အမျိုးသား တစ်ဦးသေဆုံးပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

နိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပဲချက်ရွာနှင့် နပဲမြစ်ရွာကြားကိုလည်း ယမန့်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက််််််ခဲ့ရာ ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့ပျက်စီးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

 ဇန်နဝါရီလဆန်းက စစ်ရှောင်နေကြသော မုံရွာဒေသခံများ။ (ဓာတ်ပုံ- မုံရွာအမြင့်လမ်းသပိတ်)

Show More

Related Articles

Back to top button