သတင်း

နေပြည်တော်စစ်ရုံးအနီး အိမ်တချို့ ဖယ်ရှားခံရ၊ ၁၀ ရွာထက်မနည်းရွှေ့မည်ဟု သတင်းထွက်

လမ်းချဲ့မည်ဟုဆိုကာ နေပြည်တော်မစမီကတည်းကရှိသော ကျေးရွာမှ နေအိမ် ၅၀ ကျော်ကို ဖယ်ရှားနေ ရာ ရန်ကုန်-မန္တလေးလမ်းဟောင်းတလျှောက် ရွာများ ပြောင်းရွှေ့ခံရမည်ကို ဒေသခံတို့ စိုးရိမ်နေကြသည်။

စစ်ဗိုလ်ချုပ်ကြီးများ ရုံးထိုင်သည့် နေပြည်တော်တွင် စစ်ရေးအရအချက်အချာကျသည့်နေရာများအနီး တည်ရှိသောလူနေအိမ်များ ဖယ်ရှားမည့်အစီအစဉ်တွင် ရန်ကုန်-မန္တလေးလမ်းဟောင်းတလျှောက် ကျေးရွာ ၁၀ ရွာထက်မနည်းကို ရွှေ့ပစ်မည်ဟု သတင်းထွက်နေ၍  ဒေသခံများ စိုးရိမ်နေကြသည်။

စစ်ရေးပြကွင်းနှင့် ကပ်လျက်ရှိသော ရန်ကုန်-မန္တလေးလမ်း ဟောင်းဘေးမှ သစ်တပ်ကျေးရွာမှ နေအိမ် ၅၀ ကျော်ကို လမ်းတိုးချဲ့မည့်နေရာနှင့် မလွတ်ကင်းဟုဆိုကာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် နေပြည်တော် ကောင်စီက အကြောင်းကြားစာပို့၍ ဖယ်ရှားခိုင်းခဲ့ပြီး ဖြစ်သည်။

မကျေနပ်သူ ဒေသခံတချို့က  ဇန်နဝါရီလဆန်းတွင် ဇေယျာသီရိမြို့နယ်တရားရုံးတွင် အမှု ရင်ဆိုင်သော်လည်း ရှုံးနိမ့်ခဲ့သည်၊  ယခုနှစ် ဖေဖော်ဝါရီလကုန်တွင် အပြီးရွှေ့ရန် အမိန့်ချမှတ်ခံထားရသည်ဟု တရားရုံး နှင့်နီးစပ်သူတစ်ဦးက ပြောသည်၊ အမှုရင်ဆိုင်ခဲ့သည့် ပုဒ်မများနှင့် အသေးစိတ်အခြေအနေ မသိရပေ။

နေပြည်တော်စီမံကိန်းမစခင်ကတည်းက  သစ်တပ်ကျေးရွာတည်ရှိခဲ့ပြီး ရွာအနောက်ဘက် ၁၅ မိုင်ခန့် အကွာတွင် နေပြည်တော်ကောင်စီနယ်မြေ ရှိသည်။

နေပြည်တော် ပေါ်ပေါက်မလာမီ သစ်တပ်ကျေးရွာအနီး နှစ် ၄၀ နီးပါးနေထိုင်ခဲ့သူ အသက် ၅၀ ကျော် အရွယ်ဒေသခံတစ်ဦးက နေပြည်တော် စတင်တည်ဆောက်စဉ် လမ်းဖောက်နေသည့် နေရာများမှ ဝယ်ယူ နေထိုင်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒေသခံတွေဆီကနေ စီမံကိန်းတုန်းကပါတဲ့ လမ်းဗိုလ်အင်ဂျင်နီယာတွေက ပြန်ဝယ်ပြီး နေနေကြတာ။ ခု လမ်းချဲ့တာ မလွတ်လို့ ဖယ်ရှားလိုက်တာ”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

နေအိမ် ၂၀၀ ကျော်ရှိသော အဆိုပါရွာမှ နေအိမ် ၅၀ ကျော်ခန့်သည် ယခုလကုန်တွင် ရွှေ့ပြောင်းရန် အမိန့် ချမှတ်ခံထားရသည်။

စစ်ရုံးချုပ်အနီးရှိ ကျေးရွာတွင် နှစ် ၄၀ ကျော်နေထိုင်လာသူ ဒေသခံ သက်ကြီးပိုင်းအမျိုးသားတစ်ဦးက နေပြည်တော်အနီး တိုက်ပွဲများ နီးကပ်လာ၍ စစ်တပ်က ကြိုတင်ပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်း ပြောသည်။ 

“ခုနောက်ပိုင်း နေပြည်တော်နား တိုက်ပွဲတွေကပ်လာတော့ စစ်ရုံးအနီးနားက ရွာတွေကို တော်လှန်ရေးအဖွဲ့တွေ ဝင်ခိုပြီး တိုက်ခိုက်နိုင်တာ ကြိုတွက်ဆလို့ ခုလို ရွှေ့မဲ့အကြောင်းလည်း ပါနိုင်တယ် ယူဆရတာပေါ့” ဟု သူက မှတ်ချက်ပြုသည်။ 

“အရင်က စစ်ရုံးထဲ အလုပ်သမားတွေခေါ်ရင် စစ်ဆေးပြီး ဝင်ရတာပဲ။ ခုဆို ကိုယ်ရေးအချက်အလက် မှတ်ပုံတင် အကုန်ပေးခဲ့ရတာ။ ရွာတွေ ပြောင်းရွှေ့ဖြစ်ရင် လုံခြုံရေးစိုးရိမ်နေတာကတော့ ပိုပေါ်လွင်စေတာပေါ့”   

ယမန်နှစ် ဧပြီ ၄ ရက်နေ့က  နေပြည်တော်စစ်ရုံးချုပ်နှင့်လေဆိပ်အနီး ဧလာလေတပ်စခန်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များက တိုက်ခိုက်ခဲ့သည်။

“စစ်ရုံးချုပ် ဒရုန်းတွေနဲ့ အပစ်ခံရတဲ့နေ့ဆိုရင် ရွာတွေကို ဧည့်စာရင်းစစ်တာနေ့တိုင်းပဲ၊ စစ်ကားတွေတောင် ရွာထဲလာနေပြီး ကင်းပတ်တာ” ဟု နေပြည်တော်စစ်ရုံးချုပ်အနီးနေထိုင်သူ အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

နေပြည်တော်ရှိ စစ်ရုံးချုပ် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးအင်အား ၂၀ထက်မနည်းက ဝင်ရောက်သူတို့ ၏ ကိုယ်ရေးအချက်လက်နှင့် ပစ္စည်းများကို အသေချာစစ်ဆေးလေ့ရှိကြောင်း ဝင်ထွက်သွားလာဖူးသူ ဝန်ကြီးတစ်ဦး၏ ကိုယ်ရေးအရာရှိက ဆိုသည်။

“ဂိတ်ရောက်ရင် ကတ်ပြ၊ ပြီးရင်ဝင်ခွင့်ကတ်နဲ့လဲပြီးဝင်၊ နေရာမသိရင် စာရွက်နဲ့ဆွဲထားတဲ့ လမ်းညွှန်မြေပုံ ပေးတယ်။ တပ်မိသားစုဝင်တွေဆိုလည်း ဆိုင်ကယ်ဆင်းတွန်း စစ်ဆေးခံပြီးမှ ဝင်ကြရတာတွေ့တယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးကို အထူးတင်းကျပ်သည့် စစ်ရုံးချုပ်သည် ညနေ ၆ နာရီ နောက်ပိုင်း အဆင့်မြင့်အရာရှိများ၊ ဆွေမျိုးသားချင်းများအပါအဝင် လူစိမ်းများ လုံးဝ အဝင်မခံကြောင်း  စုံစမ်းသိရှိရသည်။

နေပြည်တော်ပြမြေပုံ။

ပြင်ဦးလွင် စစ်တက္ကသိုလ်သည် ပျဉ်းမနားရေဆင်းတက္ကသိုလ်သို့ ပြောင်းရွှေ့မည်ဟု  သတင်းထွက်နေရာ စစ်တက္ကသိုလ်တည်ဆောက်ပါက ရေဆင်းနှင့်အနီးတဝိုက်ရွာများ ရွှေ့ရမည်ဖြစ်သည်။ 

စစ်ရုံးချုပ်နယ်နိမိတ်အတွင်း ပါဝင်နေသော ပင်လောင်းလမ်းဆုံနှင့် သိုက်ချောင်းလမ်းဆုံအကြား စိမ်းစားပင်ရွာအပါအဝင် ကျေးရွာ တချို့ ရှိသည်။ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတလျှောက် ကျောက်ချက်၊ အိုက်စောက်၊ သစ်တပ်၊ မအူတော၊ ရေဆင်း၊ ရွှေတွင်းကုန်း၊ ခေတ်အေး စသည့် ကျေးရွာများ ထိုနယ်နိမိတ်အတွင်း ပါဝင်သည်။

ပျဉ်းမနား ရေဆင်းတက္ကသိုလ်သည် သစ်တပ်ရွာ၏ မြောက်ဘက် ၃ မိုင်ကျော်သာ ကွာဝေးပြီး စစ်ရုံးချုပ် သည် သစ်တပ်ရွာအရှေ့မြောက်ဘက် ၅ မိုင်ကျော်ခန့်အကွာတွင်ရှိသည်။

“လမ်းမကြီးချဲ့မယ်၊ စစ်တက္ကသိုလ် ရွှေ့မယ်တွေ ကြားပြီး ရွာတွေလည်းရွှေ့မယ်တွေနဲ့ စိုးရိမ်နေကြတာ ပေါ့”ဟု ရေဆင်းကျေးရွာတွင် နှစ် ၃၀ ထက်မနည်း နေထိုင်ခဲ့သူ အသက် ၄၀ အရွယ် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

သို့သော်လည်း ကျေးရွာများကို ဖယ်ရှားရန် အမိန့်စာမျိုးကို ယနေ့ (ဖေဖော်ဝါရီ ၁၃)  အထိ  မရရှိသေးကြောင်း နေပြည်တော်ဒေသခံ ၃ ဦးထက်မနည်းက ဆိုသည်။

ဖယ်ရှားမည် ဆိုလျှင်လည်း ဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ်သည်ဟု ဇေယျာသီရိမြို့နယ် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

“သစ်တပ်(ရွာ) က ဥပဒေနဲ့မညီလို့ နေရာပြန်မပေးဘဲ ဖယ်တာပါ။ ရေဆင်းတက္ကသိုလ်နားက ရွာတွေ ကတော့ ဖယ်ရင်တောင် ပရမ်းပတာတော့ မလုပ်ပါဘူး” ဟု သူက ပြောသည်။

ဧရာဝတီတိုင်းတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး ပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခု လာမည့် ပညာသင်နှစ်တွင် ဖွင့်လှစ်မည်ဟု စစ်ခေါင်းဆောင်က ဖေဖော်ဝါရီလဆန်း၌ ပြောထားရာ ရေဆင်းကို ဧရာဝတီတိုင်းသို့ ရွှေ့ကာ ပြင်ဦးလွင်စစ်တက္ကသိုလ်ကို ရေဆင်းသို့ ပြောင်းရွှေ့လာဖွယ် ရှိသည်ဟု ဒေသခံများ ခန့်မှန်းနေကြကြောင်း  သိရသည်။

နေပြည်တော်ဒေသခံတို့ စိုးရိမ်ပူပန်ရန်လည်း  လုံလောက်သော အကြောင်းတရားများ ရှိနေသည်။ 

၂၀၂၄ ခုနှစ် ဧပြီလအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကြောင့် အနီးနားကျေးရွာများနှင့် ဒေသခံများမှာ လုံခြုံရေးအကြောင်းပြချက်အောက်တွင် အတင်းအကျပ် စစ်ဆေးခံခဲ့ရသည်။

အလားတူ ၂၀၂၃ ဇွန်နှင့် ဇွန်လက အာဏာသိမ်းစစ်ခေါင်းဆောင် တည်ဆောက်နေသည့် ကျောက်ဆစ်ရုပ်ပွားတော်ရှိရာ မာရဝိဇယဗုဒ္ဓဥယျာဉ်အနီးတွင် လွန်ခဲ့သည့် နှစ် ၇၀ ကျော်ကတည်းက ဓားမဦးချနေထိုင်ခဲ့သည့် သဲဖြူကျေးရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ် ၅၀၀ ကျော်မှာ လုံခြုံရေးအရဟု ဆိုကာ ဖယ်ရှားခံခဲ့ရသည်။

အရပ်သားအစိုးရများ နိုင်ငံရေးအရ လက်ရှောင်ခဲ့သည့် ကျူးကျော်နေထိုင်သူများကို ၎င်းတို့လက်ထက်တွင် ရှင်းလင်းမည်ဟု အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ဖူးသည်။ 

အထူးသဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများတွင် အိုးအိမ်ဖျက်သိမ်းခံရမှုများ မကြာခဏပေါ်ပေါက်နေသည်။

မကြာသေးခင် ရက်ပိုင်းကလည်း စစ်တက္ကသိုလ်များတည်ရှိရာ မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့တွင် နေအိမ်တချို့ကို သစ်တောနယ်မြေနှင့်မလွတ်ဟုဆိုကာ ဘူဒိုဇာနှင့် ထိုးကာ ဖယ်ရှားဖျက်ဆီးခဲ့သည်။

စစ်ရုံးချုပ်သို့ ဝင်ရောက်သည့်  ရန်ကုန် မန္တလေးလမ်းဟောင်း တစ်နေရာကို ၂၀၂၄ နှစ်ဆန်းက တွေ့ရစဉ်။  (ဓာတ်ပုံ- Myanmar Now)

Related Articles

Back to top button