သတင်း

မြင်းခြံတွင် ယနေ့သေဆုံးသူ ၆ ဦးအနက် အသက်မပြည့်သေးသူ နှစ်ဦးပါဝင် 

မန္တလေးတိုင်း မြင်းခြံမြို့တွင် ယနေ့ (မတ် ၁၅) ၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ရာ နံနက်ပိုင်းတွင် သေဆုံးသူ ၃ ဦးရှိခဲ့ရာမှ ညပိုင်းတွင် ထပ်မံသေဆုံးသူ ၃ ဦးရှိလာသည်။

စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် မြင်းခြံမြို့တွင် ယနေ့ သေဆုံးသူ ၆ ဦးအနက် အသက် မပြည့်သေးသူ ၃ ဦးပါဝင်ပြီး ကျန်သုံးဦးတွင်လည်း အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးမှအပ ကျန်နှစ်ဦးမှာ အသက် ၁၈ နှင့် ၂၂နှစ်အရွယ် လူငယ်များပင်ဖြစ်သည်။

မြင်းခြံမြို့တွင် ယနေ့နံနက် ၁၀ နာရီကျော်အချိန် ဆန္ဒပြသပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန်၌ နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ရ သူများမှာ အသက် ၁၆ နှစ်အရွယ် မောင်ရန်မျိုးအောင်၊ အသက် ၂၂ နှစ်အရွယ် မပန်းမြတ်ခြယ် (ခ) ဆိုမိုင်ယာဘီဘီနှင့် အသက် ၅၃နှစ်အရွယ် ဦးလှစိုးတို့ဖြစ်သည်။

ယနေ့ညပိုင်းတွင် ထပ်မံအတည်ပြုနိုင်ခဲ့သော သေဆုံးသူသုံးဦးမှာ အသက် ၁၇ နှစ်အရွယ် မောင်အောင်မျိုး ဇော်၊ အသက် ၁၈ နှစ်အရွယ် မောင်ထွန်းရဲနိုင်နှင့် အသက် ၂၆ နှစ်အရွယ် မောင်ကျော်ဇောတို့ဖြစ်သည်။

ညနေခင်းအထိ သေဆုံးသူ ၃ ဦးသာရှိခဲ့သော်လည်း ယနေ့ညပိုင်းတွင် စစ်ကောင်စီလက်နက်ကိုင်များက အလောင်းလာထုတ်ခိုင်းရာမှ အခြားသေဆုံးသူ ၃ ဦးကို ထပ်မံအတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ထင်တယ် စစ်တပ်က ဆေးရုံယူသွားတဲ့နှစ်ယောက်လည်း On the Spot (ပွဲချင်းပြီး) ဖြစ်ဖို့ များတယ်။ တစ်ယာက်ကခေါင်းကိုထိတယ်၊ တစ်ယောက်က ဝဲဘက်ရင်အုံကိုထင်တယ်။ ကျည်ဆန်ခွဲ ထုတ်ပြီး ယူထားတာဖြစ်မယ်။ မြင်းခြံဆေးရုံက CDM လုပ်လို့ ပိတ်ထားပြီး စစ်တပ်က တပ်စွဲထားတော့ သူတို့လုပ်ချင်လုပ်ခွင့်ရနေတယ်” ဟု ဒဏ်ရာရရှိသူများကို ကုသပေးနေသည့် ဆရာဝန်က ပြောသည်။ 

လက်ရှိတွင် မြင်းခြံဆေးရုံကို CDM မလုပ်သော သူနာပြုလေးယောက်နှင့် စစ်ဆရာဝန်တစ်ယောက်သာ ရှိပြီး ဆေးရုံဝင်ပေါက်ကို သေနတ်ဖြင့် စောင့်နေသောကြောင့် မည်သည့်လူနာမျှ သွားရောက်ကုသခြင်း မရှိကြောင်းလည်း အဆိုပါဆရာဝန်က ပြောသည်။

မြင်းခြံမြို့တွင် ယနေ့ သေဆုံးခဲ့သူများအနက် ဦးလှစိုးမှာ ဆန္ဒပြရာတွင် ပါဝင်သူမဟုတ်ဘဲ ဈေးရောင်းနေသူ ဖြစ်ကာ သေနတ်သံများကြား၍ ဆိုင်တံခါးပိတ်ချိန်တွင် စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ကျည်အစစ်ထိမှန်၍ ကျဆုံးခဲ့ခြင်းဖြစ်ကြောင် ဒေသခံများထံမှ သိရသည်။ 

ယနေ့ ဆန္ဒပြသပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုတွင် ဒဏ်ရာရရှိသူ ၁၇ ဦးအထိ ရှိခဲ့ပြီး ၅ ဦးမှာ အသက်အန္တ ရာယ် စိုးရိမ်ရသည့်အနေအထားဖြစ်ကြောင်းလည်း အထက်ပါဆရာဝန်က ပြောသည်။ 

အဆိုပါ ဒဏ်ရာရသူ သုံးဦးမှာ ညာဘက်နှာနုရိုး ကျည်မှန်ခြင်း၊ ဘယ်ဘက်ရင်အုံကို ထိမှန်ခြင်းနှင့် ဝမ်းဗိုက် ထိမှန်ခြင်းများကြောင့် ဖြစ်ပြီး အခြားဒဏ်ရာရသူများတွင် ကျည်ထိမှန်၍ အရိုးကြေသွားသူများလည်း ရှိကြောင်း ဒဏ်ရာရသူများကို လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ပရဟိတအဖွဲ့တစ်ခုထံမှ သိရသည်။ 

ဆန္ဒပြသပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန်တွင် အလောင်းကောက်၍ မရနိုင်လောက်အောင် စစ်ကောင်စီ လက်နက်ကိုင်များက သေနတ်များဖြင့် တရစပ်ပစ်ခတ်ခဲ့ပြီး ပရဟိတကားများကိုပင် ကျည်ဆန် ထိမှန်ခဲ့ ကြောင်း သိရသည်။ 

စစ်ကောင်စီလက်နက်ကိုင်များသည် ပရဟိတယာဉ်များကို ပစ်ခတ်ခဲ့သည့်အပင် ဒဏ်ရာရရှိသူများကို ကယ်ဆယ်ထားသော နေအိမ်များကိုပါ ပစ်ခတ်သဖြင့် အလောင်းများကိုလည်း ဖွက်ထားခဲ့ရသည်ဟု ဆိုသည်။ 

 

Show More

Related Articles

Back to top button