
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ဝင်ရောက်နိုင်သည့် နယ်စပ်လမ်းကြောင်းကို အိန္ဒိယအစိုးရဘက်က ယခုနှစ်ဆန်းမှစတင်၍ စစ်ဆေးမှုတင်းကျပ်လိုက်ခြင်းကြောင့် စစ်ဘေးရှောင်များဝင်ထွက်ရန်၊ ကုန်စည်များဝယ်ယူရန် ခက်ခဲသွားကြောင်း သိရသည်။
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်မှ ကုလားတန်မြစ်ကြောင်းအတိုင်း ဆန်တက်၍ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ထဲ ဝင်ရောက်နိုင်သည့် လမ်းကြောင်းသည် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များအတွက် အရေးပါသည့်နည်းတူ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ အတွက် ကုန်စည်ဝယ်ယူရာတွင် အဓိကကျသည့် နယ်စပ် လမ်းကြောင်းတစ်ခု ဖြစ်သည်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုလားတန်မြစ်ကမ်းမှ လောင်တလိုင်မြို့သို့သွားရာလမ်းတစ်လျှောက်တွင် အာသံရိုင်ဖယ်တပ်မှ တပ်သားများက ဂိတ် ၃ ခုချထားပြီး မြန်မာဘက်မှ ဝင်ရောက်လာသူများကို မှတ်ပုံတင်၊ အုပ်ချုပ်ရေးမှူး၏ ခရီးသွားထောက်ခံစာ၊ သယ်ဆောင်လာသည် အထုပ်အပိုးများကို စစ်ဆေးကြောင်း နယ်စပ်တွင် စစ်ဘေးရှောင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။
မီဇိုရမ်ဘက်သို့ ဝင်ရောက်လာသူများကို အဓိကထားစစ်ဆေးပြီး ဖြတ်သန်း သွားလာခွင့်ပိတ်ပင်တတ်ကြောင်း၊ စစ်ဆေးမှုတင်းကျပ်သဖြင့် လောင်တလိုင်ဘက်တွင် စစ်ဘေးရှောင်နေသူများလည်း စိုးရိမ်နေကြောင်း ၎င်းက ပြောသည်။
“(မြန်မာစစ်ဘေးရှောင်တွေ) စိုးရိမ်တာပေါ့။ နံပတ်တစ်က ဘာသာစကားမရတာလေးတွေ၊ နံပတ်နှစ်က ကျွန်တော်တို့မှာ နေထိုင်ခွင့်အာမခံချက်မရှိ၊ အချိန်မရွေး သူတို့ဖမ်းနိုင်ခေါ်နိုင်တော့ ကျွန်တော်တို့ စိုးရိမ်ရတာပေါ့” ဟု ၎င်းက ပြောသည်။
“နောက်ပြီးတော့ ကျွန်တော်တို့မှာ အခုဘာသာစကားလည်း ကောင်းကောင်း နားမလည်တော့ အရမ်းကို ခက်ခဲမှုရှိတာပေါ့။ ဆေးရုံးဆေးခန်းသွားတာတွေ အရမ်းကို ခက်ခဲသွားတာပေါ့”
ထို့အပြင် လောင်တလိုင်မှ ပလက်ဝနှင့် ရခိုင်ပြည်နယ်ဘက်သို့ ကုန်စည်တင်သွင်းမှုလည်း နည်းသွားကြောင်း၊ မီဇိုရမ်ပြည်နယ်ရှိ အခြားခရိုင်တစ်ခုဖြစ်သည် ဆဟယာခရိုင်မှ ကုန်စည်တင်သွင်းမှုရှိနိုင်ကြောင်း ၎င်းက ပြောသည်။
ဆဟယာခရိုင်မှ ပလက်ဝမြို့ဘက်သို့ ကုန်လမ်းကြောင်းမှ ကုန်သွယ်နိုင်သည်ဟု သိရသည်။
အိန္ဒိယအစိုးရက နိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်၊ မဏိပူရ်၊ နာဂလန်းပြည်နယ်််််််််များတွင် နိုင်ငံခြားသားဝင်ထွက်မှု ကန့်သတ်ခြင်း၊ မြန်မာနှင့်ထိစပ်နေသည့် နယ်စပ်တွင် ခြံစည်းရိုးခတ်ခြင်း၊ နှစ်နိုင်ငံလွတ်လပ်စွာ ကူးသန်းသွားလာခွင့် (FMR) ရုပ်သိမ်းခြင်းတို့ပြုလုပ်လာပြီးနောက် ပလက်ဝနှင့် လောင်တလိုင်နယ်စပ်တွင် စစ်ဆေးမှုတင်းကျပ်လာသည်ဟု ပလက်ဝဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။
“စစ်ဘေးရှောင်ပဲဖြစ်ဖြစ်၊ ကုန်သည်ပဲဖြစ်ဖြစ် အိန္ဒိယဘက်မှာ ပစ္စည်းတွေသယ်မယ်ဆိုရင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်ပါရတယ်။ ထောက်ခံချက်မပါရင် အိန္ဒိယဘက်ကို ဖြစ်ကျော်ခွင့်လည်း မရဘူး၊ ပစ္စည်းတွေလည်းသယ်လို့မရဘူးပေါ့” ဟု ၎င်းက ပြောသည်။
အိန္ဒိယအစိုးရက ထိန်းချုပ်ထားသည့် တရားဝင်နယ်စပ်ဂိတ်မဟုတ်ဘဲ နှစ်နိုင်ငံ ဒေသခံအချင်းချင်း နားလည်မှုဖြင့် ကုန်သွယ်သည့် လမ်းကြောင်းတစ်ခုဖြစ်ရာ လတ်တလော စစ်ဆေးမှုကြောင့် ကုန်စည်စီးဆင်းမှုရပ်ဆိုင်းကာ ကုန်ဈေးနှုန်း တက်လာနိုင်ကြောင်း ဒေသအခြေစိုက်သတင်းဌာနများက ရခိုင်ပြည်နယ်မှ ကုန်သည်များကို ကိုးကား၍ ဖော်ပြကြသည်။
စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များမှလွဲ၍ AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်သို့ စစ်ကောင်စီက ကုန်စည်များကန့်သတ်ထားရာ ထိုအိန္ဒိယနယ်စပ်လမ်းကြောင်းကို အားကိုးနေရပြီး ဒီဇယ်၊ ဓာတ်ဆီ၊ နေ့စဉ်သုံး အခြေခံစားသောက်ကုန်နှင့် အဝတ်အထည်များတင်သွင်းကြသည်ဟု သိရသည်။
အိန္ဒိယဘက်မှ နယ်စပ်လမ်းကြောင်းကို မကြာခဏပိတ်ပင်လေ့ရှိသော်လည်း ပြန်ဖွင့်ပေးလေ့ရှိကြောင်း၊ ယခုအခါ ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နှင့် ပြည်မဘက်မှ ကုန်းကြောင်းရေကြောင်းမှတစ်ဆင့် ကုန်ပစ္စည်းများဝင်ရောက်မှုရှိနေကြောင်း ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။
“စစ်ကောင်စီအနေနဲ့ကတော့ ဖြတ်လေးဖြတ်အနေနဲ့ ရခိုင်ပြည်ကို ကုန်စည်တွေမစီးဆင်းအောင် ပိတ်ထားတယ်ဆိုပေမယ့် ပထမတော့ တော်တော်တန်တန်ထိရောက်တယ်ပေါ့။ နောက်ပိုင်းမှာတော့ ပြည်တွင်းမှာလည်း ကုန်ပစ္စည်းတွေကို အထူးသဖြင့် ထုတ်လုပ်နိုင်တဲ့ကုန်ပစ္စည်းတွေကို ထုတ်လုပ်လာကြတယ်ပေါ့။ မထုတ်နိုင်တဲ့ပစ္စည်းတွေကလည်း သူ့နည်းသူ့ဟန်နဲ့ ကုန်သည်တွေဆီက တစ်ဆင့်ဝင်လာတာရှိတယ်” ဟု သူက ပြောသည်။
နယ်စပ်ချင်းထိစပ်သည့် နိုင်ငံများနှင့် ကုန်စည်များကူးသန်းရောင်းဝယ်ရေးအတွက် ကုန်သည်များကို AA က အကူညီပေးနေကြောင်းလည်း သူက ဆိုသည်။ AA သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ သုံးပွင့်ဆိုင် နယ်နိမိတ်ချင်းထိစပ်ရုံမက ကုန်စည်စီးဆင်းမှုအတွက် အရေးပါသည့် ပလက်ဝမြို့နယ်ကို ပြီးခဲ့သည့်နှစ်ဆန်းတွင် ထိန်းချုပ်ထားသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကို AA က ထိန်းချုပ်လိုက်ပြီးနောက် ပလက်ဝဒေသအုပ်ချုပ်ရေးနှင့် ပတ်သက်၍ ချင်းပြည်ကောင်စီနှင့် အငြင်းပွားမှု ပိုဖြစ်လာသည်။