
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ၎င်း၏အဓိကရှေ့နေများနှင့် တွေ့ဆုံခွင့် မရသေးကြောင်း အမှုတွင် လိုက်ပါဆောင်ရွက်ခွင့်ရရန်ကြိုးပမ်းနေသည့် တရားလွှတ်တော်ရှေ့နေများက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံလိုသည့် အဓိက ရှေ့နေ ၂ ဦးဖြစ်သည့် ဦးခင်မောင်ဇော်နှင့် ဦးကြည်ဝင်းတို့ကို ကိုယ်စားလှယ်လွှဲစာ မပေးဘဲ လူငယ်ရှေ့နေများဖြစ်သည့် ဦးယုယချစ်နှင့် ဒေါ်မင်းမင်းစိုးတို့ကိုသာ ရှေ့နေကိုယ်စားလှယ်လွှဲစာရအောင် ရဲက စီစဉ်ပေးနေသည်ဟု အမှုတွင် လိုက်ပါဆောင်ရွတ်နေသူ တရားလွှတ်တော်ရှေ့နေ ဦးခင်းမောင်ဇော်က ပြောသည်။
“ကျန်တဲ့ CEC ( ဗဟိုအလုပ်အမှုဆောင်ကော်မတီ) ကနေပြီးတော့ ခန့်ထားတဲ့ ရှေ့နေပေါ့ ကျွန်တော်အပါ အဝင် ရှေ့နေကြီးများက ရှေ့ရုံးချိန်းမှာ ကိုယ်စားလှယ်လွှဲစာရဖို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်” ဟု ယနေ့ (မတ် ၁၅) တရားရုံးချိန်းအပြီးတွင် ပြောသည်။
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် တရားရုံးတွင် Video Conferencing စနစ်ဖြင့် ယနေ့ ( မတ် ၁၅) မနက်ပိုင်းတွင် ရုံးထုတ် စစ်ဆေးမည်ဟု မူလက ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားခြင်းကြောင့် စစ်ဆေးခွင့်မရခဲ့ကြောင်း ရှေ့နေများက ပြောသည်။ နောက်တစ်ကြိမ် ရုံးချိန်းကို မတ် ၂၂ သို့ ပြန်လည်ချိန်းဆိုထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၄ ခုဖြင့် စစ်ကောင်စီက စစ်ကောင်စီက အမှုဖွင့်တရားစွဲဆိုထားခြင်း ဖြစ်သည်။
ထောင်ဒဏ် ၂ နှစ် အထိ ချမှတ်နိုင်သည့် နိုင်ငံတော်မတည်မငြိမ် ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ ထောင်ဒဏ် ၁ နှစ်ထိ ချမှတ်နိုင်သည့် လိုင်စင်မရှိသည့်ပစ္စည်း လက်ဝယ်ပိုင်ဆိုင်မှု ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ အနီးကပ် လုံခြုံရေး တပ်ဖွဲ့မှ သုံးစွဲသည့် စကားပြောစက်များမှာ တရားမဝင် တင်သွင်းထားသည်ဟူသော စွပ်စွဲချက်ဖြင့် ပို့ကုန်သွင်းကုန် ဥပဒေ၊ ကိုဗစ်စည်းကမ်းများနှင့် မညီဘဲ ရွေးကောက်ပွဲမဲဆွယ်မှုတွင် ပါဝင်မှုအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေတို့ဖြစ်သည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ဒေါ်လာ ၆ သိန်းနှင့် ရွှေပိဿာချိန် ၇ ပိဿာ ပေးခဲ့သည်ဟု ဝန်ခံထားကြောင်း မတ်လ ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် အာဏာသိမ်း စစ်ကောင်စီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စွပ်စွဲပြောဆိုခဲ့သည်။
ထိုသို့ အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ကြံစွပ်စွဲချက်မှာ အထောက်အထားမဲ့ စွပ်စွဲချက်ဖြစ်ပြီး ရယ်စရာကောင်း သည့် ဟာသ တစ်ခုဖြစ်သည်ဟု NLD ပါတီ ဘက်က တုံ့ပြန်ထားသည်။
အာဏာသိမ်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၄ ခုဖြင့် တရားစွဲဆိုထားသည့်အပြင် ၎င်း၏ မိခင်အမည်ဖြင့် တည်ထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရှာဖွေနေသည်ဟု ဆိုသော်လည်း ပုဒ်မတပ်အမှုဖွင့်ထားခြင်း မရှိသေးပေ။
စစ်ကောင်စီက အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ နိုင်ငံအနှံ့အပြားတွင် သန်းနှင့်ချီသည့် ပြည်သူများက အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြတောင်းဆိုနေကြပြီး စစ်ကောင်စီ၏ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် အများအပြား သေဆုံး ဒဏ်ရာ ရရှိခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှ ယမန်နေ့ (မတ် ၁၄) အထိ စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသူ ၁၂၆ ဦးထိရှိနေပြီဖြစ်ကာ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူ ၂၁၅၆ ဦးထိ ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုန်ပြန်ထားသည်။