
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ကန်ပလက်၊ ပလက်ဝမြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါပိုးပျံ့နှံ့နေပြီး ကူးစက်ခံရသူ စစ်ဘေးရှောင်ဒုက္ခသည် ၄၀၀ ကျော် ရှိသည့်အနက် လသားကလေးငယ် ၃ ဦး၊ လူကြီး ၁ ဦးတို့ သေဆုံးခဲ့သည်ဟု အခမဲ့အွန်လိုင်း ဆေးခန်းဖြစ်သော ချင်းတယ်လီကျန်းမာ (Chin Telehealth) က ထုတ်ပြန်သည်။
သေဆုံးသူတို့မှာ ပလက်ဝမြို့နယ်မှ ကလေးငယ် ၂ ဦး ဖြစ်ပြီး ကျန် ၂ ဦးမှာ မင်းတပ်မြို့နယ်မှ ဖြစ်သည်၊ ၂၀၂၄ နှစ်ကုန်မှစတင်ပြီး ကူးစက်ပျံ့နှံ့ခဲ့သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
ချင်းတယ်လီကျန်းမာသည် အခမဲ့အွန်လိုင်းဆေးခန်းဖြစ်ပြီး ဘာသာစကားအခက်အခဲနှင့် အလှမ်းဝေး သည့်ဒေသတွင် ရောက်ရှိနေသူများ ချင်းဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်နိုင်ရန် ၂၀၂၃ ဇွန်မှ စတင်၍ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများ ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ချင်းမဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေရာ စစ်ဘေးဒုက္ခသည်များမှာ တစ်ရွာမှတစ်ရွာသို့ တိမ်းရှောင်နေကြစဉ် ရေနှင့် ယင်လုံအိမ်သာ အသုံးမပြုနိုင်ခြင်းမရှိကြကြောင်း ချင်းတောင်ပိုင်းအခြေစိုက် ကျန်းမာရေးဝန်ထမ်း တစ်ဦးက Myanmar Now ကို ပြောသည်။
“ယင်လုံအိမ်သာ မသုံးနိုင်တဲ့နေရာတွေမှာ၊ မိသားစုတွေများတဲ့နေရာတွေမှာ ပိုဖြစ်တယ်။ အဓိက ကတော့ ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးအပိုင်းကို အဓိက လုပ်ဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။
“ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ကတော့ ရောဂါဖြစ်တဲ့သူတွေကို စောစောသိရင် စောစော ကုနိုင်တယ်။ စောစော ကယ်နိုင်တယ်”
စစ်တပ်က အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း ချင်းပြည်နယ်တွင်း စစ်ဘေးရှောင် ဒုက္ခသည် ၁၃၀,၀၀၀ အထိရှိလာပြီး စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် ချင်းဒေသခံ ၉၆၅ ဦး သေဆုံးခဲ့သည်။
အဆိုပါသေဆုံးမှုများမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်အများဆုံးဖြစ်သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs) က ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုတိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ်တွင် ဒုက္ခသည်စခန်း သတ်သတ်မှတ်မှတ် မထားရှိနိုင်သေးဘဲ မြန်မာ-အိန္ဒိယနယ်စပ်နှင့်နီးစပ်ရာ ကျေးရွာများရှိ ၎င်းတို့၏ ဆွေမျိုးသားချင်း များထံတွင် စစ်ရှောင်အများစုက ခိုလှုံနေကြရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဗန်ဆွီးဆန်က ပြောသည်။
“ဒုက္ခသည်စခန်းလို့ သတ်မှတ်လိုက်ရင် လေကြောင်းရန်က ကြောက်ရလို့။ ဒုက္ခသည်စခန်း ဆိုပြီး သီးသန့်ထားတာမျိုးတော့ မရှိဘူး။ ရွာတိုင်းရွာတိုင်းမှာက စစ်ဘေးဒုက္ခသည်တွေ သွားပြီးတော့ နေထိုင်နေကြတာရှိတယ်။ တစ်နေရာတည်းမှာ အများကြီး စုနေတာမျိုးတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။
ICA ၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူ ဖော်ပြနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီကမူ အရပ်သားများကို တိုက်ခိုက်ခြင်းမရှိကြောင်း ယခင်က ပြောဆိုခဲ့ဖူးသည်။
စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်တောင်ပိုင်းတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ Yaw Defense Force (YDF) ၊ Yaw Army (YA) နှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် မုံရွာခရိုင်တပ်ရင်း (၃) တို့ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား တိုက်ပွဲများပြင်းထန်လာခဲ့သည်။
ထို့နောက် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ချင်းပြည်နယ်တောင်ပိုင်း၏ အဓိက မြို့ကြီးများဖြစ်သည့် မင်းတပ်၊ မတူပီ ၊ ကန်ပက်လက်နှင့် ပလက်ဝမြို့များကို အပြီးသတ်သိမ်းယူနိုင်ခဲ့သည်။
ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကလည်း ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ် လုံးဝကင်းစင်ပြီး အုပ်ချုပ်ရေးယန္တရား စတင်နေပြီဖြစ်သည်ဟု ၂၀၂၄ ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန်ထားသည်။
