ရန်ကုန်မြို့တွင်ဆန္ဒပြခဲ့ကြသည့် လူငယ်နှစ်ဦးကို အင်းစိန်ထောင်တွင်းစစ်ခုံရုံးက ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ယမန်နေ့ (ဖေဖော်ဝါရီ ၆) တွင် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်ချလိုက်သည်။
ရွှေပြည်သာသပိတ်ကော်မတီမှ အသက် ၂၃ နှစ်အရွယ် ကိုရန်နောင်ကြည်ဝင်း၊ အသက် ၂၀ အရွယ် ကိုသက်ထူးဇော်တို့သည် ၂၀၂၄ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့က စစ်ကောင်စီကို ဆန္ဒပြခဲ့ပြီး ယင်းနေ့ညတွင် ရန်ကုန်ဆင်ခြေဖုံး ရွှေပြည်သာမြို့နယ်ထဲမှ မိုတယ်တစ်ခုတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
၂ လကြာ စစ်ဆေးခဲ့ပြီးနောက် ၎င်းတို့ကို စစ်တပ်ကထောင်ချခဲ့ခြင်းဖြစ်ကြောင်း၊ အမှုစစ်ဆေးသည့် တရားသူကြီးနှင့် စီရင်ချက်ချမည့်နေ့ရက်ကို အတိအကျမသိခဲ့ရကြောင်း၊ မိသားစုကလည်း အမှု၏ နောက်ဆုံး အခြေအနေကို ထောင်တွင်းတရားခွင်ထဲမှ နီးစပ်သူများမှတစ်ဆင့် သိရှိခဲ့ရသည်ဟု နားလည်ထားကြောင်း ရွှေပြည်သာသပိတ်ကော်မတီဝင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“နိုင်ငံရေးလှုပ်ရှားမှုတွေကို ဖိနှိပ်တာက ဘယ်လောက်ရက်စက်သလဲဆိုတာကတော့ တကယ်တော့ ကျွန်တော်တို့ ပြောဖို့တောင်စကားလုံးရှာမတွေ့ဘူး။ ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို စပြီးတော့ဖမ်းသွားကတည်းက ရွှေပြည်သာစစ်ကြောရေးကိုခေါ်ပြီး ရိုက်တာနှက်တာရှိတယ်ဗျ” ဟု ၎င်းက ပြောသည်။
“မြို့နယ်တရားရုံးထုတ်တုန်းက ခပ်လှမ်းလှမ်းက ဓာတ်ပုံလေးတွေပြန်ရတယ်။ မျက်ခုံးတွေကွဲနေတာ ရှိတယ်။ ရဲအချုပ်ထဲမှာလည်း ခိုးမှုတို့၊ လုယက်မှုနဲ့ ထောင်ကျနေတဲ့ တရားစွဲခံထားရတဲ့ ပြစ်မှုအကျဉ်းသားတွေကလည်း ထိုးတာနှက်တာရှိတယ်။ ရဲအချုပ်ကနေ ထောင်ကိုပို့တော့လည်း ပူလီကြိုးနဲ့ တစ်ယောက်ကို အချက် ၂၀ လောက် ထောင်အဝင်မှာ အရိုက်ခံရတယ်လို့ ပြန်သိရတယ်”
အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစတင်၍ ၎င်းတို့နှစ်ဦးသည် သပိတ်တိုက်ပွဲများတွင် တက်တက်ကြွကြွပါဝင်ခဲ့သူများဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် “အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့” လှုပ်ရှားမှုကို ရွှေပြည်သာ သပိတ်ကော်မတီနှင့် မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ ( NGYSC) တို့ ပူးပေါင်းဖော်ဆောင်ခဲ့ကြသည်။ ၂၀၀၈ အခြေခံဥပဒေ ခြေဥစာအုပ်နှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်အလံတို့ကို မီးရှို့ခြင်းအပါအဝင် “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာသားကိုကိုင်ဆောင်၍ လူ့အခွင့်အရေး ဆိတ်သုဥ်းနေသည့် အခြေအနေအတွက် ဆန္ဒပြလှုံ့ဆော်ခဲ့သည်။
ထိုလူငယ်နှစ်ဦးကို ထောင်ဒဏ်ချမှတ်မှုနှင့်ပတ်သက်၍ စစ်ကောင်စီကို မေးမြန်းနိုင်ခြင်းမရှိသေးပါ။
စစ်ကောင်စီသည် ၎င်းတို့ကို အန်တုဖီဆန်သူများကို အပြင်းထန်ဆုံး ဖိနှိပ်ဖြိုခွင်းနေပြီး ဖမ်းဆီးသူများကို နှိပ်စက်မှု မျိုးစုံ ပြုလုပ်ကာ ပုဒ်မကြီး၊ ပုဒ်မငယ် တပ်၍ အရေးယူနေသည်ဟု သပိတ်အင်အားစုများက ဆိုသည်။
ရန်ကုန်တွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်၍ အစစ်အဆေးတင်းကျပ်ထားပြီး စစ်သားသစ် ရရှိရန် ဖမ်းဆီး စုဆောင်းနေရာ ထိုအခြေအနေက စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုကို ရိုက်ခတ်မှုများရှိကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း တာဝန်ခံ ကိုလီမွန်က ပြောသည်။
“အဲ့လိုအခြေအနေတွေကြားထဲမှာလည်း သပိတ်အင်အားစုတွေ၊မြို့ပြပျောက်ကြားအဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေကိုပါ တပါတည်း ရှာဖွေတာတွေ၊ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာမျိုးတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။
“ရဲဘော်တွေရဲ့တည်နေရာတွေကို ထောက်လှမ်းထားမိပြီဆိုရင် ဧည့်စာရင်း အယောင်ပြပြီး ဝင်ရောက်ဖမ်းဆီးမှုတွေ ဒီကာလတလျှောက် ကြုံတွေ့နေရတာမျိုးရှိတယ်။ အဓိကကတော့ စကစဟာ သူတို့အုပ်ချုပ်လို့မရအောင် ဆန့်ကျင်တော်လှန်နေတဲ့ လူအားလုံးကို ပစ်မှတ်ထားပြီး အပြင်းအထန် ဖမ်းဆီးနေတဲ့အနေအထားဖြစ်တယ်”
စစ်ကောင်စီသည် သပိတ်လှုပ်ရှားမှုများတွင် ပြည်သူလူထုဝန်းရံပါဝင်မည်ကို မလိုလား၍ ပစ်မှတ်ထားဖိနှိပ်နေကြောင်း၊ ထိုသို့ ဖိနှိပ်နေလင့်ကစား သပိတ်လှုပ်ရှားမှုများကို တော်လှန်ရေးအောင်မြင်သည့် အချိန်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ လက်လှမ်းမီသမျှကောက်ယူ ထားသည့် စာရင်း များအရ နိုင်ငံရေးအကျဉ်းသား အရေအတွက် ၂၁၇၈၇ ဦး ရှိသည်ဟု သိရသည်။



