
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က တစ်လနီးပါး စစ်ကြောင်းထိုးခဲ့ပြီးနောက် ကျေးရွာ ၅ ရွာမှ အိမ်ခြေ ၂၀၀ ကျော် မီးရှို့ခံရပြီး ထောင်နှင့်ချီသည့် စစ်ဘေးဒုက္ခသည်များမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေသည်ဟု ဒေသခံများနှင့် မြိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက ပခုက္ကူမြို့အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်ရင်းမှ စစ်ကား ၃၂ စီး အင်အား ၂၀၀ ကျော်ဖြင့် မြိုင်-ကမ္မ လမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် တပ်က ကျူးလွန် ခဲ့ခြင်းဖြစ်သည်ဟု မြိုင်အခြေစိုက် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၆) တပ်ရင်း ၊ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ငချစ်က Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ရှိတဲ့ လက်နက်အင်အားနဲ့ အကုန်သုံးပြီးတားပေမယ့် (စစ်ကြောင်းက) ဇွတ်အတင်း ထိုးပြီး တက်တယ်။ တိုက်ပွဲမှာတော့ သူတို့ ထိခိုက်ဒဏ်ရာ တော်တော်များများရတယ်။ ကျွန်တော်တို့ နဲ့ နီးနီးကပ်ကပ်ပဲ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ စစ်ကြောင်း၏ မီးရှို့ခံရသည့် ကျေးရွာများမှာ မြိုင်မြို့ မြောက်ဘက် မြိုင်-ကမ္မ လမ်းပေါ် ရှိ ကျောင်းကုန်း၊ သံပရာခြံနှင့်အင်းရောင်း ၊ မြိုင်မြို့တောင်ဘက် မြိုင်နှင့်ပေါက်မြို့နယ်အစပ်ရှိ ဆယ်ပြားနှင့်ရွာတန်းရှည်ရွာတို့ဖြစ်သည်။
ချင်းတောင်တန်း၊ ရခိုင်ပြည်နယ်နှင့် ယောတောင်တန်းဒေသတွင် ထိုးစစ်ဆင်ခံနေရသည့် စစ်ကောင်စီ တပ်သည် ၎င်းတို့၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ( က.ပ.စ) စက်ရုံများတည်ရှိရာ မကွေးတိုင်းရှိ ဆိပ်ဖြူ၊ မြိုင်နှင့်ပေါက်မြို့နယ်များကို ဒုတိယခံစစ်စည်းအဖြစ် သတ်မှတ်ကာ စစ်ကြောင်းထိုး၍ မီးရှို့ နေခြင်း ဖြစ်သည်ဟု မြိုင် PDF ခေါင်းဆောင် ရဲဘော် ငချစ်က ဆက်ပြောသည်။
“အရင်တုန်းက တပြိုင်နက်တည်း မြို့နယ် နှစ်ခု၊ သုံးခုကို အင်အား မထိုးနိုင်ဘူး။ ခုက စစ်မှုထမ်းက ထုတ်နုတ်အင်အားတွေရယ်၊ တခြား လက်ရုံးတပ်က အင်အားတွေရယ်နဲ့ ကျွန်တော်တို့ မြို့နယ်တိုင်း မှာ စစ်ကြောင်းတွေ ထိုးနေတာပါ။အဓိက မှတ်ချက်အနေနဲ့ ပြောရရင်တော့ ကျွန်တော်တို့ ဒီဘက်ပိုင်း ကို ဒုတိယ ခံစစ်စည်းအနေနဲ့ ခံစစ်ပြင်နေတဲ့ သဘောပါပဲ”
ရခိုင်ရိုးမနှင့်ထိစပ်နေသော အမ်း-ပဒါန်းလမ်းတစ်လျှောက်တွင်လည်း တိုက်ပွဲများဖြစ်နေပြီး အာရက္ခ တပ်တော် (AA) ထိုးစစ်အပါအဝင် ကာကွယ်ရေးအဖွဲ့များက လက်နက်စက်ရုံများကို ပစ်မှတ်ထားကာ ခပ်စိတ်စိတ်တိုက်ခိုက်လာခဲ့အပြီး ကပစများအနီး စစ်ကောင်စီက ကြိုတင်ပြင်ဆင်နေသည်။
အဆိုပါ စစ်ကြောင်းသည် ဒေသခံများ၏ ကျွဲ၊နွား၊ တိရိစ္ဆာန် များသာမက အိမ်ရှိ ပစ္စည်းများကို သယ် သွားကြပြီး မသယ်နိုင်သည့် ပစ္စည်းများကို ဖျက်ဆီးခဲ့သည်၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာမှ ဒေသခံ ထောင်နှင့်ချီမှာ စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေသည် ဟု ဒုက္ခသည် အရေးအကူအညီ ပေးနေသူတစ်ဦးက ပြောသည်။
“အပူအအေးကြောင့်ဖျားကြ နှာမွန်ကြတယ်။ ဒီဘက်နယ်က ဝေးတဲ့ရွာတွေဘက်တော့ရှောင်ကြရ
တယ်။ တခါရှောင် အနည်းဆုံး ရွာပေါင်း ၁၅ ရွာလောက် ရှောင်ကြရတာ။ ဝေးတဲ့ရွာတွေကလည်း ချက်ပြုတ်မကျွေးနိုင်ကြတော့ဘူး လူများလွန်းတော့” ဟု ဆိုသည်။
မြိုင်မြို့နယ်ကို မွှေနှောက်စစ်ကြောင်းထိုးပြီးနောက် အဆိုပါ စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁ ရက်နေ့ တွင် မြိုင်မြို့နယ်နှင့်နယ်မြေ ထိစပ်နေသည့် ပေါက်မြို့နယ်သို့ အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက် စစ်ကြောင်းထိုးနေပြီး ကျန်သည့် စစ်သား ၁၅၀ ကျော်မှာ မြိုင်မြို့ပေါ်နှင့် မြို့တောင်ဘက်ရှိ စက်မှု (၂) စက်ရုံဝင်းတို့တွင် နေရာယူထားသည်ဟု ဒေသခံများထံက သိရသည်။
ချင်းတောင်တန်းနှင့် ရခိုင်ရိုးမ ဒေသများတွင် အရေးနိမ့်နေသည့် စစ်ကောင်စီတပ်သည် ထိုဒေသများ နှင့် နယ်မြေဆက်စပ်နေပြီး ကပစစက်ရုံများ တည် ရှိရာ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း မကွေးတိုင်း အတွင်းရှိ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်အပြင် ဆိပ်ဖြူမြို့နယ်ကိုပါ စစ်ကြောင်းထိုးနေသည်ဟု သိရ သည်။
ဆိပ်ဖြူသည် ပခုက္ကူ၊ ပေါက်၊ ဆော၊ စလင်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်နေပြီး အမှတ် (၂၁) နှင့် (၂၂) စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတို့ရှိကာ လေကြောင်းရန်ကာကွယ်ရေးတပ် လကတ (၃၀၃၆) တပ်နှင့် အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လစခ(၉)တို့ ရှိကြသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့က ဆိပ်ဖြူမြိုနယ် ကပစ-၂၁ မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စက်ရုံနှင့် ၇ မိုင် အကွာရှိ ကင်မွန်းတော်ရွာကို လက်နက်ကြီးကျည် ကျရောက် ထိမှန်ခဲ့ပြီး ၅ နှစ် အရွယ် အမွှာကလေးငယ်များ အပါအဝင် မိသားစုဝင် ၅ ဦး သေဆုံးခဲ့သည်။
ကျေးရွာတချို့ကိုလည်း စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့ကြောင်း ဆိပ်ဖြူအခြေစိုက်ကာကွယ်ရေးအဖွဲ့ တချို့က ထုတ်ပြန်ထားကြသည်။
မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများ အားကောင်းရာ ရေစကြို၊ ပေါက်မြို့ နယ်များ နှင့် သာမက စစ်ကိုင်းတိုင်းအတွင်းရှိ ပုလဲ၊ ဆားလင်းကြီးမြို့နယ်များနှင့်ပါ ဆက်စပ် နေသည့် မြိုင်မြိုနယ် သည် စစ်ကောင်စီတပ်သာမက တော်လှန်ရေးတပ်ဖွဲ့များအတွက်ပါ အရေးပါသည့် ဒေသဖြစ်သည်။
‘ကပစ’ ဟု အတိုကောက်ခေါ်သည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံပေါင်း ၂၅ ခုရှိပြီး မကွေးတိုင်းတွင် အများဆုံးအဖြစ် ၁၅ ရုံ၊ ပဲခူးတိုင်းတွင် ၇ ရုံ၊ နေပြည်တော်(တပ်ကုန်း)တွင် ၂ ရုံနှင့် ရန်ကုန် (တိုက်ကြီး)တွင် ၁ ရုံ ရှိသည်။
