
မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့တွင် အကြမ်းဖက်ပုဒ်မများဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူများက တာဝန်ကျ ရဲဝန်ထမ်းများထံက သေနတ်လု၍ ပစ်ခတ်ထွက်ပြေးခဲ့ရာ အချုပ်သား ၃ ဦး လွတ်မြောက် ပြီး ရဲ ၃ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ရေးမြို့မရဲစခန်း အချုပ်ဆောင်တွင် အကြမ်းဖက် ပုဒ်မ ၅၂ (က) ၊ ၅၀ (ည) တို့ဖြင့် ဖမ်းဆီးချုပ်နှောင်ခံ ထားရသော နိုင်ငံရေးအကျဉ်းသား ၇ ဦးခန့်သည် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်က ထမင်းလာပို့သည့် ရဲများထံမှ သေနတ်လုယူပြီး ပစ်ခတ်ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။
သီရိခေမာရပ်ကွက်၊ ဌာနဆိုင်ရာ စုပေါင်းရုံးများတည်ရှိရာ ရေးမြို့နယ်ရဲစခန်းအတွင်းရှိ အချုပ်ခန်း ပစ်ခတ်မှုတွင် နိုင်ကျဉ်း ၃ ဦး ထွက်ပြေးလာနိုင်ခဲ့ပြီး ၎င်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ပိုင်းစစ်ဒေသ၏ အထူးစစ်ဆင်ရေးအဖွဲ့ (SOF) လက်အောက်ခံ ရေးဘီးလူးအဖွဲ့က ကယ်တင်ခဲ့ သည်ဟု သိရသည်။
၃ ဦး လွတ်မြောက်လာပြီး ကျန် ၄ ဦးမှာ ကာကွယ်ပစ်ခတ်ရင်း ရဲစခန်းထဲတွင် ကျန်ခဲ့သည့်အတွက် ဆက်လက်ကယ်တင်နိုင်ရန် စုံစမ်းနေသည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က Myanmar Now ကို ယနေ့ ပြောသည်။
“အချုပ်ခန်း စောင့်တဲ့ရဲတွေ ထမင်းလာပို့တဲ့အချိန်မှာ အချုပ်တံခါးကိုဆွဲဖွင့်ပြီးတော့ အကုန်လုံး တပြိုင်တည်း ဆွဲဖွင့်ပြီးတော့ ထွက်ပြေးတဲ့အခါကြတော့ အကုန်လုံး ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြ ပြီးတော့ ဖမ်းရတာ မလွယ်ကူတော့ဘူး။ သေနတ်လုပြီးတော့ ပြန်ကာပစ်ပေးတဲ့သူက ကာပစ် ပေးတယ်။ ကျန်ခဲ့တဲ့သူတွေကလည်း ထွက်ပြေးနိုင်တဲ့သူက ထွက်ပြေးတယ်” ဟု ရေးဘီလူးအဖွဲ့၏ ခေါင်းဆောင်ဆိုသူ အမျိုးသားက လွတ်မြောက်လာသူများကို ကိုးကားပြီး ဖြစ်စဉ်ကို ပြောသည်။
ရေးမြို့ အချုပ်ခန်းမှ လွတ်မြောက်လာသူ ၃ ဦး မှာ အသက် ၂၀ နှင့် ၃၀ ကြား လူလတ်ပိုင်းများ ဖြစ်ပြီး မိသားစုလုံခြုံရေးအခြေအနေအရ အမည်များကို ဖော်ပြမရနိုင်ကြောင်း ၊ သေဒဏ် ကျခံနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်များဖြစ်သည့် ပုဒ်မ ၅၂ (က) ၊ ၅၀ (ည) တို့ဖြင့် ဖမ်းဆီးခံထား ရသူများဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆက်ပြောသည်။
“အချုပ်သားတွေ ထွက်လာတဲ့အပေါ် ပြောကြားချက်ကတော့ ရဲ ၃ ဦးကတော့ အဲဒီမှာ တခါတည်းကို ကျတယ်ပေါ့။ နောက်ပြီးတော့ ဒဏ်ရာရတဲ့ရဲတွေလည်း ရှိတယ်။အချုပ်ခန်းရှေ့ ကနေ လက်နက်လု ပြီးတော့ ပြန်လည်ခုခံတာ။ AK ၂ လက် နဲ့ ရိုင်ဖယ် ၁ လက်နဲ့ ပြန်လည်ခုခံခဲ့တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဒုရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း ၊ ရဲတပ်သား ကျော်စွာထက်တို့ ၃ ဦး နေရာတွင်ပင် သေဆုံးခဲ့ကြပြီး ရေးမြို့မ ရဲစခန်းမှူး ဒုရဲမှူးမြင့်ဦး ညာဘက်ရင်အုံတွင် ကျည်ဆန် ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူနေရသည်ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၂ ရက် နေ့က ဖော်ပြထားသည်။
ကနဦးသတင်းများတွင် အချုပ်သား ၁ ဦးသာ လွတ်မြောက်သည်ဟု ဖော်ပြထားကြသော်လည်း ရေး ဘီလူးအဖွဲ့က ၃ ဦး ကယ်တင်ထားကြောင်း ယနေ့တွင် အတည်ပြုထားသည်။
ပုဒ်မ ၅၂ သည် အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း၊ ပူးပေါင်း ပါဝင်ခြင်းတို့အတွက် ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်ပြီး ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ တစ်သက်အထိ ကျခံရနိုင်သည့် ပုဒ်မဖြစ်သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မ ၅၀(ည) သည် အကြမ်းဖက်မှုအတွက် ငွေကြေးထောက် ပံ့မှုဆိုင်ရာ ပြစ်မှုဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထား သည်။
စစ်ကောင်စီက နိုင်ကျဉ်းများ ထွက်ပြေးကြသည့် ဖြစ်စဉ်ကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများကမူ ထိုနေ့က ရေးမြို့မ ရဲစခန်းတွင် ထမင်းပုံးများ ပေးနေစဉ် အချုပ်သားများက ရဲ ၃ ဦးထံက သေနတ်ကို လုယူပစ်ခတ်သောကြောင့် ရဲ ၃ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားကြသည်။
ထိုနေ့ မွန်းတည့်ချိန်က ရဲစခန်းအတွင်း အချုပ်သားများက ပြန်လည် အဖမ်းခံခဲ့သလို ထွက်ပြေး လွတ်မြောက်သူတချို့လည်း ရှိခဲ့ကြောင်း၊ မြို့မရဲစခန်းမှူးလည်း ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ရေးဘီလူးတပ်ဖွဲ့ဟု ထင်ရှားသည့် တပ်ခွဲတစ်ခု၏ ခေါင်းဆောင်က ၂၀၂၄ ဇွန်လကုန်ဝန်းကျင်က ရေးမြို့နယ်၊ ကွန်ဒူးရွာမှ ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင်တစ်ဦးကို ခေါင်းဖြတ်ခဲ့သဖြင့် NUG ကာကွယ်ရေးဝန်ကြီးဌာန က စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်နေသည်။
ခုံရုံးအဖွဲ့၏ တွေ့ရှိချက်အပေါ်မူတည်ပြီး ဆက်လက် အရေးယူမည်ဟု ၂၀၂၄ ဒီဇင်ဘာ ပထမပတ်အတွင်း MOD) ဒုအတွင်းဝန်က ပြောထားသည်။
အာဏာသိမ်းပြီးနောက် ၂၀၂၅ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၆၂၄၄ ဦး သေဆုံးခဲ့ပြီး ၂၈၄၅၉ ဦး ဆက်လက် ဖမ်းဆီးခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့် ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ (ဖေဖော်ဝါရီ ၃) တွင် ထုတ်ပြန်ထားသည်။
စစ်တပ်က အာဏာသိမ်းယူကာ အကြမ်းဖက်အုပ်ချုပ်သဖြင့် မြန်မာပြည်တဝှမ်းတွင် လက်နက်ကိုင် ခုခံတော်လှန်မှုများ အသီးသီးပေါ် ပေါက်လာရာ မြန်မာပြည်တောင်ပိုင်း ကရင်၊ မွန်နှင့် တနင်္သာရီတိုင်း များတွင်လည်း လက်နက်ကိုင်ခုခံမှုများ အားကောင်းလာသည်။
ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးအရ အဓိက အရေးပါသည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး တည်ရှိရာ ရေးမြို့နယ်သည် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည်။
စစ်ကောင်စီတပ်ကလည်း ယခု လဆန်းပိုင်းက စတင်ကာ အင်အားတိုးချဲ့နေသည်ဟု ဒေသခံများထံ က သိရသည်။