
ဗုံးကြဲသွားသည့်လေယာဉ် နောက်တစ်ကြိမ်ပြန်လှည့်လာချိန်တွင် မောင်နှမသုံးယောက်သား အမေဖြစ်သူထံသို့ အားကိုးတကြီးနှင့် ကြောက်လန့်တကြား ထွက်ပြေးခဲ့ ကြသည်။
၁၂နှစ် နှင့် ၈နှစ်အရွယ် ညီအမနှစ်ယောက်က ၅နှစ်သားမောင်လေးကိုလက်ဆွဲပြီး သူတို့နေအိမ်နှင့် မလှမ်းမကမ်းရှိ အိမ်သာထဲသို့ရောက်နေသည့် အမေဆီသို့ပြေးကြသည်။
အချိန်တည်းတွင် ကောင်းကင်ထက်က စစ်ကောင်စီလေယာဉ်မှူးက သူ၏တိုက်လေယာဉ်မှ ဗုံးသီးကိုကြဲချရန် နောက်တကြိမ် ခလုတ်နှိပ်လိုက်သည်။
လေယာဉ်ထက်မှကျလာသည့်ဗုံးက ကလေးငယ်သုံးယောက်နှင့် ကိုယ်ဝန်ဆောင်သည်မိခင်တို့အနီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထိုဖြစ်ရပ်အကြောင်း ကောင်းစွာ သိရှိသူတစ်ဦးက မျက်မြင်သက်သေများကို ကိုးကားပြီး ပြောသည်။
“မိခင်ဖြစ်သူက အိမ်သာသွားတက်နေတဲ့အချိန်မှာ ကလေးတွေက အိမ်ထဲကနေထွက်ပြီးတော့ သူ့မိခင်ဆီကို အပြေးမှာ လေကြောင်းပစ်ခတ်မှုနဲ့ ညားသွားတော့ (တွေ့သွားတော့) မိခင်ရော ကလေးတွေရောပါ အဲ့ဒီနားမှာ တစ်နေရာထဲတင် ပွဲချင်းပြီးဆုံးရှုံးသွားတယ်” ဟု ထိုသူက ပြောသည်။
“မိခင်နဲ့ဆို ၁၀ တောင်၊ ၁၅ တောင်စီ ကလေးတွေ လွှင့်သွားတဲ့အနေအထား။ တချို့တွေဆိုရင်နောက်က ခြံတိုင်မှာ ကပ်သွားတဲ့နေအထားတွေနဲ့ အကုန်လုံးစုစည်းပြီးတော့ လိုက်ကောက်ရတာ”
အဆိုပါအဖြစ်အပျက်က ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်က ချင်းတောင်တန်းပေါ်မှဖြစ်ဖျားခံလာသည့် မြစ်သာမြစ်၏ဘေး၊ စစ်ကိုင်းတိုင်း ကလေးမြို့တောင်ဘက် ၃၅ မိုင်ခန့်အကွာတွင်တည်ရှိသည့်
ကုက္ကိုလ်ရွာဆိုသည့်ရွာလေးမှ မိသားစုဘဝတစ်ခု၏ အဆုံးသတ်ဖြစ်သည်။
ဖခင်နှင့် အကြီးဆုံးသားနှင့်သမီးတို့က လေယာဉ်ဗုံးလာကြဲချိန် တောင်ယာစိုက်ခင်းထဲရောက်နေသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရသည်။
သေဆုံးသူများသည် စစ်တပ်ကိုလက်နက်ကိုင် ဆန့်ကျင်ခဲ့ကြသည့် PDF များမဟုတ်သလို စစ်တပ်ဗုံးကြဲချသည့်နေရာကလည်း လက်နက်ကိုင်တပ်စခန်းတစ်ခုမဟုတ်ခဲ့။ ၎င်းတို့သည် စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် စစ်ပြေးဒုက္ခသည်များသာဖြစ်သည်။
ထိုတိုက်ခိုက်မှုကြောင့် နောက်ထပ် လေးဦးလည်း သေဆုံးခဲ့ရသည်။
သေဆုံးသွားကြသည့် ကလေးသုံးယောက်နှင့် ကိုယ်ဝန်သည်အပါအဝင် လူ ၃၀၀ ခန့်သည် ပြီးခဲ့သည့် သုံးနှစ်ခန့်ကတည်းက စစ်ပြေးဒုက္ခသည်အဖြစ် ကုက္ကိုလ်ရွာသို့ရောက်လာကြသူများဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။
ခိုလှုံနေသူများထဲတွင် စစ်ကောင်စီသင်တန်းပေးသည့် ပျူစောထီး(ပြည်သူ့စစ်) အဖွဲ့ထဲ မဝင်လိုသဖြင့် ထွက်ပြေးလာကြသူများဖြစ်ပြီး အများစုက ကလေးမြို့နှင့် ဂန့်ဂေါမြို့ကြား မြစ်သာမြစ်အနီးအနား ကျေးရွာများမှဖြစ်ကြောင်းသိရသည်။
သေဆုံးသူများအနက် ရုပ်အလောင်းအပီအပြင် ကောက်ယူရရှိသူ နှစ်ဦးသာရှိပြီး အများစုမှာ အစိတ်စိတ် အမွှာမွှာဖြစ်သွားသည့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို တစစီလိုက်လံကောက်ယူခဲ့ရသည်ဟု စစ်ပြေးဒုက္ခသည်စခန်း တာဝန်ရှိသူက ဆိုသည်။
ကုက္ကိုလ်ရွာ စစ်ပြေးဒုက္ခသည်စခန်း
ချင်းပြည်နယ်၊ မကွေးတိုင်းတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့ အများပြား အခြေစိုက်ရာ ကလေးမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများမှသည် လက်နက်ကိုင်ခုခံတော်လှန်ရေးအထိ အားကောင်းသည့် မြို့နယ်ဖြစ်သည်။
ဂန့်ဂေါမြို့နှင့် ကလေးမြို့ကြား မြစ်သာမြစ်ဝန်းကျင်ရှိ ပျူစောထီးများ အားကောင်းသည့် ကျေးရွာတစ်ဒါဇင်နီးပါးမှအပ မြို့နယ်တောင်ပိုင်း နေရာအများစုတွင် တော်လှန်ရေးအင်အားစုက နယ်မြေထိန်းချုပ်စိုးမိုးထားသည်။
လက်နက်ကိုင်တော်လှန်ရေးအစောပိုင်းကာလများတွင် စစ်တပ်က မကြာခဏ စစ်ကြောင်းထိုး စီးနင်း မီးရှို့ကာ ပျူစောထီးအဖွဲ့တွင် ပါဝင်ရန် ဖိအားပေးခဲ့သည်ဟု သိရသည်။
၂၀၂၁ နှစ်ကုန်ပိုင်းက မြစ်သာမြစ်ဝန်းကျင်ရှိ ကျေးရွာများမှနေရပ်စွန့်ခွာလာရသည့် စစ်ရှောင်များမှာ ကုက္ကိုလ်ရွာစာသင် ကျောင်း၌ ကနဦး ခိုလှုံခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကျောင်းဝင်းထဲတွင် ယာယီတဲလေးများ ဆောက်လုပ်နေထိုင်ပြီး အနီးဝန်းကျင်ရွာများတွင် ကောက်စိုက်၊ ပျိုးနှုတ်၊ နေကြာခုတ် အငှားလိုက်ပြီး ရုန်းကန်ရပ်တည်နေကြသည်။
ဇန်နဝါရီ ၃၁ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာ လူနေထူထပ်သည့် စစ်ပြေးဒုက္ခသည်စခန်းဝင်းတွင်းသို့ ကျရောက် ပေါက်ကွဲသည့်အတွက် ထိခိုက်သေဆုံးမှုများပြားခဲ့ရကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများက ဆိုသည်။
စစ်ရှောင်အများအပြား ရှိနေသည့် နေရာ တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဒေသတွင်းကျန်းမာရေး စောင့်ရှောက်မှု နှင့် စစ်ရှောင်ကူညီမှုများလုပ်ဆောင် နေသည့် Mobile Medical Team (MMT West Division) မှ တာဝန်ခံ ဒေါ်ရတီအုန်းက ပြောသည်။
“တစ်ခြံ အိမ်တစ်လုံးနေတာ မဟုတ်ဘဲနဲ့ လွတ်နေတဲ့ နေရာကွက်ကလေးတွေမှာ တဲလေးတွေက တစ်တဲနဲ့ တစ်တဲက တစ်ပေတောင် မဝေးဘူး။ ပလတ်စတစ်၊ သက္ကယ်၊ အင်ဖက်လေးတွေနဲ့ မိုးထားတဲ့ တဲပေါက်စလေးတွေ ပြွတ်သိပ်နေတဲ့ အထဲကို ဒီဗုံးကြီး ကျတာလေ” ဟု သူက ပြောသည်။
ထိုနေ့က တိုက်ခိုက်မှုမှာကြောင့် စစ်ရှောင်တဲအများပြား ပျက်စီးခဲ့ရပြီး ယခင်က စည်ကားခဲ့ရာ စခန်းဝင်းမှာလည်း သုသာန်တစပြင်အလား တိတ်ဆိတ်ခြောက်ကပ်သွားသည်။
“တဲပြွတ်သိပ်လေးထဲကိုကျသွားတော့ သေဆုံးသွားတဲ့ မိသားစုပိုင်တဲ့ တဲလေးက ဘာမှမရှိတော့ဘူး။ လုံးဝမြေ ပြန့်ဖြစ်သွားပြီ။ ဘေးနားက အိမ်။ အိမ်လို့သာပြောရတာနော်၊ အဲ့ဒါတွေကလည်း လွင့်ပျံပျက်စီးလို့” ဟု လေကြောင်းတိုက်ခိုက်မှု အပြီးတွင် ထိုနေရာ ကို ရောက်ရှိခဲ့သည့် ဒေါ်ရတီအုန်းက ပြောသည်။
“ဘယ်လောက် ပြင်းထန်လဲဆိုရင် (မိသားစုလိုက်) ကွယ်လွန်သွားတဲ့အိမ်က အဝတ်အစားတွေ ဆိုရင် ပေ ၃၀ လောက်မြင့်တဲ့ သစ်ပင်ပေါ်မှာ ထဘီတွေလည်းတက်ဆွဲ အဲ့ဒီအပေါ်မှာ ချိတ်လို့”
စစ်တပ်၏ သတင်းထုတ်ပြန်ချက်များတွင် အဆိုပါ တိုက်ခိုက်မှုအကြောင်း ဖော်ပြထားခြင်း မရှိပေ။
စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းစာမျက်နှာတချို့တွင်မူ ကလေးမြို့နယ် တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစု စခန်းများကို လေကြောင်းမှ ဗုံးနှစ်လုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူ များပြားခဲ့သည်ဟု ဖေဖော်ဝါရီ၁ ရက်နေ့က ဖော်ပြသည်။
စစ်ရှောင်များ ခိုလှုံသည့် နေရာတွင် နိုင်ငံရေးသမား သို့မဟုတ် လက်နက်ကိုင် တော်လှန်ရေးသမားလည်း ရှိနေခြင်းကြောင့် စစ်ကောင်စီက ဗုံးကြဲခြင်းလောဟု မေးစရာ ဖြစ်လာသည်။
ထိုဒေသတွင် နေထိုင်သူများကမူ လေကြောင်းတိုက်ခိုက်ခံရသည့်နေရာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် စခန်းလည်းမဟုတ်သလို အခြေချ နေထိုင်ခြင်း လည်းမရှိကြောင်း၊ စစ်ဘေးရှောင်များ ခိုလှုံရာစခန်းသာဖြစ်ကြောင်း ပြောပြကြသည်။
“စခန်းချရအောင် ဒီစစ်ပြေးဒုက္ခသည်စခန်းတောင် ကျပ်လွန်းလို့ နေရာဟိုဘက်နည်းနည်းတိုးပါဦးဆို၊ ဒီလောက်ကျပ် ပြွတ်သိပ်နေတဲ့အနေအထားမှာ ဘယ်တော်လှန်ရေးတပ်သားမှလည်း အခြေမချဘူး။ ဘယ်သူမှလည်းမရှိဘူး” ဟု စစ်ရှောင်အကူညီပေးရေး ထိုစခန်းသို့ သွားရောက်ဖူးသည့် ဒေါ်ရတီအုန်းက ဆိုသည်။
“ကွယ်လွန်ထိခိုက်တဲ့ထဲမှာလည်း ကလေးသူငယ်နဲ့အမျိုးသမီးတွေ ခပ်များများပဲ”
သေဆုံးသူများအနက် အသက် ၅ နှစ်အရွယ် ယောကျာ်းလေး တစ်ဦးပါဝင်ပြီး ကျန်၇ ဦးမှာ အသက် ၈ နှစ်မှ ၄၀ ကြား အမျိုးသမီးများဖြစ်သည်။
ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်ဆိုးကို ကြုံတွေ့ခဲ့ရသည့် ကုက္ကိုလ်ရွာစစ်ပြေးဒုက္ခသည်စခန်းမှ ပြည်သူများမှာ လေကြောင်းအန္တရာယ်ကြောင့် နောက်တစ်ကြိမ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် ကြရပြန်သည်။
“ခုဆိုသူတို့က “ချွတ်”ဆိုအသံကြားရင်ကို အဲ့ဒါ ဝုန်းကနဲ တွေ့တဲ့ နေရာထိုးချတော့တာ။ အဲ့ဒီဒဏ်က တော်တော် လေးဆိုးတယ်။ သူတို့မှာ ညလည်းကောင်းကောင်း မအိပ်နိုင်။ လေယာဉ်သံကြားပြီဆိုရင် ပုန်းရပြီ” ဟု ဒေါ်ရတီအုန်းက ဆိုသည်။
ဒုက္ခသည်စခန်းကို ထိုသို့ တိုက်ခိုက်ခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များသည် နေပြည်တော်တွင် စုဝေးခဲ့ကြပြီး “မတည်ငြိမ်သေးသည့်အခြေအနေကြောင့် နိုင်ငံတော်တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကြေညာခဲ့သည်။
တိုင်းပြည်မငြိမ်းချမ်းသည့်အကြောင်းအရာထဲမှ တစ်ချက်သည် တိုက်ပွဲများဖြစ်ပွားရာဒေသများတွင် နေထိုင်သည့် အရပ်သားများကြောင့်လည်းပါဝင်သည်ဟုလည်း ထိုနေ့အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြစ်တင်ဝေဖန်ခဲ့သည်။
သူလွှတ်လိုက်သည့်လေယာဉ်မှူး၏ တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးခဲ့ရသည့် အကြောင်းကိုမူ စစ်ခေါင်းဆောင်က နှုတ်ဆိတ်နေခဲ့လေသည်။