
ရှမ်း-ကယား (ကရင်နီ) နယ်စပ်အနီး တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မိုးဗြဲမြို့ကို ပြန်သိမ်း ယူရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်နေရာ စစ်တပ် က လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းပစ်ကူများသုံးပြီး တုံ့ပြန်တိုက်ခိုက်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ များက ပြောသည်။
ယခုလအတွင်း ထိတွေ့တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သော်လည်း မိုးဗြဲမြို့အနီးကို စစ်ကောင်စီတပ် က ချဉ်းကပ်နိုင်ခြင်း မရှိသေးဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ မိုးဗြဲကိုလုံးဝဖြတ်လို့မရသေးပါဘူး။ ဖြတ်ဖို့နေနေသာသာ သူတို့တပ်စခန်းရဲ့အပြင်ထိကို ကာကွယ်ရေး တပ်တွေက တိုးချဲ့စစ်ရေးဖော်နေပါတယ်” ဟု ၎င်းက Myanmar Now ကို ယနေ့ ပြောသည်။
မိုးဗြဲမြို့သည် စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ဖယ်ခုံမြို့နှင့် ပြည်နယ်မြို့တော် လွိုင်ကော်မြို့အကြားတွင်တည်ရှိပြီး စစ်ရေးအရ အချက်အချာကျသည့် မြို့ဖြစ်သည်။
လွိုင်ကော်၏ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး ဖယ်ခုံမှ ၁၀ မိုင်ကျော်သာ ကွာဝေး သည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှ စတင်၍ စစ်ကောင်စီသည် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး မြို့စွန် တောင်ဘက် တစ်မိုင်ကျော်ခန့်ရှိ အမှတ် (၄၂၂) ခြေမြန်တပ်ရင်း (အရပ်အခေါ် မိုးဗြဲဆည်အစောင့် တပ်) သို့ ဖယ်ခုံမြို့နယ်မှ တပ်ကူအများအပြား စေလွှတ်ခဲ့သည်။
ထို့ပြင် လွိုင်ကော်မြို့မြောက်ဘက်ရှိ ကုန်းသာရွာမှ တဆင့်လည်း စစ်ကြောင်းများထိုးရန် ကြိုးပမ်းလျက် ရှိသည်။
“သူတို့ရဲ့မူလရည်မှန်းချက်ဖြစ်တဲ့ မိုးဗြဲပြည်ထောင်စုလမ်းမကိုဖြတ်ပြီး လွိုင်ကော်က အင်အားနဲ့ ပူးပေါင်း မယ်။ ပြီးရင် တပ်ကူကင်းမဲ့နေတဲ့ ဖားဆောင်း၊ ဘော်လခဲကို စစ်ကူပို့မယ်ပေါ့” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
မိုးဗြဲကို သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက အပြင်းအထန် ကြိုးပမ်းနေခြင်းကြောင့် နယ်မြေခံ ကာကွယ်ရေး တပ်များက အကောင်းဆုံးပိတ်ဆို့ခုခံထားသည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်ကို ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကိုလည်း တော်လှန်ရေး တပ်ဖွဲ့က ထိန်းချုပ်ထားဆဲဖြစ်သည်။
ထိတွေ့တိုက်ပွဲများအတွင်း နှစ်ဘက်လုံးအကျအဆုံးရှိပြီး စစ်ကောင်စီဘက်မှ ယခုလအတွင်း လက်နက် နှင့်တကွ ထွက်ပြေးလာသည့် ပြည်သူ့စစ်မှုထမ်း ၂၀ ကျော်ရှိသည်ဟုလည်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ရဲဘော် ခန့်ခန့် (၁၈ နှစ်)၊ ရဲဘော် ဉာဏ်ကြီး (၂၄ နှစ်) နှင့် ရဲဘော် ကော်ဘရာ (၂၆ နှစ်) တို့ သေဆုံးခဲ့သည်ဟု ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU) က ဇန်နဝါရီ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။
မိုးဗြဲဆည်အနီးဝန်းကျင် ခမရ- ၄၂၂ အနီးတွင် တိုက်ပွဲဖြစ်နေသော ကြောင့် ထိခိုက်ဒဏ်ရာရသည့် ရဲဘော်များကို ကုသပေးရန်အတွက် ဆေးဝါးနှင့် လောင်စာဆီများ လိုအပ် နေသည်ဟု Mobye PDF Rescue Team ကယ်ဆယ်ရေးအဖွဲ့ကလည်း အကူအညီ တောင်းခံထားသည်။
စစ်ကောင်စီကမူ တိုက်ပွဲများအကြောင်း သတင်းအမှောင်ချထားသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ဖယ်ခုံမြို့နယ်အရှေ့ဘက် နှင့် မိုးဗြဲမြို့အနီးပတ်ဝန်းကျင် ကျေးရွာများတွင် အရပ်သားများထိခိုက်နေသည်။
“တိုက်ပွဲကာလမှာ စစ်ကောင်စီက ရက်တိုင်းနီးပါး လေကြောင်းနဲ့ဗုံးကြဲတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာရှိတယ်။ မိုးဗြဲဆည်အရှေ့ခြမ်းမှာ အရင်တလောက အရပ်သား ၁ ဦးသေတယ်၊ ၃ ဦး ဒဏ်ရာ ရတယ်”ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူးကိုဗညားက ပြောသည်။
ယခုလတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ်အရှေ့ခြမ်း ကျေးရွာ များမှ အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းကရင်နီလူ့အခွင့်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အရပ်သားများ ထိခိုက်ရခြင်းမှာ လွိုင်ကော်နှင့် ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီအခြေစိုက်တပ်များ၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခြေလျင်တပ်ရင်း ၁၀၂ တပ်များက လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဖြစ်သည်ဟု ထိုအဖွဲ့ကဆိုသည်။
ဇန်နဝါရီ ၉ ရက်နေ့တွင်လည်း စစ်ကောင်စီလက်နက်ကြီးကြောင့် လွိုင်ကော်မြို့နယ်၊ အိုင်စန့်ကျေးရွာ တွင်လည်း ၁၂ နှစ်အရွယ် မိန်းကလေး ၂ ဦး သေဆုံးခဲ့ပြီး ငါးလသားအရွယ် ကလေးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။
လတ်တလော တိုက်ပွဲများပြင်းထန်လာသောကြောင့် မိုးဗြဲမြို့ပြင်တွင် ပြန်လည်နေထိုင်သည့် စစ်ရှောင် တချို့လည်း ထပ်မံတိမ်းရှောင်ရသည်ဟု ဒေသခံများက ပြောသည်။
မိုးဗြဲတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ ကရင်နီတပ်မတော်နှင့် NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ် PDF တပ်ရင်း ၈ရင်းနှင့်၊ မြို့ပြတော်လှန်ရေးတပ်ဉီး (Urban Revolutionary Front )တို့ စစ်ရေးလှုပ်ရှားကြသည်။