
စစ်ကိုင်းတိုင်း၊ ကလေးမြို့ထောင်အာဏာပိုင်တို့က နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင် အမျိုးသမီးတချို့ကို ဖုန်းဆက်ကာ ထောင်ကျနေသူ အခွင့်အရေး ရစေမည်ဟု မက်လုံးပေး၍ လိင်ပိုင်း ဆိုင်ရာ နှောင့်ယှက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ထိုအရာရှိများထဲတွင် အောင်မိုးဟိန်းဆိုသူနှင့် ထောင်လုံခြုံရေးတာဝန်ခံ အရာရှိ ဟန်ဝင်းအောင်တို့ ပါဝင်သည်ဟု ဆိုသည်။
ထိုလုပ်ရပ်များကို ရှုတ်ချကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ သတင်းထုတ်ပြန်ထားသည်။
ကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်ကို ထောင်ပိုင်က ဖုန်းဆက်ပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ပြောဆိုခဲ့သည်ဟု ထိုမိသားစုနှင့်နီးစပ်သူတစ်ဦးက ထောင်တွင်း သတင်းရင်းမြစ်များကို ကိုးကား၍ပြောသည်။
“ထောင်ပိုင်ကြီးက သူ့ကို အဘ၊ ဦးလေးလို့ခေါ်တာကို အဲ့လိုမခေါ်နဲ့ ကိုကြီးလို့ …ခေါ်ပါ၊ ပြီးတော့ သူနဲ့ သီးသန့်ချိန်းတွေ့၊ အတူနေပေးရင် အမျိုးသားကိုလည်း လျှော့ရက်တွေရမယ်။ လုပ်ပေးလို့ရတယ်။ အဲ့လို လာပြောသွားတယ်” ”ဟု သူက ဆိုသည်။
“အဲ့လိုအပြောခံရတော့ အရမ်းကြောက်သွားတယ်၊ ရှက်လည်းရှက်တယ်။ တစ်ခါမှလည်း အဲ့လို အပြောမခံရဖူးဘူး”
ထို့ပြင် ထောင်ဝန်ထမ်းတချို့ကလည်း နိုင်ကျဉ်းမိသားစုဝင်အမျိုးသမီးများကို ဆက်သွယ်ကာ ၎င်းတို့အတွက်ပါ ငွေကြေး၊ နာရီ စသည့် အသုံးအဆောင်ပစ္စည်းများ၊ ခရီးစရိတ်များ တောင်းခံနေသည်ဟု PPNM က ဆိုသည်။
ကလေးမြို့ ထောင်အရာရှိများက နိုင်ကျဉ်းမိသားစုဝင်များကို ဆက်သွယ်ပြီး လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်သည့်ဖြစ်စဉ် လေးခုထက်မနည်း သိရှိထားကြောင်း၊ သတင်းရင်းမြစ်များ၏ လုံခြုံရေး အခြေအနေအရ အမည်နှင့် အချိန်ကာလတို့ကို ထုတ်ဖော်ပြောဆိုရန် အခက်အခဲရှိကြောင်း PPNM ဦးဆောင်ကော်မတီဝင်တစ်ဦးလည်းဖြစ်သော ရုံးအဖွဲ့ တာဝန်ခံက ပြောသည်။
ထိုလုပ်ရပ်များကို ရှုတ်ချသည်ဟု PPNM က ဆိုသည်။
“ဒါက လူ့ကျင့်ဝတ်အရရော၊ လူ့အခွင့်အရေးအရရော ချိုးဖောက်နေတာပေါ့။ ကျွန်တော်တို့ အမှန်တရား ကို ဖော်ထုတ်မယ်။ ဒီကာလကြီးမှာတော့ ဖော်ထုတ်လို့မရသေးပေမယ့် မှတ်တမ်းအနေနဲ့ သိမ်းဆည်းထား ပြီးတော့ တရားမျှတမှုကို ဖော်ဆောင်သွားပါမယ်” ဟု PPNM ရုံးအဖွဲ့ တာဝန်ခံက ပြောသည်။
ထိုပြောဆိုချက်များနှင့် ပတ်သက်ပြီး ထောင်အရာရှိများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ကလေးအကျဉ်းထောင်တွင် အကျဉ်းသားဦးရေ ၁၄၀၀ နီးပါးရှိသည့်အနက် နိုင်ငံရေးအကျဉ်းသား ၄၅၀ ဝန်းကျင်ရှိကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီး လေးနှစ်တာအတွင်း နိုင်ငံတဝန်းတွင် ဆန့်ကျင်သူ အများအပြားကို ဖမ်းဆီးခဲ့သည်၊ အများအပြား ပြန်လည်လွတ်မြောက်လာသော်လည်း နိုင်ငံရေးအကျဉ်းသား ၂၁၀၀၀ ကျော် ရှိနေဆဲဖြစ်သည်ဟု ဖမ်းဆီး၊ သတ်ဖြတ်မှုဆိုင်ရာအချက်အလက်များ မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။