သတင်း

စစ်ကိုင်းတိုင်းအထက်ဘက် ရွှေမျောလုပ်ကွက်များ ဗုံးကြဲခံရပြီး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ 

တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေအတွင်း ဒေသခံများနှင့် စစ်ရှောင်များ တပိုင်တနိုင် လုပ်ကိုင်နေသော ရွှေမျောလုပ်ကွက်များကို လေတပ်က နှစ်လဆက်တိုက် သွားရောက် ဗုံးကြဲနေသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ကမ်းဘေးရွှေမှော်လုပ်ကွက်များ ဇန်နဝါရီ ၂၈ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်ခံရပြီး  ထိုနေရာတွင် အလုပ် လုပ်ကိုင်နေသည့် အရပ်သား ၁ ဦးသေဆုံး၊  ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

ဟုမ္မလင်းမြို့နှင့်ဖောင်းပြင်မြို့နယ်အကြား ချင်းတွင်းမြစ်ကမ်း တစ်ဘက်တစ်ချက်တွင် တည်ရှိသော  အိုးဘိုကတောက်ရွာနှင့် နတ်စက်ရွာတို့မှ တပိုင်တနိုင် ရွှေမှော်လုပ်ကွက်များကို ယင်းနေ့ နံနက် ၁၁ နာရီ ဝန်းကျင်တွင်  ဗုံးကြဲခံရခြင်း ဖြစ်သည်။

သေဆုံးသူမှာ ကနီမြို့နယ်၊ နတ်လာဘို့ရွာဇာတိ  အသက် ၂၈ နှစ်အရွယ် ကိုထွန်းနိုင်ဝင်း ဖြစ်သည်၊ ဒဏ်ရာရသွားသူတို့မှာ အသက် ၁၈ နှစ် နှင့် ၄၀ ကြား  အမျိုးသား ၃ ဦး ဖြစ်သည်ဟု သိရသည်။ 

ထိုဒေသဝန်းကျင်တွင် တိုက်ပွဲမရှိဘဲ ဟုမ္မလင်းမှ တက်လာသည့် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် ဗုံးသီး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက  ဆိုကြသည်။ 

ချင်းတွင်းမြစ်အထက်ပိုင်းတွင် ယခင်က ရွှေမျောလုပ်ကိုင်မှုတချို့ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ပိုင်းတွင် ရွှေမျောလုပ်ကိုင်မှု ပိုမိုများပြားလာကြောင်း ဒေသခံများကလည်း ပြောကြသည်။ 

“အဲ့ဒီဘက်ကရွှေမျောက ဟိုအရင်ကတည်းက လုပ်တဲ့နေရာ။ ဒါပေမယ့် ဒီကာလမှာ ပိုပြီး လုပ်လာကြတယ်။ စစ်ဘေးရှောင်တွေများလာပြီးတော့ လုပ်လာကြတာ” ဟု ဟုမ္မလင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ၂၀၂၄  ဒီဇင်ဘာလကလည်း ဖောင်းပြင်နှင့် ဟုမ္မလင်းနယ်စပ်ကြား ရွှေမျောများကို ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၇ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့နောက် တစ်လကျော်အကြာ ချင်းတွင်းမြစ်ကမ်းဘေးရှိ ရွှေမျောလုပ်ကွက်များကို တိုက်ခိုက်လာခြင်းဖြစ်သည်။ 

ရွှေမျောလုပ်ကွက်များတွင် လုပ်ကိုင်သူတို့က မြစ်ချောင်းအတွင်းမှ သဲ၊ ကျောက်တို့ကို တူးဖော်ပြီး ရွှေစများကို ရှာဖွေ၊ စစ်ယူ၊ စုဆောင်းကြသည်။

ဧရာဝတီမြစ်၏ အကြီးဆုံးမြစ်လက်တက်ဖြစ်သော၊ မိုင် ၇၅၀ ကျော်ရှည်လျားသော ချင်းတွင်းမြစ်၏ မြစ်ဖျားပိုင်းဒေသဖြစ်သည့် ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်တို့တွင် ရွှေတူးဖော်မှုများမှာ ယခင်က မြစ်နံဘေးတွင် ပြုလုပ်ရာမှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြစ်အတွင်း ရှာဖွေထုတ်လုပ်ကြသည်အထိ ပိုမို ကျယ်ပြန့်လာကြောင်း ပွင့်လင်းမြင်သာသည့်လူထုလှုပ်ရှားမှုအဖွဲ့ (Citizen Action for Transparency) အဖွဲ့က ၂၀၂၂ မေလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ချင်းတွင်းမြစ်ကမ်းဘေး ရွှေပြည်အေးမြို့ကို တော်လှန်ရေးအင်အားစုက ပြီးခဲ့သည့်နှစ်ကုန်ပိုင်း တည်းက သိမ်းပိုက်ထားပြီး ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ်အတွင်း ကျေးရွာအများစုတွင်လည်း နယ်မြေစိုးမိုးထိန်းချုပ်ထားသည်။ 

ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ကြောင်းတွင် သွားလာသော လှေ၊ သင်္ဘောများတွင် စစ်တပ်၏ လက်နက် ခဲယမ်း၊ ရိက္ခာနှင့် ထောက်ပို့ပစ္စည်းများ သယ်ဆောင်လာတတ်သဖြင့် ဒေသ PDF အဖွဲ့ဝင်များက ကြားဖြတ် တိုက်ခိုက်လေ့ရှိရာ ယခင်က မကြာခဏ တိုက်ပွဲဖြစ်တတ်သည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့မှ ပဋိပက္ခများကြောင့် လူဦးရေ ၃.၅ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လူသားချင်းစာ နာမှုဆိုင်ရာ အကူညီများ လိုအပ် လျက်ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ဇန်နဝါရီ လဆန်း ထုတ်ပြန်သည့်အစီရင်ခံစာအရ သိရသည်။ 

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာပြီး တိုက်ပွဲဖြစ်သည့်နေရာများသာမက အရပ်သားများရှိနိုင်သည့် နေရာတို့ကိုပါ ပစ်မှတ်ထားလာသည်။ 

ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ဒါဇင်နှင့်ချီ သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button