သတင်း

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ကျန်းမာရေး အကူအညီများရပ်

ဒေါ်နယ်ဒ်ထရမ့် ဦးဆောင်သော အမေရိကန်အစိုးရသစ်က ပြည်ပအကူအညီများ ရပ်ဆိုင်းထားခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများနေ ဒုက္ခသည်များမှာ ဒုက္ခထပ်တိုးလာသည်။

ပြည်ပသို့ ကူညီထောက်ပံ့နေမှုများရပ်ထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့် အုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်သည် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်များအပေါ် သက်ရောက်မှုရှိလာပြီး စခန်းများရှိ ဆေးရုံများကို ပိတ်သိမ်းလိုက်သည်ဟု ထိုစခန်းများနေ ဒုက္ခသည်များက ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်း မြန်မာနယ်စပ်နှင့် ၁၂ ကီလိုမီတာအကွာ လူဦးရေ သောင်းနှင့်ချီနေထိုင်သည့် အုန်းပြန့် ဒုက္ခသည်စခန်းဆေးရုံရှိ လူနာများကို အိမ်ပြန်လွှတ်လိုက်ပြီး ဆေးဝါးထောက်ပံ့မှုများ ရပ်ထားသည်ဟု ထိုဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“စခန်းတွေထဲမှာရှိတဲ့ ဆေးရုံတွေ အကုန်လုံးရပ်သွားပြီ” ဟု ၎င်းက ပြောသည်။ 

လတ်တလောတွင် ဒုက္ခသည်စခန်းအတွင်း ကုသမှု ခံယူရမည့်သူများသည် ပုဂ္ဂလိက ဆေးခန်းများသို့ သွားရောက်ခြင်း၊ အိမ်သုံးဆေးဝါးရောင်းချသည့် ဆေးဆိုင်များမှ ဆေးဝါးဝယ်ယူခြင်း စသည့် နည်းလမ်းများဖြင့် ဖြေရှင်းနေရပြီး ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး စိုးရိမ်ရသည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီလိုမျိုးသာ ရပ်တန့်လိုက်မယ်ဆိုရင် စခန်းထဲမှာ တော်တော်များများ ပြဿနာ အခက်အခဲတွေနဲ့ ကြုံနိုင်တယ်။ ဒီကျန်းမာရေးတင်မဟုတ်ဘူး။ စားနပ်ရိက္ခာပိုင်းရော၊ သောက်သုံးရေသုံးစွဲတဲ့ အပိုင်းရော ရပ်တန့်လိုက်ရင်တော့ စခန်းတွေထဲမှာကြီးမားတဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်တွင် အုန်းပြန့်၊ မယ်လ၊ နို့ဖိုး  အပါအဝင် ဒုက္ခသည်စခန်း ၉ ခု ရှိပြီး နိုင်ငံတကာ အကူအညီပေးရေး ကော်မတီ (IRC-International Rescue Committee) က ကျန်းမာရေး၊ သောက်သုံးရေနှင့် စခန်းသန့်ရှင်းရေး လုပ်ငန်းများကို အဓိက အကူအညီပေးနေသည်။

ထောက်ပံ့ရေးနှင့် ကူညီရေးအစီအစဉ်များ၊ ချေးငွေများရပ်ထားရန် အမေရိကန်သမ္မတသစ် အုပ်ချုပ်ရေးအဖွဲ့က  ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် IRC ၏ လုပ်ငန်းများ ရပ်သွားရာ မြန်မာဒုက္ခသည်များကိုပါ ရိုက်ခတ်လာခြင်းဖြစ်သည်။

“ခုလောလောဆယ် ကျန်းမာရေးကို ရပ်တန့်လိုက်တာကတော့ အရမ်းကြီးမားတဲ့ ပြဿနာတစ်ခုပေါ့။ နောက်ဆက်တွဲ ပြသနာတွေ ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်တယ်။ ဆေးရုံကလဲမရှိ ရေပါ မရှိတော့ရင် တော်တော်ကိုခက်ခဲပြီ” ဟုလည်း အထက်ပါ ဒုက္ခသည်အမျိုးသမီးက ပြောသည်။

အလားတူ ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင် ခရိုင်အတွင်းဖွင့်ထားသည့် ကရင်နီဒုက္ခသည်စခန်း (၁)ရှိ ဆေးပေးခန်းကိုလည်း ယနေ့(ဇန်နဝါရီ ၂၈ရက်) နံနက်ပိုင်းတွင် ပိတ်သိမ်းလိုက်ရသည်ဟု ကန္တာရဝတီတိုင်း (မ်) သတင်းဌာန သတင်းတစ်ပုဒ်တွင်  ဖော်ပြထားသည်။

ထိုဆေးခန်းတွင် ပြင်ပလူနာ ၇၀ ဝန်းကျင်နှင့် အတွင်း လူနာ ၇ ဦး ဆေးကုသမှုခံယူနေပြီး ထိုနေရာတွင် ဆက်လက်ပြီး ကုသမှုခံယူနိုင်ခြင်း မရှိတော့ကြောင်း သတင်းတွင် ရေးထားသည်။ အလားတူ  IRC ကူညီမှုဖြင့်   ဒုက္ခသည် အချို့  ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ဆေးရုံတွင် ကုသမှု ခံယူမည့် အစီအစဉ်လည်း ထိခိုက်မှုရှိသည်ဟု ကန္တာရဝတီတိုင်း (မ်)က ဆက်လက်ဖော်ပြသည်။

ထို့အပြင် ဒုက္ခသည်ခေါ်ယူရေးအစီအစဉ်ကိုပါ ဆိုင်းငံ့လိုက်ခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင်နေထိုင်ပြီး အမေရိကန်ပြည်ထောင်စုသို့ သွားရန် စောင့်ဆိုင်းနေသည့် ဒုက္ခသည်များပါ ခရီးစဉ် ကမောက်ကမ ဖြစ်သွားသည်။

အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာခွင့်ရရှိထားသည့် အုန်းပြန့် ဒုက္ခသည်စခန်းရှိ  အိမ်ထောင်စု ၈ စု မှ လူဦးရေ ၂၀ ကျော်၏ ထွက်ခွာခွင့်ကိုလည်း ဖျက်သိမ်းလိုက်သည်ဟု ဒေသတွင်း သတင်းဌာန Karen Information Center – KIC က ရေးသားထားသည်။

သမ္မတသစ်က ပြည်ပသို့ ကူညီထောက်ပံ့မှုလုပ်ငန်းများကို စိစစ်သုံးသပ်ရန် လုပ်ငန်းများ ရက် ၉၀ ရပ်ထားရန် အမိန့်ပေးထားသည်။

သမ္မတရုံး စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်ဌာနမှ သမ္မတရုံးအမှုဆောင်ဌာနများနှင့် အေဂျင်စီများသို့ ပေးပို့သည့် ညွှန်ကြားစာတွင် ထောက်ပံ့ရေးအကူအညီများရပ်မည့် အစီအစဉ်သည် ယနေ့ (ဇန်နဝါရီ ၂၈ရက်) အမေရိကန်စံတော်ချိန် ညနေ ၅ နာရီတွင် စတင်အသက်ဝင်မည်ဟု 

အမေရိကန်အခြေစိုက် ဝါရှင်တန်ပို့စ်ကဖော်ပြသည့် သတင်းတစ်ပုဒ်တွင်  ဖော်ပြထားသည်။

ထိုညွှန်ကြားချက်တွင် ၂၀၂၄ခုနှစ် ဘဏ္ဍာနှစ်အတွင်း အမေရိကန်အစိုးရ သုံးစွဲခဲ့သည့် ဒေါ်လာ ၁၀ ထရီလီယံနီးပါးထဲမှ ၃ ထရီလီယံသည် ထောက်ပံ့ရေး အစီအစဉ်များအတွက် သုံးစွဲခဲ့သည်ဟု ဆိုသည်။ ထိုသုံးစွဲခဲ့သည့် အသုံးစရိတ်များသည် အမေရိကန်ပြည်သူများ၏ ဆန္ဒနှင့် ကိုက်ညီစေရန် တာဝန်ရှိသည်ဟုလည်း ဖော်ပြထားသည်။

အမေရိကန်က ကူညီခဲ့သော အကူအညီအချို့သည် အခွန်ငွေပေးသည့် အမေရိကန်ပြည်သူများ၏ နေ့စဉ်ဘဝများကို တိုးတက်မှုမရှိဘဲ ဒေါ်လာများသာ အလဟသ ဖြစ်စေခဲ့သည်ဟုလည်း ညွှန်ကြားစာတွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button