သတင်း

ကျောက်မဲမြို့ပေါ်  လေတပ်က ၂ ရက် ဗုံးကြဲ၊ သေဆုံးသူ ၄ ဦးရှိ 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ ဆေးရုံ၊ ညစျေးတန်းတို့မှာ စစ်ကောင်စီလေတပ်၏ ပစ်မှတ်များ ဖြစ်သွားပြီး ထိခိုက်သူများထဲတွင် အရပ်သားများ ပါဝင်နေသည်။

တအာင်းတပ် (TNLA ) ထိန်းချုပ်သည့်  ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကို ဇန်နဝါရီ ၂၅ နှင့် ၂၇ ရက်နေ့တို့တွင် လေတပ်က ဗုံးကြဲခဲ့ရာ  သူနာပြု ဆရာမတစ်ဦး အပါအဝင် အနည်းဆုံး ၄ ဦး သေဆုံးပြီး ကျန်းမာရေးဝန်ထမ်းများ၊ လူနာများအပါအဝင် ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်။  

ယနေ့  (ဇန်နဝါရီ ၂၇) မွန်းလွဲ ၂ နာရီကျော်ခန့်တွင် လူစည်ကားရာနေရာဖြစ်သည့် ကျောက်မဲမြို့ မြို့တော်ခန်းမအနီးရှိ ညဈေးတန်းနှင့် ခရိုင်ရုံးတို့တွင်  ဗုံး ၂ လုံးစီ ကျရောက်ပေါက်ကွဲခဲ့သည်။

ညဈေးအတွက် ကြိုတင်ပြင်ဆင်ကာ ဆိုင်ခင်းနေကြသူများနှင့် စည်ကားနေချိန်  တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး၊ လူအများဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြရသည်ဟု မြို့ခံတချို့ထံက သိရသည်။

ကျောက်မဲမြို့ကို စီမံအုပ်ချုပ်နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ကျောက်မဲမြို့ ညဈေးတန်းနှင့် ခရိုင်ရုံးတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရကြောင်း၊ ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် သတင်းထုတ်ပြန်သည်။

အွန်လိုင်းလူမှုကွန်ရက်တွင် ဖြန့်ဝေထားသည့် ရုပ်သံတစ်ခုတွင် အဆောက်အအုံတချို့ ဗုံးထိမှန် ပျက်စီးထားသည်ကိုတွေ့ရပြီး ထိုအဆောက်အအုံများရှေ့တွင်  ကယ်ဆယ်ရေးသမားများ ကူညီ ဆောင်ရွက်နေကြသည်ကို မြင်တွေ့ရသည်။

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ  ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရကြောင်း TNLA က ဆိုသည်။ 

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေသောကြောင့် လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။ ထိုရပ်ကွက်မှ နေအိမ် ၅ လုံး ပျက်စီးသွားကြောင်း ပါရှိသည်။

ဇူလိုင် ၃ ရက်က ကျောက်မဲမြို့ပေါ် ဈေးတစ်ခုအတွင်း လုံခြုံရေးယူထားသည့် TNLA တပ်ဖွဲ့ဝင် တစ်ဦး။ (ဓာတ်ပုံ-AFP)

ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့က  ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကို လေကြောင်းမှ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခံရပြီး CDM သူနာပြု ဆရာမတစ်ဦး အပါအဝင် ၃ ဦး သေဆုံးကာ ကျန်းမာရေး ဝန်ထမ်းများ၊ လူနာများအပါအဝင် ၂၀ ခန့်  ဒဏ်ရာရသွားသည်ဟု သိရသည်။  

“ဗုံးကြဲတာ ဆေးရုံပေါ်တိုက်ရိုက်ကျတယ်။ ၁း၂၅ မှာ နှစ်လုံး ၁း၂၉ မှာ နောက်တစ်လုံး။ ဆေးရုံ ခွဲစိတ်ဆောင်နဲ့ ကလေးဆောင်ကို တည့်ထိပါတယ်။ ထိခိုက်ပျက်စီးမှုက ဆေးရုံဝန်း တစ်ဝန်းလုံးပါပဲ။ ( ဗုံးကြဲခံရတဲ့) အဲ့ဒီနေ့က ဆေးရုံမှာ လူနာတွေများတယ်” ဟု ကျောက်မဲဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ 
“ ဆေးရုံမှာ (TNLA) တပ်စွဲထားတာတော့မရှိဘူး။ ဆေးရုံက လူပေါင်းစုံကုပေးတယ်။  ဆေးရုံတက်လူနာ တွေထဲမှာ TNLA အနည်းနဲ့အများတော့ ရှိလောက်မယ်။ အများကြီးတော့ မပါလောက်ဘူး။ ပထမ ၂ လုံးကြဲတော့ လေယာဉ်သံမကြားရဘူး၊ ဘာလို့လဲဆိုတော့ ဆေးရုံကမြို့အဝင်မှာရှိတာလေ။ နောက် ၁ လုံးမှ မြို့ခံတွေကြားရတာ။ ပေါက်ကွဲသံကြားရတယ် တုန်ခါမှုက တစ်မြို့လုံးပဲ”

ဗုံးကျရောက်ပေါက်ကွဲပြီးနောက် မြင်တွေ့ရသော ကျောက်မဲဆေးရုံ အတွင်းပိုင်းမြင်ကွင်း။ (ဓာတ်ပုံ- TNLA)

ကျောက်မဲဒေသခံ နောက်တစ်ဦးက ဆေးရုံကို ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲသည်ဟု ဆိုသည်။​

“အားလုံး‌ပေါင်း ၂၃ယောက်ထိတယ်။ အဲ့ထဲမှာ  ၃ယောက်သေဆုံးတယ်။  ဆရာမကတော့ ၃ ယောက် ထိတယ်။ တစ်ယောက်ကတော့ ဆုံးသွားပြီ။ နောက်ထပ်သူနာပြုအကူတစ်ဦး ဆုံးတယ်။ တစ်ယောက် ကတော့ ရှပ်ထိတယ်။ ဒဏ်ရာရသူ ၂၀ ဦး ရှိတယ်” ဟု သူက ဆိုသည်။ 

“ ပြင်းထန်ဒဏ်ရာ ၃ယောက်ရှိတယ်။ နှစ်ယောက်က လားရှိုးဆေးရုံကိုပို့ထားတယ်။ တစ်ယောက် ကတော့ သိပ်အခြေအနေမကောင်းဘူး။   ကျန်တဲ့သူတွေကတော့ ဒဏ်ရာမပြင်းဘူး”  

သို့ရာတွင် ဒဏ်ရာရ လူနာများ ပို့ဆောင်ရေး ခက်ခဲကြောင်း ထိုသူက ဆက်ပြောသည်။

“ သီပေါနားမှာ ည ၆ မနက် ၆ လမ်းကြောပိတ်ထားတယ်။ ၃ လ လောက်ရှိပြီ။  အဝင်အထွက် မလုပ်ရ လို့ သွားလာရေးခက်ခဲတယ်။ လူကြီးအထက်အမိန့်လို့ပြောတယ်။ လူနာအရေးကြီးရင်လည်း မလွှတ် ပေးဘူး။ အခက်ခဲပေါင်းများစွာကြုံနေရတယ်။ နောက်ပိုင်း  (ညနေ) ၃ နာရီကျော်ရင် ကျွန်တော်တို့လည်း ဘယ်မှမထွက်တော့ဘူး” ဟု ထိုသူက လူမှုရေးအသင်းများကို ကိုးကား၍ ပြောသည်။

အဆိုပါဆေးရုံတွင် TNLA တပ်ဖွဲ့ဝင် အနည်းငယ် တွေ့ဖူးကြောင်း ထိုသူက ဆက်ပြောသည်။

“ဖြတ်သွားဖြတ်လာ ခါတိုင်း တစ်ယောက်စ နှစ်ယောက်စတော့ အစောင့်တွေ့တယ်။ သူတို့ ကင်းစောင့် တဲ့အနေအထားလားတော့မသိဘူး” ဟု သူ ဆိုသည်။ 

မြို့ခံအများစု တိမ်းရှောင်နေကြသဖြင့် ကျောက်မဲဆေးရုံတွင် လူနာများများစားစား မရှိကြောင်း ၎င်းက ဆက်ပြောသည်။ 

TNLA က   လူအများအပြားကို ထိခိုက်စေသည့် ဆေးရုံကို ဗုံးကြဲချမှုအတွက် စစ်ကောင်စီလုပ်ရပ်ကို   ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီက TNLA ၏ ထုတ်ပြန်ချက်ကို တုံ့ပြန်ခြင်း မရှိသေးသလို ထိုတိုက်ခိုက်မှုအကြောင်းကို လည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

TNLA ၏ ထုတ်ပြန်ချက်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃၀  ညနေတွင်   စစ်လေယာဉ်တစ်စီးက ကျောက်မဲမြို့၊ အင်ကြင်းတောင် ရပ်ကွက်ကို ဗုံးချ ခဲ့ရာ ပြင်းထန်သောပေါက်ကွဲမှုကြောင့် ဒေသခံ ၁၀ ဦး သေဆုံးပြီး ဒဏ်ရာ ရသူ ၂၀ ခန့် ရှိသည်ဟု TNLA က ထုတ်ပြန်ခဲ့သည်။

ထိုစဉ်က ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ အများစု တစစီဖြစ်သွားရာ  ရုပ်အလောင်း ၆ လောင်းခန့် သာ ကောက်ယူနိုင်ခဲ့သည်။ 

၂၀၂၄ ဇွန် ၂၅ ရက်မှစတင်သည့် တစ်ကျော့ပြန် “၁၀၂၇ စစ်ဆင်ရေး” တွင် တအောင်း/ပလောင်တပ် TNLA က  ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်တပ်ရင်း နှစ်ခုကို သိမ်းပိုက်လိုက်အပြီး ဩဂုတ် ၆ ရက်တွင် မြို့တစ်ခုလုံးကို အလုံးစုံထိန်းချုပ်ခဲ့သည်။

ခရိုင်ရုံးစိုက်သည့် ကျောက်မဲခရိုင်တွင် မြို့နယ် ၆ မြို့ရှိသည့်အနက် ကျောက်မဲ၊ နောင်ချို၊ နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့နယ်တို့ကိုလည်း TNLAက သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

ယခုရက်ပိုင်း ကျောက်မဲမြို့တိုက်ခိုက်မှုမတိုင်မီ ဇန်နဝါရီ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင်  နောင်ချိုမြို့ပေါ် ကို  လေတပ်က ၂ ရက်ဆက်တိုက်  ဗုံး ၂ လုံးစီ ကြဲမှုကြောင့် အရပ်သား ၉ ဦး သေဆုံးခဲ့သည်။

ရဲစခန်းနှင့် ပါရမီလက်ဖက်ရည်ဆိုင်အနီး  ဗုံးကျသလို စည်ပင်ရုံးနှင့် ထွေအုပ်ရုံးဝန်းကျင်ကို  ဗုံးကြဲခဲ့မှု များအတွင်း နေအိမ်များနှင့် အဆောက်အုံတချို့ ပျက်စီးခဲ့သည်။ 

TNLA, AA, MNDAA တို့ ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ “ ၁၀၂၇ စစ်ဆင်ရေး”အတွင်း ရှမ်းမြောက်ဒေသတစ်ခုလုံးနီးပါး စစ်ကောင်စီက လက်လွှတ်ခဲ့ရသည်။

လားရှိုးမြို့ကိုထိန်းချုပ်ထားသည့် MNDAA သည်  တရုတ်နိုင်ငံ၏ ဖိအားပေး စေ့စပ်မှုကြောင့် ဇန်နဝါရီ ၁၈ ရက်နေ့တွင် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူလိုက်သည်။

ထို့နောက် စစ်ကောင်စီသည် TNLA ၏ နယ်မြေများကို လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်လာရာ သေဆုံးသူ ၁၃ ဦးထက်မနည်း ရှိလာသည်။

Show More

Related Articles

Back to top button