သတင်း

တစ်လကျော်ကြာထိုးစစ်ဆင်ပြီး ကျောက်မဲမြို့ကို TNLA သိမ်းပိုက် 

ရှမ်းမြောက်ဒေသ ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်သား ၁၀၀ ကျော် ရှမ်းတောင်ဒေသသို့ ဆုတ်ခွာသွားရာ တအောင်း/ပလောင်တပ် TNLA က မြို့ကို အလုံးစုံ ထိန်းချုပ်လိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ  စစ်ကောင်စီတပ်မှ လက်ကျန် တပ်ဖွဲ့ဝင် ၁၀၀ ကျော်က ၎င်းတို့ မိသားစုဝင်များကို ခေါ်ဆောင်ကာ ရှမ်းပြည် နယ်တောင်ပိုင်းသို့ ဆုတ်ခွာသွားသဖြင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က မြို့ကို ယနေ့ (ဩဂုတ် ၆) နံနက်ပိုင်းတွင် အလုံးစုံထိန်းချုပ်လိုက်သည်ဟု  သိရသည်။

ဇွန် ၂၅ ရက်မှစတင်သည့် တစ်ကျော့ပြန် “၁၀၂၇ စစ်ဆင်ရေး”   တွင် တအောင်း/ပလောင်တပ် TNLA က ရှမ်းမြောက်ဒေသအတွင်း စတုတ္ထမြောက်မြို့ ရသွားခြင်း ဖြစ်သည်။ 

ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်တပ်ရင်း နှစ်ခုကို သိမ်းပိုက်လိုက်အပြီး မြို့တစ်ခုလုံးကို အလုံးစုံထိန်းချုပ်လိုက်ခြင်း ဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်များက ပြောကြသည်။

ဇွန်လကုန်ကတည်းက ကျောက်မဲမြို့ နေရာအများအပြားကို TNLA က ထိန်းချုပ်ခဲ့ပြီးနောက် မြို့မြောက်ဘက် နှစ်မိုင် ခန့်အကွာ တစ်ဆက်တည်းရှိသော ခြေမြန်တပ်ရင်းများဖြစ်ကြသည့် ၅၀၁၊ ၅၀၂ ဌာနချုပ်တပ်ရင်း များ၊အမှတ် ၁ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁ ) တို့ကို တစ်လအကြာ ပိတ်ဆို့ဖြတ်တောက်ခဲ့သည်။

TNLAက  လက်နက်မချသည့် ထိုတပ်ရင်းများကို ဩဂုတ်လဆန်းတွင် အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည်၊ ယမန်နေ့ ညသန်းခေါင်ယံတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိုစခန်းများမှ ဆုတ်ခွာသွားခဲ့ကြခြင်း ဖြစ်သည်ဟု  TNLA နှင့် နီးစပ်သည့် မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက  ပြောသည်။

“သူတို့ တပ်ကျခါနီးထိ ဂျက်ဖိုက်တာနဲ့ ပစ်ကူပေးနေသေးတယ်။ စကခ-၁ အခြေစိုက်တဲ့ တပ်စခန်းကြီးဖြစ်တော့ တင့်ကားအပါ အဆင့်မြင့်လက်နက်တွေ သိမ်းနိုင်တယ်လို့ သိရတယ်။ တပ်နယ်မြေကျယ်တယ်။ နယ်မြေ ရှင်းလင်းရေးဝင်နေပါပြီ” ဟု ၎င်းက ပြောသည်။

ဆုတ်ခွာသွားသည့်  စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အခြေအနေ  အသေးစိတ်ကိုသိရှိနိုင်ရန် Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

ကျောက်မဲမြို့သည်  မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး အတွက် အဓိကကျသည့် မန္တလေး-မူဆယ်လမ်းပေါ်တွင် တည်ရှိသည်။ ထိုလမ်းကြောင်းပေါ်ရှိ မြို့များအားလုံးနီးပါးကို မြောက်ပိုင်းမဟာမိတ်များက သိမ်းပိုက်ထိန်းချုပ်ထားရာ စစ်ကောင်စီလက်အောက်တွင် ကျောက်မဲနှင့် လားရှိုးမြို့အကြားရှိ သီပေါမြို့နယ်သာ ကျန်ရှိတော့သည်။ 

ခရိုင်ရုံးစိုက်သည့် ကျောက်မဲခရိုင်တွင် မြို့နယ် (၆)မြို့ရှိသည့်အနက် ကျောက်မဲ၊ နောင်ချို၊ နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့နယ်တို့ကိုလည်း TNLAက သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သည်။ 

ကျောက်မဲမြို့ပေါ် ဖုန်းဆက်သွယ်ရေးလိုင်းများနှင့် လျှပ်စစ်မီး ပြတ်တောက်နေဆဲ ဖြစ်ကြောင်း မြို့ခံတချို့ထံမှ သိရသည်။

ယနေ့နံနက်တွင် ကျောက်မဲမြို့ပေါ် နံနက်ခင်းစျေးများ ပုံမှန်ဖွင့်လှစ်ထားပြီး  လမ်းပေါ်တွင် ဒေသခံတို့  သွားလာလှုပ်ရှားနေကြောင်း သိရသည်။

TNLA ၏ ဇူလိုင် ၁၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဇူလိုင်လဆန်းကတည်းက မြို့ပေါ်တွင် TNLA အုပ်ချုပ်ရေး စတင်လည်ပတ်နေသည်၊ စစ်ကောင်စီ သတင်းပေးဟု ယူဆရသူတချို့အပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲမှု၊  တရားမဝင်လက်နက်ကိုင် ဆောင်မှု၊  နေအိမ်ဖောက်ထွင်းမှု သံသယတရားခံ ၁၈၀ ကို ဖမ်းဆီးထားသည်ဟု ဖော်ပြထားသည်။ 

ဇူလိုင် တတိယပတ်တွင် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်က ရှမ်းပြည်နယ်တောင် ပိုင်းမှ စစ်ကူအင်အား ၃၀၀ ကျော် စေလွှတ်ခဲ့သော်လည်း ကြားဖြတ်ချေမှုန်းခံထား ရသည်။

ကျောက်မဲ ခံစစ်ကို ကွပ်ကဲခဲ့သူမှာ စစ်ကောင်စီ၏ စကခ-၁ ဒုတိယ ဌာနချုပ်မှူး ဗိုလ်မှူးကြီးအောင်ခိုင်မိုး ဖြစ်သည်၊ ဌာနချုပ်မှူး  ဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုမူ ကိုးကန့် တပ်(MNDAA)က လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အတွင်း ဖမ်းဆီးရမိထားသည်။ 

ကျောက်မဲမြို့တွင် ပြင်းထန်သည့် တိုက်ပွဲအတွင်း လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့်  မြို့ခံများ သေဆုံးခဲ့ရာတွင် ဇူလိုင် ၁၈ ရက်အထိ သေဆုံးသူပေါင်း ၇၀ ခန့်ရှိနေပြီဖြစ်သည်ဟု နမ့်ခုံးပရဟိတအသင်း၏ အချက်အလက်များအရ သိရသည်။

“၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း” တွင် TNLAနှင့် ပူးပေါင်းတပ်များက ကျောက်မဲမြို့နယ်နှင့် တစ်ဆက်တည်းရှိသည့် မြို့မြောက်ဘက် နောင်ချိုမြို့၊ မြို့တောင်ဘက် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့ကို သိမ်းပိုက်အပြီး ကျောက်မဲမြို့သည် TNLA သိမ်းပိုက်လိုက်သည့် ၁၁ ခု မြောက်မြို့ဖြစ်လာသည်။

Show More

Related Articles

Back to top button