သတင်း

ကျောက်မဲမြို့ လက်မလွှတ်ရရေး စစ်ကောင်စီတပ်စစ်ကူ ၃၀၀ ကျော် ရောက်ရှိလာ

ဇွန်လကုန်တည်းက TNLA က ဝင်ရောက်နေရာယူထားသော ကျောက်မဲမြို့ကို ပြန်လည်ရရှိရေးနှင့် ပိတ်ဆို့ခံထား ရသည့် စကခ-၁၊ ခမရ ၂ တပ်တို့ကို စစ်ကူရန် စစ်ကား အစီး ၃၀ ကျော်၊ ဟောင်ဝစ်ဇာအမြောက်များဖြင့် မြို့၏ တစ်မိုင်ကျော်ကွာအထိ ရောက်လာကြသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ထိုးစစ်များအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့အနီး ယမန်နေ့ (ဇူလိုင် ၁၈ )တွင်  စစ်ကောင်စီတပ်ကူ အင်အား ၃၀၀ ကျော် ရောက်ရှိလာကြောင်း ဒေသခံများက ပြောကြသည်။

စစ်ကား အစီး ၃၀ ကျော် ၊ ဟောင်ဝစ်ဇာအမြောက် နှစ်လက်လည်းပါဝင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက် မြို့မှ စစ်ကူလာသော အင်အား ၃၀၀ ဝန်းကျင် စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ကျောက်မဲမြို့အရှေ့တောင်ဘက် တစ်မိုင်ကျော်အကွာ ဇောတိကုန်း၊ နောင်ပိန်လေးနှင့် ကျွဲကုန်း စသည့်ကျေးရွာ များအနီး ရောက်ရှိလာခြင်း ဖြစ်သည်ဟု သိရသည်။ 

ထိုစစ်ကူစစ်ကြောင်းများရောက်ရှိလာပြီး အချိန်သိပ်မကြာခင်မှာပင် TNLA က လာရောက်တိုက်ခိုက်ရာ ည ၁၀ နာရီကျော်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု မြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ယနေ့ မွန်းတည့်ချိန်က ပြောသည်။

“ လက်နက်ကြီး လက်နက်ငယ် အသံတွေကြားတယ်လေ မီးအလင်းတန်းတွေလည်း မြင်နေရတယ်။ ဇောတိကုန်း တော့ မြို့နဲ့ ပိုနီးတော့ အသံပိုကျယ်တယ်။ ဒရုန်းတွေ၊ ဟောင်ဝေဇာတွေလည်း သုံးတယ်” ဟု ထိုသူက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က မြို့နှင့် အနီးဆုံးဖြစ်သည့် ဇောတိကုန်းကျေးရွာတွင် ရောက်ရှိနေပြီး စစ်ကူများ မြို့တွင်း မဝင်နိုင်အောင် TNLA သည် ဇောတိကကုန်းရွာနှင့် ကပ်လျက်  သံပေါင်းကျေးရွာနှင့် မြို့ပတ်လည်တွင် နေရာယူ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေသည်။

ယမန်နေ့ ညသန်းခေါင်ယံတွင်လည်း ဇောတိကုန်းကျေးရွာ၊ ကျောက်မဲမြို့တိုးဂိတ်နှင့် မြို့ပေါ်နေရာတချို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။

ကျောက်မဲ တိုးဂိတ်နှင့် အေးရှားလ်ဝေါလ်လမ်းတံတားဂိတ်အနီး စစ်ကူဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ဘက်ကလည်း ယမန်နေ့ညတွင်းချင်း ထုတ်ပြန်ထားသည်။

ယာဉ် အစီး ၃၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းသည် နောင်ချိုမြို့ တောင်ခမ်းအမြောက်တပ်မှ ကျောက်မဲ- နောင် ပိန်လမ်းခွဲဖြင့် ကျောက်မဲမြို့တွင်း တိုက်ရိုက်ဝင်ရောက်ခြင်းမပြုဘဲ သံပေါင်းကျေးရွာဘက်မှ လမ်းကြောင်းကွင်း ကာ ဇောတိကုန်းကျေးရွာဘက်မှ မြို့တွင်းဝင်ရောက်ရန် ကြိုးစားနေကြောင်း TNLA နှင့် နီးစပ်သည့် စစ်ရေး သတင်းရင်းမြစ်တစ်ဦးကလည်း ဆိုသည်။

-ယနေ့နံနက် ၅ နာရီခွဲက တွေ့ရသော ကျောက်မဲမြို့ဈေး ။ (ဓာတ်ပုံ- Thaungpaw Tharlay)

ထိုလမ်းကြောင်းပေါ်ရှိ ကျောက်မဲ-နောင်ပိန်လမ်းခွဲတွင် ယခုလဆန်းက TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (ကျောက်မဲခရိုင်) တို့ တပ်စခန်းတစ်ခုကို ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဝင်ရောက်သိမ်းပိုက်ပြီး ပြန်တပ်စွဲထားရာ အဆိုပါစစ်ကောင်စီယာဉ်တန်းများကို ဖြတ်ကျော်ခွင့်ပေးခဲ့ကြောင်း အထက်ပါ စစ်ရေးသတင်း ရင်းမြစ်က ပြောသည်။ 

လက်ရှိတွင် စစ်ကောင်စီက မြို့တွင်းဝင်ရောက်ရန် နေရာယူထားသည့် မြို့အရှေ့တောင်ဘက် ဇောတိကုန်း၊ နောင်ပိန်လေးနှင့် ကျွဲကုန်း ကျေးရွာတို့သည် SSPP/SSA အဓိက လှုပ်ရှားရာနယ်မြေများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုစွပ်စွဲချက်နှင့်ပတ်သက်၍ SSPP ၏ တုံ့ပြန်ချက်ရရှိရန် Myanmar Now က ကြိုးပမ်းနေဆဲဖြစ်သည်။ 

ယနေ့နံနက်တွင်မူ နှစ်ဖက် တိုက်ပွဲရပ်နေပြီး ကျောက်မဲမြို့ပေါ် နံနက်စျေး ဖွင့်လှစ်ခဲ့ပြီး မြို့ပေါ် ဒေသခံ သွားလာ လှုပ်ရှားမှုများ ရှိနေကာ မွန်းတည့်ချိန် ၁၂ နာရီအထိ ပစ်ခတ်သံများ မကြားရသေးကြောင်း မြို့ခံများထံမှ သိရ သည်။

လတ်တလောတွင် ကျောက်မဲမြို့နေ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော် ပြန်လည်ဝင်ရောက်နေထိုင်နေပြီး TNLA က မြို့ပေါ် အုပ်ချုပ်ရေးလုပ်ငန်းများလည်း စတင်ဖော်ဆောင်နေသည်။

ကျောက်မဲမြို့ပေါ်က စစ်ကောင်စီ သတင်းပေးအပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေသူ၊ တရားမဝင် လက်နက်ကိုင်ဆောင်သူနှင့် နေအိမ်ဖောက်ထွင်းသူ တရားခံ ၁၈၀ ဦးကို ဖမ်းဆီးထားကြောင်း TNLA က ဇူလိုင် ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်သည့် ဇွန်လကုန်ပိုင်းတွင် ကျောက်မဲမြို့ပေါ်ကို TNLA က ထိန်းချုပ်နိုင်ခဲ့ပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် မြို့နှင့် ၂ မိုင်အကွာက စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁ နှင့် ခြေမြန် တပ်ရင်း ခမရ-၅၀၁၊ ခမရ-၅၀၂ တပ်စခန်းတို့ကို ဝိုင်းပတ်ပိတ်ဆို့ထားကာ ဇူလိုင် ၁၀ ရက်တွင် နောင်ချိုမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

Show More

Related Articles

Back to top button